သြဂုတ်လ ၂၃ ရက် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, DIBYANGSHU SARKAR
ကလေး ငါးသိန်း ပညာသင်ကြားနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်
ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေး ငါးသိန်းဟာ ပညာသင်ကြား နိုင်တဲ့ အခွင့် အရေး ဆုံးရှုံး မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတယ်လို့ ကုလသမဂ္ဂ ကလေး သူငယ်များဆိုင်ရာ အဖွဲ့ ယူနီဆက်က ထုတ်ပြန်ပါတယ်။
ဒုက္ခသည် စခန်းတွေမှာ ကလေးငယ် တသိန်း လေးသောင်း လောက်ပဲ ပညာသင်ကြား နိုင်သေးတယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ စာသင်ရာမှာလည်း စာသင်ခန်းတွေ ပြည့်ကြပ် နေတာ၊ အားလုံး သဘောတူ သတ်မှတ်ထားတဲ့ သင်ရိုး ညွှန်းတမ်းတွေ သင်ကြားခွင့် မရတာတွေနဲ့ ရင်ဆိုင် နေရတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
ထောင်ကျဖူးသူနဲ့ အိမ်တွင်း အကြမ်းဖက်သူတွေကို ပြန်ပို့
အမေရိကန်ရောက် မြန်မာ နိုင်ငံသား ဒုက္ခသည် ၂၇ ဦးကို ဗုဒ္ဓဟူးနေ့ က အမေရိကန် အစိုးရက အထူး လေယာဉ်နဲ့ မြန်မာ နိုင်ငံကို ပြန်ပို့ခဲ့ ပါတယ်။
အမေရိကန်မှာ ပြစ်မှုကျူးလွန်လို့ ထောင်ကျ ဖူးသူနဲ့ အိမ်တွင်း အကြမ်းဖက် သူတွေကို ပြန်ပို့ တာလို့ ပြန်လာ သူတွေရဲ့ ဆွေမျိုး တွေက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
ပြန်ထွက်လာတဲ့ အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ခေါင်းဆောင်
အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က သူတို့ခေါင်းဆောင် အိုမာ အယ် အဘူဘက်ဒါဒီ ရဲ့ အသံလို့ ယူဆရတဲ့ ပြောဆိုချက် တခုကို ထုတ်ပြန် လိုက်ပါတယ်။
ဒါဟာ တနှစ်နီးပါး အတွင်း ဘက်ဒါဒီ ရဲ့ ပထမဆုံး လူသိရှင်ကြား ထွက်ပေါ်လာတဲ့ အသံဖြစ်ပါတယ်။
သူဟာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီ ဆိုတဲ့ သတင်းတွေ အရင်က ထွက်ခဲ့တာ ဖြစ်ပါတယ်။
အခု ထွက်ပေါ်လာတဲ့ ပြောကြား ချက်မှာတော့ ဆီးရီးယား နဲ့ အီရတ် မှာ မကြားသေးခင်က အိုက်အက်စ် တို့ နယ်မြေ တွေ အကြီးအကျယ် လက်လွှတ် ဆုံးရှုံး ရမှု အပေါ် ဘာမှ အရေး မကြီး သလိုမျိုး ပြောဆို ထားတာ တွေ့ရပါတယ်။
နောက်ပြီး ဘက်ဒါဒီ က သူ့ကို ထောက်ခံ သူတွေ ကို ဆက်ပြီး တိုက်ပွဲ ဝင်ဖို့၊ ဥရောပနဲ့ အမေရိကန်မှာ တိုက်ခိုက်မှုတွေ ပိုလုပ်ဖို့ တောင်းဆို လိုက်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
လုံခြုံရေး စိုးရိမ်မှုကြောင့် မဝယ်ယူတော့
ဩစတြေးလျ နိုင်ငံမှာ ဖိုက်ဂျီ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တပ်ဆင်ဖို့ တရုတ်နိုင်ငံရဲ့ ဟွာဟွေး နဲ့ ဇက်တီအီး ပစ္စည်းတွေကို လုံခြုံရေး စိုးရိမ်မှုကြောင့် မဝယ်ယူ တော့ဘဲ ဩစတြေးလျက တားမြစ်လိုက်ပါတယ်။
ဒီတရုတ် ကုမ္ပဏီ တွေဟာ တရုတ် အစိုးရ အတွက် ထောက်လှမ်းရေး အချက် အလက်တွေ စုဆောင်း ရယူ နိုင်တယ် ဆိုပြီး ဩစတြေးလျ အစိုးရက စိုးရိမ် နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်သွင်းကုန် တွေ အပေါ် ဒေါ်လာ ၁၆ ဘီလျံ အခွန်စည်းကြပ်
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ် နိုင်ငံ ဖြစ်တဲ့ အမေရိကန် နဲ့ တရုတ် အကြား တဘက်နဲ့ တဘက် သွင်းကုန် အခွန်သစ်တွေ တိုးမြှင့် ကောက်ခဲ့နေတာ ကြောင့် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး စစ်ပွဲ ဇာတ်ရှိန် မြင့်လာ နေပါတယ်။
အမေရိကန်ဘက်က တရုတ်သွင်းကုန် တွေ အပေါ် ဒေါ်လာ ၁၆ ဘီလျံ အခွန် စည်းကြပ်လိုက် တဲ့ အပေါ် တရုတ် ဘက်က လည်း ချက်ချင်း ဆိုသလို အမေရိကန် သွင်းကုန်တွေ အပေါ် အခွန်သစ် တိုးမြှင့် ကောက်ခံလိုက်တာ ဖြစ်ပါတယ်။