စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်း ဖတ်သင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် EPA
Image caption ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်

၁။ ရိုက်တာသတင်းထောက်အမှု ထောင်ဒဏ် ၇ နှစ်ချမှတ်

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲ ခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ နဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို စက်တင်ဘာ ၃ရက်နေ့က မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။

သတင်းထောက်နှစ်ယောက်ကို ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မယ်လို့ ကြေညာထားပေမယ့် တရားသူကြီးဖျားနေလို့ အမိန့်မချမှတ်နိုင်ဘဲ စက်တင်ဘာ ၃ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့တာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်မှာ ဒုတပ်ကြပ်နိုင်လင်းနဲ့ သွားရောက် တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်မှာ ဖမ်းဆီးခံရပြီး ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ် တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကျော်ကို အာဆာအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လုံခြုံရေးအရ ရှင်းလင်းရာက အစပြုလို့ သိန်းနဲ့ချီတဲ့ လူတွေ အိမ်နီးချင်း တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Sing Maung Yawngva
Image caption တမိသားစုလုံးဖျားနာနေတဲ့ နေအိမ်

၂။ နာဂမှာဖြစ်တဲ့ တုပ်ကွေးကြောင့် ကလေးငယ်တဦးထပ်သေဆုံး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါတမျိုးကြောင့် သြဂုတ် ၂ရက်နေ့ညက ကလေးငယ် တဦးထပ်မံ သေဆုံးခဲ့ပါတယ်။

နန်းယွန်းမြို့နယ် ဒုံဟီးမြို့အပါအဝင် ကျေးရွာ ၄ ရွာမှာ သြဂုတ်လ ၁၈ရက်နေ့က တုပ်ကွေးရောဂါ တမျိုး စတင်ဖြစ်ပွားခဲ့ပြီး ဒီရောဂါကြောင့် သေဆုံးသူ အခုဆိုရင် ကလေးငယ် ၄ ဦးရှိပြီဖြစ်ပါတယ်။

ဒုံဟီးမြို့ ၊ ဝန်ရုတ်၊ ဟဟောင်၊ ရှိတ်ညိုနဲ့ လန်ပန်း အစရှိတဲ့ ကျေးရွာတွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ရောဂါကို ၇၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီလို့ ENDO (Eastern Naga Development Org ) နယ်လှည့်ဆေးကုသရေး အဖွဲ့က ပြောပါတယ်။

(၃) ဘရာဇီးနိုင်ငံ သမိုင်းဝင်ပြတိုက် မီးလောင်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယိုမှာ သမိုင်းဝင် နိုင်ငံတော်အဆင့် ပြတိုက်ကြီး တခုလုံးနီးပါးဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲဒီပြတိုက်မှာ လက်တင်အမေရိကတိုက်အတွက် အရေးပါတဲ့ သမိုင်းဆိုင်ရာ ပစ္စည်း အမျိုးပေါင်း သန်း ၂၀ လောက်ကို ပြသထားပြီး အဆောက်အအုံကတော့ နှစ် ၂၀၀ သက်တမ်း ရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မီးလောင်နေတဲ့ သမိုင်းဝင်ပြတိုက်

(၄) အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို အမေရိကန်ရေတပ် သင်္ဂြိုဟ်

သြဂုတ် ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းကို မေရီလန်းပြည်နယ်က နာမည်ကျော် အမေရိကန်ရေတပ် အကယ်ဒမီမှာ မိသားစု သီးသန့် အခမ်းအနားနဲ့ အတူမြေမြှုပ် သင်္ဂြိုဟ်ခဲ့ပါတယ်။

မစ္စတာ မက်ကိန်းဟာ ၁၉၅၈ ခုနှစ်မှာ အဲဒီကျောင်းကနေ ဘွဲ့ရခဲ့ပြီး ဗီယက်နမ် စစ်ပွဲအတွင်းမှာ တိုက်လေယဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် တုန်းက ရီပတ်ဘလစ်ကန် ပါတီ ရဲ့ အမေရိကသမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရတဲ့ မစ္စတာ မက်ကိန်းဟာ ဦးနှောက်အကျိတ် ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာမက်ကိန်းကို နောက်ဆုံးနှုတ်ဆက်နေတဲ့ ပြည်သူတွေ