နာဂမှာဖြစ်တဲ့ တုပ်ကွေးကြောင့် ကလေးငယ်တဦး ထပ်မံ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Lautu Maitai Khaulaw
ဆေးကုသဖို့စောင့်ဆိုင်းနေကြတဲ့ နာဂကလေးငယ်တချို့
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါတမျိုးကြောင့် စက်တင်ဘာ ၂ ရက် ညပိုင်းက ကလေးငယ်တဦး ထပ်မံ သေဆုံးခဲ့ပါတယ်။
နောက်ဆုံးသေဆုံးခဲ့တဲ့ ကလေးငယ်ဟာ အသက် တနှစ်ခွဲခန့်ရှိပြီး အရင်သေဆုံးခဲ့တဲ့ ကလေးငယ် ၃ ဦး နေထိုင်တဲ့ လန်ပန်းရွာက ဖြစ်ပါတယ်။
နန်းယွန်းမြို့နယ် ဒုံဟီးမြို့ အပါအဝင် ၊ ဝန်ရုတ်၊ ဟဟောင်၊ ရှိတ်ညိုနဲ့ လန်ပန်း အစရှိတဲ့ ကျေးရွာတွေမှာ အဲဒီတုပ်ကွေးရောဂါဟာ သြဂုတ်လ ၁၈ ရက်က စဖြစ်ခဲ့ပြီး သေဆုံးသူ ဦးရေဟာ စုစုပေါင်း ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အခုချိန်မှာတော့ အဲဒီတုပ်ကွေးရောဂါကို ၇၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီလို့ ENDO (Eastern Naga Development Org ) နယ်လှည့်ဆေးကုသရေး အဖွဲ့က ပြောပါတယ်။
ဒီရောဂါမျိုးတွေကို နာဂဒေသမှာပဲ တွေ့ရှိဖူးတာဖြစ်ပြီးတော့ အဓိကကတော့ နာဂဒေသရဲ့ လူနေမှုကြောင့် ဖြစ်တယ်လို့ ENDO နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ တာဝန်ခံ ဦးမိန်းမားလ်ဝမ်းစိန်က ဆိုပါတယ်။
ရောဂါပိုးကတော့ AVI လို့ ခေါ်တဲ့ Acute viral infections မျိုး ဖြစ်ပြီးတော့ ရုတ်တရက် ကူးစက်ခြင်းပေါ့။ ဖြစ်ရတာကတော့ နာဂဒေသရဲ့ လူနေမှုက တမူထူးခြားပြီး တောင်ပေါ်လေဒဏ်ကို ခံနိုင်အောင် လေလုံအောင် လုပ်ထားတဲ့ အိမ်နေမှုတွေကြောင့် တယောက်ကို ရောဂါကူးစက်ရင် နောက်တယောက်ကို ကူးစက်ဖို့ လွယ်တယ်လို့ ဦးမိန်းမားလ်ဝမ်းစိန်က ပြောပါတယ်။
နာဂဒေသဟာ တောင်ပေါ်ဒေသဖြစ်ပြီး ရွှေ့ပြောင်း တောင်ယာအလုပ်ကို လုပ်ကိုင်ကြပါတယ်။
တောင်ပေါ်ဒေသ ဖြစ်တာကြောင့် ရေရှားပြီး စိုက်ပျိုးသီးနှံတွေကလည်း ဆန်လို အဟာရပြည့်တဲ့ သီးနှံတွေထက် ဆပ်၊ လူး၊ ပြောင်းစတဲ့ တောင်ပေါ်ဒေသ သီးနှံတွေကိုပဲ စိုက်ပျိုးနိုင်ပါတယ်။
အစားအသောက် ရှားပါးမှု ၊ အဟာရဖြစ်စေတဲ့ အစားအစာ မရှိမှုတွေအပြင် ကလေးငယ်တွေအတွက် ကာကွယ်ဆေး လုံလောက်စွာ မထိုးနိုင်တာတွေကြောင့်ဖြစ်တဲ့ ရောဂါကို မကာကွယ်နိုင်တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Lautu Maitai Khaulaw
နာဂဒေသက လန်ပန်းကျေးရွာမြင်ကွင်း
ရောဂါဖြစ်လာရင်လည်း ဆေးရုံဆေးပေးခန်းနဲ့ ဆေးဝါး မလုံလောက်မှုတွေအပြင် လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာကြောင့် ဆေးရုံမှာ ဆေးကုဖို့ အခက်အခဲတွေ အများကြီး ရှိတယ်လို့ ဒုံဟီးမြို့ခံ ဦးလော်တိုးက ဘီဘီစီကို ပြောပါတယ်။
အခုရောဂါဖြစ်ပွားတဲ့ ဒေသမှာ ENDO နယ်လှည့် ဆေးကုသရေးအဖွဲ့အပြင် တခြား ဆေးကုသရေးအဖွဲ့နှစ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရောဂါကို ဆက်လက်စောင့်ကြည့် ကုသနေတယ်လို့ ဦးမိန်းမာလ်ဝမ်းစိန်က ဆိုပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းကလည်း နာဂဒေသ နန်းယွန်းမြို့နယ် အတွင်းက ကျေးရွာတွေမှာ ဝက်သက် အပါအဝင် ကူးစက်ရောဂါ အသွင် ဖြစ်ခဲ့တာကြောင့် ကလေးငယ် ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

နာဂဒေသမှာ ရာသီတုပ်ကွေးကြောင့် ကလေးငယ် ၃ ဦး သေဆုံး
ကလေးငယ်တွေမှာ အာဟာရချို့တဲ့မှုကြောင့် သာမန်ဖျားနာတာကိုတောင် ခံနိုင်ရည်မရှိကြ