နှစ် ၂၀၀ သက်တမ်း သမိုင်းဝင်ပြတိုက် မီးလောင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရာဇီးနိုင်ငံရဲ့ သမိုင်းဝင် နှစ် ၂၀၀ပြတိုက်မီးလောင်

ဘရာဇီးနိုင်ငံမြို့တော် ရီယို ဒီ ဂျနေးရိုးမှာရှိတဲ့ နှစ် ၂၀၀ ကျော် သက်တမ်းရှိ သမိုင်းဝင် နိုင်ငံတော်အဆင့် ပြတိုက်ကြီး တခုလုံးနီးပါး မီးလောင် ကျွမ်းခဲ့ပါတယ်။

အဲဒီပြတိုက်မှာ လက်တင် အမေရိကတိုက်အတွက် အရေးပါတဲ့ သမိုင်းဆိုင်ရာ ပစ္စည်း အမျိုးပေါင်း သန်း ၂၀ လောက်ကို ပြသထားပြီး အဆောက်အအုံကတော့ နှစ် ၂၀၀ သက်တမ်း ရှိပြီဖြစ်ပါတယ်။

ရှေးဟောင်းလက်ရာတွေဟာ ဒီပြတိုက်မီးလောင်မှုမှာ မယုံကြည်နိုင်လောက်ကို ပျက်စီးလောင်ကျွမ်းသွားခဲ့ပါတယ်။

မီးသတ်သမားတွေကတော့ တောက်လောင်နေတဲ့ မီးကို ကြိုးကြိုးစားစား ငြှိမ်းသတ်ခဲ့ကြပါတယ်။ ဒီမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိခဲ့ပါဘူး။

ဒီပြတိုက်မှာ အရင်က ပေါ်တူဂီ တော်ဝင်မိသားစု နေထိုင်ခဲ့ပြီး အခုဆိုရင် နှစ်သက်တမ်း ၂၀၀ ရှိပါပြီ။

တနင်္ဂနွေနေ့က မီးစတင်ပြီးလောင်ခဲ့တာဖြစ်ပြီး အဲဒီနေ့တနေ့လုံး ပြတိုက်ကို ပိတ်ထားခဲ့တာပါ။

ဘရာဇီးသမ္မတ မိုက်ကယ်တီမားက နှစ် ၂၀၀ သုတေသန လုပ်ခဲ့တဲ့ အသိပညာတွေ အကုန်ဆုံးရှုံးခဲ့ပါပြီ၊ ဘရာဇီးအတွက် ဝမ်းနည်းဖွယ်နေ့တနေ့ပါပဲလို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ