စက်တင်ဘာ ၄ ရက် မနက် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ ထရမ့်

၁။ ဆီးရီးယား အစိုးရနဲ့ သူ့ရဲ့ မဟာမိတ် ရုရှားနဲ့ အီရန် ကြောင့် သူပုန်တွေ သိမ်းထားတဲ့ အစ်ဒလစ်ဘ်မြို့မှာ ကပ်ဘေးကြီး ဆိုက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ထရမ့်က သတိပေးလိုက်ပါတယ်။

ဒီမြို့ကို ဆီးရီးယား ဘက်က ဝင်တိုက်ရင် လူ သိန်းချီ သေနိုင်တယ် လို့လည်း ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အစ်ဒလစ်ဘ်မြို့ကို စစ်ဆင်ရေးကြီး အကြီးအကျယ် လုပ်ဖို့ ဆီးရီးယား အစိုးရတပ်က ပြင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာ ထရမ့်က ဒီလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီမှာ သူပုန်တွေ နောက်ဆုံးခံကတုတ်အနေနဲ့ အင်ကြီးအားကြီးနဲ့ ကျန်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Aung Hla Tun facebook
Image caption ရိုက်တာသတင်းဌာနမှာ လုပ်ခဲ့ဖူးတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း

၂ ။ ရိုက်တာသတင်းထောက်တွေ အယူခံခွင့်ရှိတယ်လို့ ဒု၀န်ကြီးဆို

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် ကို မနေ့က မြောက်ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် စီ အမိန့် ချမှတ်လိုက်ပါတယ်။

ဒီလို အမိန့်ချလိုက်ပေမယ့် သူတို့ အယူခံဝင်နိုင်တဲ့ မျှော်လင့်ချက် ရှိသေးတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးနဲ့ ရိုက်တာ သတင်းထောက်ဟောင်း ဦးအောင်လှထွန်းက ပြောပါတယ်။

အခုလို ရိုက်တာ သတင်းထောက် နှစ်ယောက် ထောင် ၇ နှစ် ပြစ်ဒဏ် ချခံရတဲ့ အတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း ၊ လက်ရှိ အခြေအနေဟာ နောက်ဆုံး အဆင့်မဟုတ်ကြောင်း ၊ သတင်းသမားတွေ အနေနဲ့ အယူခံခွင့် ရှိသေးကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် TNLA facebook
Image caption တီအန်အယ်လ်အေ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်

၃ ။ ရှမ်းမြောက်က ရွာသားတွေ ရာချီထွက်ပြေး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူ မြို့နယ်ထဲက ပန်လုံရွာတဝိုက်မှာ TNLA နဲ့ RCSS တို့ တိုက်ပွဲတွေဖြစ်လို့ ကျေးရွာ ၃ ရွာက လူဦးရေ တထောင်ကျော် သီပေါနဲ့ ဘေးလွတ်ရာတွေကို ပြေးနေရပါတယ်။

နမ္မတူ မြို့နယ်ထဲက ပန်လုံ ရွာနားမှာ တီအန်အယ်လ်အေ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်နဲ့ အာစီအက်စ်အက်စ် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တို့ တိုက်ပွဲတွေကြောင့် ဒေသခံ ရွာသားတွေ ဘေးလွတ်ရာပြေးနေ ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မလေးရှားမှာ ကြိမ်ဒဏ်ချမှတ်မှု တခုကို မြင်တွေ့ရပုံ

၄။ လိင်တူဆက်ဆံတဲ့ အမျိုးသမီးတွေကြိမ်ဒဏ်သင့်

မလေးရှားနိုင်ငံမှာ လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသမီး နှစ်ယောက်ကို ကြိမ်ဒဏ် ၆ ချက်စီ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

အသက် ၂၂ နှစ်နဲ့ ၃၂ နှစ် အရွယ် အမျိုးသမီး နှစ်ယောက်ဟာ နိုင်ငံမြောက်ပိုင်း ထရင်ဂါနူး ပြည်နယ် မှာ ကားထဲမှာ အတူရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ကို အစ္စလာမ် ဘာသာဆိုင်ရာ ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် CHRISTIE'S
Image caption လီယိုနာဒီ ဒါဗင်ချီရဲ့ ဆာလဗထို မွန်းဒီ ပန်းချီကား

၅။ အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီ က လုဗ်ပြတိုက်မှာ ကမ္ဘာ့စျေးအကြီးဆုံး ပန်းချီကား ပြမယ့်ရက်ကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်ပါတယ်။

အီတာလျံ ပန်းချီဆရာကြီး လီယိုနာဒီ ဒါဗင်ချီရဲ့ ဆာလဗထို မွန်းဒီ ပန်းချီကားကို မနှစ် နိုဝင်ဘာလကမှ ပြတိုက်က ဒေါ်လာ သန်း ၄၅ဝ ကျော်ပေးပြီး ဝယ်ခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် နောက်ကျတယ် ဆိုတဲ့ အကြောင်းပြချက်တော့ မသိရပါဘူး။

ယေရှု ခရစ်တော်ရဲ့ ရုပ်ပုံ ပန်းချီကားကို ၁၅ဝဝ ပြည့်နှစ် ဝန်းကျင်မှာ ရေးဆွဲခဲ့တာ ဖြစ်ပြီး မကြာခင်ကမှ ဒါဟာ မူလလက်ရာ အစစ်ဖြစ်တယ်လို့ ကြေညာ နိုင်ခဲ့တာ ဖြစ်ပါတယ်။