စက်တင်ဘာလ ၅ ရက် သိသင့်တဲ့ သတင်းများ

kia

ဓာတ်ပုံ ရင်းမြစ်, Taylor Weidman

ဓာတ်ပုံ ပုံစာ,

စစ်ရေးလေ့ကျင့်နေတဲ့ ကေအိုင်အေတပ်သားတွေ

ရခိုင့်တပ်မတော် AA ၊ ကိုးကန့် MNDAA ၊ တအာင်းအဖွဲ့ TNLA တွေရဲ့ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် ဆွန်းကော်ရှန်းရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ နောက်နောင် ထပ်မံ တွေ့ဆုံဖို့ ဆိုတဲ့ အချက်တချက်သာ အခု အစည်းအဝေးပွဲကနေ လောလောဆယ် သဘောတူညီခဲ့ကြပါတယ်။ အောက်တိုဘာလမှာ နောက်တကြိမ်ထပ်မံတွေ့ဆုံဖို့ သဘောတူညီ ခဲ့ကြပါတယ်။

မြန်မာ့တပ်မတော်က သူတို့အဖွဲ့တွေနဲ့ မဆွေးနွေးနိုင်ဘူးလို့ တောက်လျှောက် ငြင်းခဲ့သလို ရခိုင်၊ ကိုးကန့်၊ တအာင်းတို့ကလည်း တပ်ပေါင်းစု အနေနဲ့သာ ဆွေးနွေးမယ်လို့ အရင်က ဆိုခဲ့ကြပေမယ့် အခုတော့ တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ,

ကျောက်မဲနားက ဂုတ်ထိပ်တံတား

ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ်မှာ မိုင်းခွဲတဲ့အခါ အသုံးပြုတဲ့ စနက်တံ ၁ သိန်း ၆ သောင်းကျော် ဖမ်းမိခဲ့တယ်လို့ ကျောက်မဲရဲစခန်းက ပြောပါတယ်။

မနေ့ည ၁၁ နာရီခွဲ အချိန်လောက်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ်မှာ လားရှိုးကနေ မန္တလေးဘက် ဆင်းလာတဲ့ ကုန်တင်ကားတစီးကို စစ်ဆေးရာက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကျောက်မဲရဲစခန်းတာဝန်မှူးက ဘီဘီစီကို ပြောခဲ့တာပါ။

ဖမ်းမိတဲ့ တရားခံ ၂ ယောက်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး စနက်တံတွေကို ဘယ်က သယ်လာသလဲ။ ဘာရည်ရွယ်ချက်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ပါကစ္စတန်ရောက်

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အသစ် အင်မရန် ခန်းနဲ့ တွေ့ဆုံ စကားပြောဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို အစ္စလာမ်မာဘတ်မြို့ကို ရောက်ရှိလာပါတယ်။

ပါကစ္စတန် အမေရိကန် ဆက်ဆံရေးဟာ သမ္မတ ထရမ့် အာဏာရပြီးကတည်း ရေချိန်ကျလာခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ လက်နက်ကိုင် စစ်သွေးကြွတွေကို ပြတ်ပြတ်သားသား အရေးမယူဘူးဆိုပြီး အမေရိကန် အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ အကူအညီ ဒေါ်လာ သန်းတထောင်ကျော်ကို ဇန်နဝါရီလတုန်းက ဖြတ်တောက်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာ ပါကစ္စတန်ကို တရက်တာ ခရီးစဉ်အတွင်းမှာပဲ အိန္ဒိယကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဆီးနိတ်လွှတ်တော်မှာ အစစ်ခံရ

တွစ်တာနဲ့ ဖေ့စ်ဘုတ်တို့ရဲ့ အမှုဆောင်လူကြီးတွေ အမေရိကန် ဆီးနိတ်လွှတ်တော်ရဲ့ စုံစမ်းရေးကော်မတီနဲ့ တွေ့ဆုံနေကြပါတယ်။ လာမယ့် နိုဝင်ဘာလ လွှတ်တော် ကြားသက်တမ်း ရွေးကောက်ပွဲ မတိုင်ခင် သူတို့ရဲ့ လူမှုကွန်ရက် တွေကနေ တဆင့် မမှန်သတင်း ထုတ်တာ လှုံ့ဆော်တာတွေကို ဘယ်လို ကာကွယ်ဖို့ စီစဉ်ထားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံကနေ အကြိတ်အနယ် မေးခွန်းထုတ်ခံရတော့မှာ ဖြစ်ပါတယ်။

ဂူးဂယ်ကတော့ သူတို့ရဲ့ အမှုဆောင် အရာရှိချုပ်ကို စေလွှတ်ဖို့ ငြင်းဆန်ထားပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေကို အခုအခါ အကြီးအကျယ် စိစစ် တင်းကျပ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JIJI PRESS

ဓာတ်ပုံ ပုံစာ,

ခရီးသည်တွေကို သင်္ဘောမော်တော်တွေနဲ့ ကယ်ဆယ်နေ

နှစ်ပေါင်း အစိတ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် အဆက်အသွယ် ပြတ်တောက် ပိတ်မိနေတဲ့ ဂျပန်နိုင်ငံ ကန်ဆိုင်း နိုင်ငံတကာ လေဆိပ်က ခရီးသည်တွေကို သင်္ဘော မော်တော်တွေနဲ့ ကယ်ဆယ်နေပါတယ်။

ခရီးသည်တွေဟာ ထောင်နဲ့ချီ ပိတ်မိနေကြတာဖြစ်ပါတယ်။ ကန်ဆိုင်း နိုင်ငံတကာ လေဆိပ်ဟာ ဂျပန်အနောက်ပိုင်း အိုဆာကာ ပင်လယ်အော် အတွင်းက ကျွန်းတုပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ချိန်မှာ လှိုင်းကြီးပြီး လေပြင်းထန်တဲ့အတွက် ဂျပန်ပြည်မနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဂျေဘီတိုင်ဖွန်း မုန်တိုင်းကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STRINGER

ဓာတ်ပုံ ပုံစာ,

မြို့တော်ဝန်တယောက်ကို အသေပစ်သတ်

မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ပတ်သက်နေတဲ့ မြို့တော်ဝန်တယောက်ကို အသေ ပစ်သတ်လိုက်တယ်လို့ ဖိလစ်ပိုင် ရဲအဖွဲ့က ပြောပါတယ်။ ဖိလစ်ပိုင် တောင်ပိုင်းမြို့ ရွန်ဒါရဲ့ မြို့တော်ဝန် မာရီယာနို ဘလန်ကိုကို မနေ့ည သန်းခေါင်ကျော်က ပစ်ခတ် သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

သူ့ကို ပစ်မသတ်ခင်မှာ ဗင်ကား အဖြူတစီးပေါ်ကနေ လက်နက်ကိုင် လူ ၄ ယောက် ဆင်းလာပြီး မြို့တော်ခန်းမထဲဝင်သွားတာတွေ့လိုက်ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မစ္စတာ ဘလန်ကိုဟာ သမ္မတ ရိုဒရီဂို ဒူတာတေး ပြုစု ပေးထားတဲ့ မူယစ်ဆေးနဲ့ ပတ်သက်သူ အစိုးရအရာရှိ စာရင်းထဲမှာ ပါဝင်သူတယောက်လို့ ရဲအရာရှိက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ryan Hooper

ဓာတ်ပုံ ပုံစာ,

ရုရှား နှစ်ယောက်တည်းသွားတဲ့ လန်ဒန်က ဟိုတယ်

ရုရှားနှစ်ဘက်ချွန် သူလျှိုဟောင်း ဆာဂေး စခရီပါးလ် နဲ့ သူ့သမီး ယူလီယာတို့ကို မတ်လတုန်းက ဆောလ်စဘရီ မှာ နော့ဗစ်ချော့က် အဆိပ်နဲ့ လုပ်ကြံခဲ့တာဟာ ရုရှား နိုင်ငံသားနှစ်ယောက်ဖြစ်ကြောင်း သက်သေအခိုင်အလုံတွေ့ထားပြီလို့ ဗြိတိန်အစိုးရရဲ့ တရားလိုရှေ့နေတွေက ပြောပါတယ်။

အစိုးရ တရားလို အဖွဲ့က ဆူးဟဲမင်းက တရားစွဲဆိုဖို့အတွက် လုံလောက်တဲ့ သက်သေတွေရထားပြီလို့ အကြမ်းဖက်မှု ဆန့်ကျင်ရေးဌာနရဲ့ အစိုးရ တရားလိုအဖွဲ့က ကောက်ချက် ချခဲ့ပါတယ်။ ဆာဂေးဆခရိပါးလ် နဲ့ ယူလီယာတို့ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစား အားထုတ်မှု၊ လျှို့ဝှက် ကြံစည်မှုတွေနဲ့ သူတို့ကို တရားစွဲဆိုတော့မှာပါလို့ ပြောသွားတာဖြစ်ပါတယ်။

အဲဒီလူနှစ်ယောက်ဟာ မစ္စတာ စခရီပါးလ်ရဲ့ အိမ်ရှေ့မှာ နောဗီချော့ အဆိပ် ဖြန်းခဲ့တယ်လို့ ရဲကဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ အမည်တွေကတော့ အလက်ဇန္ဒား ပက်ထရော့ဗ် နဲ့ ရုစ်လန် ဘိုရှီရော့ဗ်လို့ ဆိုပါတယ်။