သမဂ္ဂတွေသာမရှိရင် ကျွန်မတို့နွားလုံးလုံးဖြစ်ပြီ။ ဖုယွင် အလုပ်သမားသပိတ် နောက်ဆုံးအခြေအနေ
ဖုယွင် စက်ရုံ အုတ်တံတိုင်းကိုဖောက်ပြီး အလုပ်သမားတွေ သွင်းနေပုံ
အုတ်နံရံက အပေါက်ဟာ ဖုယွင် အလုပ်သမား ပဋိပက္ခရဲ့ အတိမ်အနက်ကို ထင်ဟပ်ဖော်ပြနေပါတယ်။ ဒီအုတ်နံရံကို ဘယ်သူတွေက အပေါက်ဖောက်ခဲ့ကြသလဲ။ ဘာလို့ စက်ရုံရဲ့ နောက်ဖေး အုတ်တံတိုင်းကို ဖောက်ပြီး ဝင်ရောက်နေကြတာလဲ။
ဖုယွင် စက်ရုံဟာ အထည်ချုပ်စက်ရုံဖြစ်ပါတယ်။ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းကြီးလမ်းမှာရှိပါတယ်။ အင်္ကျီ၊ ဘောင်းဘီ၊ ကလေးအင်္ကျီ စတဲ့ နိုင်ငံခြားအပ်ထည်တွေကို ချုပ်လုပ်တဲ့ စက်ရုံပါ။ အလုပ်သမား အရေအတွက်က စုစုပေါင်း ၁၀၀၀ နီးပါးရှိပါတယ်။
အလုပ်သမားတွေကို အိုဗာတိုင်ကြေး မပေးဘဲ အချိန်ပိုမခိုင်းဖို့၊ အလုပ်သမား လုံလောက်အောင်ခန့်ထားပေးဖို့၊ လုပ်အားကို အတင်းအဓမ္မ ညှစ်ထုတ်ခိုင်းစေတာမျိုး မလုပ်ဖို့ဆိုတဲ့ အချက်တွေ အပါအဝင် အချက် ၁၀ ချက်ပါတဲ့ တောင်းဆိုချက်ကို ဖုယွင်အထည်ချုပ် အလုပ်သမားသမဂ္ဂက သြဂုတ်လ ၁၄ ရက် နေ့စွဲနဲ့ တောင်းဆိုခဲ့ပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့ ညနေမှာတော့ ဖုယွင် အလုပ်သမား ၃၀ ရဲ့ နေအိမ်ကို စက်ရုံက ဖိတ်စာဆိုပြီး စာအိတ်နဲ့ စာတစောင်ဆီ လာပို့သွားပါတယ်။ စာအိတ်ကိုဖွင့်ကြည့်တဲ့ အခါ အလုပ်ဖြုတ်တဲ့စာ ဖြစ်နေပါတယ်။
အဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေထဲမှာ သမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အလုပ်သမား သမဂ္ဂအမှုဆောင် ၇ ယောက်ပါဝင်ပါတယ်။ ဒါဟာ အမှုဆောင်အဖွဲ့ဝင် အားလုံးလည်းဖြစ်ပါတယ်။ နောက်ထပ် အထုတ်ခံရတဲ့ ၂၃ ယောက်ဟာလည်း အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေချည်းပဲ ဖြစ်ပါတယ်။
နောက်တနေ့မနက် အလုပ်သွားတဲ့အခါမှာတော့ အလုပ်ဖြုတ်ခံရသူ အလုပ်သမား ၃၀ အပါအဝင် ကျန်အလုပ်သမားတွေကိုပါ ဝင်ခွင့်မပေးဘဲ စက်ရုံတံခါးတွေကို ပိတ်ထားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့မှာ အလုပ်သမားသပိတ်စတင်ပါတယ်။ အလုပ်သမားတွေက စက်ရုံဝင်ပေါက် ဝင်းတံခါးရှေ့မှာ သပိတ်စခန်းဖွင့်ခဲ့ပါတယ်။ သပိတ်မှောက် အလုပ်သမား ၃၀၀ ကျော်ရှိပါတယ်။
အလုပ်သမားသမဂ္ဂဝင် ၃၀ ကိုအလုပ်ဖြုတ်လို့ ဖုယွင် သပိတ်မှောက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
စက်ရုံက အလုပ်သမားတွေကို အလုပ်ထုတ်တာဟာ ခွင့်မဲ့ပျက်ကွက်မှုနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကြောင့်လို့ အလုပ်ရှင်ဘက်က ပြောပါတယ်။ အလုပ်သမားတွေဘက်ကတော့ အဲဒီအချက်ကို ငြင်းဆို ပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကို အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတို့က ဝင်ရောက် စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ လေးကြိမ် စေ့စပ်ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ပါဘူး။
ဖုယွင် စက်ရုံရဲ့ အလုပ်ရှင် အလုပ်သမားစာချုပ် (EC စာချုပ်)စည်းကမ်းအရ စည်းကမ်းဖောက်ဖျက်ရင် ခွင့်မဲ့ပျက်ကွက်ရင် နှုတ်နဲ့ သတိပေးခြင်း၊ စာနဲ့ သတိပေးခြင်းအပါအဝင် လေးကြိမ်သတိပေး၊ ဝန်ခံလက်မှတ် ထိုးခိုင်းပြီးမှ အလုပ်ထုတ်ရပါတယ်။
အလုပ်သမားတွေဘက်က ခွင့်မဲ့ပျက်ကွက်မှုနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေရှိရင် မှတ်တမ်းတင်ပြီးခံဝန်လက်မှတ်ထိုးထားတာကို ပြဖို့ အလုပ်ရှင်ဘက်ကို တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က မပြနိုင်ဘူးလို့ အလုပ်သမား အရေးကူညီ ဆောင်ရွက်သူ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ဝင် ကိုကျော်မျိုးက ဘီဘီစီကို ပြောပါတယ်။ စည်းကမ်းဖောက်ဖျက်ရင် ခံဝန်လက်မှတ် ရေးထိုးခိုင်းတာဟာ စက်ရုံရဲ့ ပြုလုပ်နေကျ လုပ်ထုံး လုပ်နည်း ဖြစ်ပါတယ်။ အဲသလို ခံဝန်လက်မှတ်မပြနိုင်ဘဲ အလုပ်ထုတ်ခဲ့တဲ့ အတွက် အလုပ်ရှင်ဘက်က ဥပဒေချိုးဖောက်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
သမဂ္ဂ ခေါင်းဆောင်တွေ အလုပ်ပြန်ခန့်ရေး ချီတက်ဆန္ဒပြ
အလုပ်သမားတွေက စက်ရုံဝင်းတံခါးကို ပိတ်ဆို့တာဟာလည်း ဥပဒေချိုးဖောက်တာလို့ အလုပ်ရှင်ဘက်က ဆိုပါတယ်။ အလုပ်သမားတွေကတော့ စက်ရုံတံခါးကို စတင်ပိတ်ဆို့ခဲ့သူဟာ အလုပ်ရှင် ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေကို အပြင်ထွက်ခွင့် မပေးတာဟာလည်း သူတို့က ပိတ်ဆို့ထားလို့ မဟုတ်ဘဲ စက်ရုံပိုင်ရှင်က ထွက်ခွင့် မပေးတာသာ ဖြစ်တယ်လို့ အလုပ်သမားတွေ ဘက်က ဆိုပါတယ်။
အလုပ်သမားတွေနဲ့ အလုပ်ရှင်ကို ညှိနှိုင်းပေးရာမှာ အလုပ်သမားဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ဟာ အလုပ်ရှင်ဘက်ကို ဘက်လိုက်တယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် မသက်ထားဆွေက ဘီဘီစီကို ပြောပါတယ်။ အလုပ်ရှင်ဘက်က အီးစီစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားပေမယ့် အလုပ်ရှင်ဟာ သူ့အလုပ်ဖြစ်တဲ့ အတွက် ဘယ်အလုပ်သမားကို အလုပ်ဆက်ခန့်မယ်၊ ဘယ်အလုပ်သမားကို အလုပ်ဆက်မခန့်ဘူး ဆိုတာကို သူ့သဘောနဲ့သူရွေးချယ်ခွင့်ရှိတယ်လို့ မြို့နယ် အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး အရာရှိက ပြောခဲ့တဲ့ အတွက် ဘက်လိုက်တယ်လို့ ပြောတာဖြစ်ကြောင်း မသက်ထားဆွေက ပြောပါတယ်။
ဖုယွင်အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာကို ဘီဘီစီက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး မေးမြန်းဖို့ကြိုးစားပေမယ့် ဖြေကြားပေးဖို့ ငြင်းခဲ့ပါတယ်။
ဖုယွင် သပိတ်အလုပ်သမားတဦးက သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆို
သြဂုတ်လ ၂၈ ရက်နေ့မှာ အလုပ်သမားတွေကို တန်ပြန်ဆန္ဒပြသူတချို့ရှိခဲ့ပါတယ်။ အရေအတွက်အားဖြင့် ဆန္ဒပြသူတွေနဲ့ ဆတူလောက်ရှိပါတယ်။ တန်ပြန်ဆန္ဒပြသူတွေကို အလုပ်ရှင်က ငွေတသောင်းခွဲ ပေးပြီး ထမင်းကျွေးတယ်လို့လည်း တန်ပြန်ဆန္ဒပြသူတွေ ကိုယ်တိုင်က ပြောကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ဝင် ကိုကျော်မျိုးက ဘီဘီစီကိုပြောပါတယ်။ နယ်ရဲတပ်ဖွဲ့မှူးကလည်း အလုပ်သမားတွေ စက်ရုံရှေ့မှာ ထိုင်သပိတ်မှောက်တာဟာ ဥပဒေနဲ့ မညီကြောင်း ပြောခဲ့သလို ဥပဒေနဲ့ အညီ ဆန္ဒပြတာ မဟုတ်တဲ့ အတွက် သူတို့ လုံခြုံရေးကို ရဲအဖွဲ့က တာဝန်မယူနိုင်ဘူးလို့ လာရောက်ပြောကြောင်း မသက်ထားဆွေက ပြောပါတယ်။
အလုပ်သမား သပိတ်ဖြိုခွဲမှာစိုးရိမ်လို့ တက်ကြွလှုပ်ရှားသူနဲ့ ရပ်ရွာက အားဖြည့်ကာကွယ်
အလုပ်သမားသပိတ်ကို အင်အားသုံးဖြိုခွဲမှာစိုးရိမ်တဲ့အတွက် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတချို့နဲ့ ရပ်ရွာကလူတချို့က အင်အားဖြည့် အကာအကွယ်ပေးတာမျိုးလည်း ရှိခဲ့ပါတယ်။
အလုပ်သမားသပိတ်နဲ့ ပတ်သက်ပြီး ရပ်ရွာလူကြီးတွေရဲ့ ထောက်ခံမှုကို လက်မှတ် ကောက်ယူပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီ စာပေးပို့ဖို့လည်း အလုပ်သမားတွေဘက်က စတင်ဆောင်ရွက်နေပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မှာတော့ စက်ရုံရဲ့နောက်ဖေး အုတ်တံတိုင်းကို စက်ရုံအုပ်ချုပ်သူတွေရဲ့ အစီအမံနဲ့ဖောက်ပြီး အလုပ်သမားတချို့ကို ခေါ်သွင်းပြီး အလုပ်လုပ်ကိုင်စေခဲ့ပါတယ်။
အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးရင် ပဋိပက္ခပြေလည်နိုင်မှာ ဖြစ်ပြီး အဲဒီအချက်ကို ဆွေးနွေးဖို့ ဆက်လက်ငြင်းဆန်နေရင်တော့ နှစ်ဦးနှစ်ဖက်စလုံး နစ်နာဆုံးရှုံးနိုင်တယ်လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က ကိုကျော်မျိုးကပြောပါတယ်။
အလုပ်သမားတွေကို သွင်းဖို့ ဖုယွင်စက်ရုံ နောက်ဖေး အုတ်တံတိုင်းကို အပေါက်ဖောက်ထား