ဘားအံမြို့မှာ ငါးကြိမ်ထက်မနည်း ရေကြီး

ဓာတ်ပုံ မူပိုင် Saw Chaint Phaung
Image caption ဘားအံမြို့တွင်း ရပ်ကွက်တချို့ ရေနစ်မြှုပ်

ကရင်ပြည်နယ် ဘားအံမြို့နားက သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ရေပြန်ကြီးနေတဲ့အတွက် ဒေသခံတွေ ၈ ထောင်ကျော် ပြောင်းရွှေ့နေရပါတယ်။

ဘားအံမြို့အပါအဝင် ဘားအံခရိုင် ကရွာတော်တော်များများမှာလည်း လနဲ့ချီရေတွေကြီးနေ တာကြောင့် ဒေသခံတွေ စားသောက်နေထိုင်ဖို့ အခက်အခဲတွေ တွေ့နေပါတယ်။

ဘားအံက ရပ်ကွက်တချို့ထဲ ရေဝင်တာကြောင့် အိမ်ထောင်စု ၁၆ဝဝ ကျော် ရေဘေးသင့်ခံနေရပြီး ကယ်ဆယ်ရေးစခန်းတွေလည်း ထပ်တိုးဖွင့်ထားရတယ်လို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်မှာ ဘားအံမြို့က အနိမ့်ပိုင်း ရပ်ကွက်တချို့မှာ ရေတွေတက်လာတာကြောင့် ဒီတခါ ရေကြီးမှုက ငါးကြိမ်ထက်မနည်း ဖြစ်တယ်လို့ ဒေသခံကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဘားအံက ရေဘေးဒုက္ခသည်တွေအတွက် ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၁၁ ခုမှာ ရေဘေးဒုက္ခသည် ရှစ်ထောင်ကျော် နေထိုင်နေကြပါတယ်။

ဘားအံမှာ အကြိမ်ကြိမ် ရေကြီးတဲ့အတွက် အလှူရှင်တွေလည်း နည်းလာပြီး အစားအသောက်လည်း အခက်အခဲရှိတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ရေကတောက်လျှောက် တက်နေတာ လုံး၀ ပြန်မကျဘူး။ ပထမတော့ ရွာတွေကို ဦးစားပေးတယ် နောက်ပိုင်း မြို့ပေါ်ကို ပြန်ကူညီနေရတယ်။ အစိုးရကတော့ ဆန်ထောက်ပံ့တယ်။ ဟင်းစားအတွက်ကတော့ ငွေပေါ့။ စားဖို့ သောက်ဖို့က အတော်အခက်အခဲ တွေ့နေရတယ်လို့ ဘားအံမြို့ အခြေစိုက် ပရဟိတ အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်ပြည်နယ် လူငယ်မောင်မယ်များအဖွဲ့က ကိုအောင်မိုးက ပြောပါတယ်။

ဒီနှစ်ရေဘေးကြောင့် လယ်တွေ ရေနစ်မြုပ်နေသလို နောက်နှစ်အတွက် စပါးအထွက်နှုန်းကို စိတ်ပူနေကြတယ်လို့ လယ်သမားတွေကလည်း ဆိုပါတယ်။

စက်တင်ဘာ ၇ ရက် မနက်မှာတော့ သံလွင်မြစ်ရေ ထပ်တက်လာတဲ့အတွက် ဘားအံ-မော်လမြိုင် ကားလမ်းမှာ ရေစီးကြမ်းနေသလို တချို့နေရာတွေမှာ ကားငယ်တွေ သွားဖို့ အခက်အခဲတွေဖြစ် နေတယ်လို့ ဒေသခံ ခရီးသွားတွေက ပြောပါတယ်။

မြို့တွင်းမှာလည်း ရေတွေတက်နေတာကြောင့် သတိနဲ့ သွားလာနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။