နာဂမှာ ကူးစက်ရောဂါ မထိန်းချုပ်နိုင်သေး

လန်ပန်းကျေးရွာက ရောဂါဖြစ်နေတဲ့ ကလေးငယ်
ဓာတ်ပုံ ပုံစာ,

လန်ပန်းကျေးရွာက ရောဂါဖြစ်နေတဲ့ ကလေးငယ်

AVI လို့ခေါ်တဲ့ Acute viral infections တမျိုးဖြစ်နေတဲ့ နာဂဒေသမှာ ရုတ်တရက် ရောဂါကူးစက်မှုတွေဟာ ရွာတချို့ကို ဆက်ပြန့်နေပြီး အခုချိန်အထိ သေဆုံးသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နန်းယွန်းမြို့နယ် ဒုံဟီးမြို့ အနီး ရှန်ဟဲပေါ်ကွန်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အသက် တလသားအရွယ် သားဖြစ်သူဟာ စက်တင်ဘာ ၇ ရက်မှာ သေဆုံးသွားကြောင်း ဒုံဟီးဒေသခံ ကိုလော်တိုးက ဆိုပါတယ်။

သေဆုံးသူရဲ့ ဖခင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှောမ်းပုန်ကတော့ တရွာလုံးလိုလိုက မွေးစကနေ အသက် ၁၅ နှစ်လောက်အထိ ကလေးတွေ ဖျားနာနေပြီးတော့ ENDO (Eastern Naga Development Org ) ခေါ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကို လာရောက်ကုသဖို့ အကူအညီ တောင်းထားရတယ်လို့ ဆိုပါတယ်။

ဒီရောဂါဖြစ်တာဟာ တပတ်လောက်ရှိပြီ ဖြစ်ပြီးတော့ ရောဂါကူးစက်နှုန်းဟာ မြန်ဆန်ပြီး ကာကွယ်ဆေး အလုံအလောက် မထိုးနိုင်တာကြောင့် ကလေးငယ်တွေကို အဓိကထား ကူးစက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရောဂါ ခံစားနေရသူတွေရဲ့ လက္ခဏာကတော့ ချောင်းဆိုးရင် သွေးပါခြင်း၊ နှာခေါင်းသွေးယိုကြခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

လန်ပန်းကျေးရွာက ရောဂါဖြစ်နေတဲ့ ကလေးငယ်

နာဂဒေသဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းသလို စိုက်ပျိုးတောင်ယာ မဖြစ်ထွန်းတာကြောင့် ကလေးအများစုဟာ အာဟာရချို့တဲ့ပြီး ရောဂါဒဏ်ကို မခံနိုင်ကြသလို ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ဖို့ ဝေးလံတာကြောင့် ဒေသခံတွေ အနေနဲ့ ရောဂါဖြစ်လာရင် နယ်လှည့် ဆေးကုသရေးအဖွဲ့တွေကိုပဲ အားကိုးနေရတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ကလေးတော်တော်များများ ကူးစက်ရောဂါ တမျိုးကြောင့် သေဆုံးခဲ့ပါတယ်။