အင်ဒိုနီးရှားက ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈၀ဝ ကျော်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption လောလောဆယ်မှာတော့ လူအားနဲ့ပဲ နိုင်သလောက် ဖယ်ရှားပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်နေ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် သေဆုံးသူ ၈၃၂ ယောက် အတည်ပြုနိုင်ပြီ ဖြစ်ပြီး ပိတ်မိ နေသူတွေများတဲ့ အတွက် သေဆုံးသူ ထောင်ချီသွားနိုင်တယ်လို့ အင်ဒိုနီးရှား သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ ဌာနက ပြောပါတယ်။

အဲဒီကျွန်းရဲ့ ကမ်းခြေမြို့ တခုဖြစ်တဲ့ ပါလူမှာရှိတဲ့ ဟိုတယ်ကြီးတလုံးနဲ့ ဈေးဝယ် စင်တာတခုမှာ အပျက်အစီးတွေ ကြားထဲ ပိတ်မိ နေသူတွေလည်း အများကြီး ရှိနေတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။

အဲဒီ အပျက်အစီးတွေကို ဖယ်ရှားဖို့ အတွက် စက်ကိရိယာ လိုအပ်နေသေးတဲ့အတွက် လောလောဆယ်မှာတော့ လူအား နဲ့ပဲ နိုင်သလောက် ဖယ်ရှားပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်နေရတယ်လို့ အမျိုးသား ကယ်ဆယ်ရေး ဌာန အကြီးအကဲ Muhammad Syaugi က ပြောပါတယ်။

ငလျင်နဲ့ ဆူနာမီကြောင့် လမ်းတွေ ပျက်စီးပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေလည်း ပြတ်တောက် နေတဲ့အတွက် အဲဒီ ပါလူမြို့ရဲ့ အပြင်ဘက်က မြို့ရွာတွေကို ကယ်ဆယ်ရေး သမားတွေ သွားရောက်ဖို့ ခက်ခဲနေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် စက်ကိရိယာ လိုအပ်နေသေး

စက်တင်ဘာ ၂၈ ရက်နေ့ သောကြာနေ့ ညပိုင်းက လှုပ်ခဲ့တဲ့ ရစ်ချ်တာ စကေး ၇.၅ ပြင်းအားရှိတဲ့ ဒီငလျင်ကြီးကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဆိုးကြီး ဖြစ်အပြီးမှာတော့ ပါလူမြို့ လမ်းမပေါ်မှာ လူသေ အလောင်းတွေ ရှိနေသလို ဆေးရုံမှာလဲ ထိခိုက်ဒ ဏ်ရာရသူတွေနဲ့ ပြည့်နေပါတယ်။

မြို့တော် အတွင်းမှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ အတိအကျ မသိသေးပါဘူး။

မြို့တွင်းမှာ ရောဂါပျံ့နှံ့မှု တားဆီးဖို့ အတွက် သေဆုံးသွားသူတွေကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ အစုလိုက် သင်္ဂြိုဟ်ဖို့ လည်း စီစဉ်ထားပါတယ်။

အခုလို ငလျင်ဒဏ်နဲ့ ဆူနာမီရေလှိုင်းဒဏ်ရဲ့ သက်ရောက်မှု ခံရသူတွေ ၁.၆ သန်းအထိ ရှိနိုင်ပြီး အခြေအနေက နောက်ထပ် လည်း ပိုဆိုးလာနိုင်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရောဂါပျံ့နှံ့မှု တားဆီးဖို့အတွက် သေဆုံးသွားသူတွေကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ အစုလိုက် သင်္ဂြိုဟ်ဖို့လည်း စီစဉ်

ပါလူမြို့ဟာ လူဦးရေ ၃၃၅၀ဝ၀ ရှိတဲ့ မြို့ဖြစ်ပြီး အပျက်အစီး ကြားမှာ ပိတ်မိနေနိုင်တဲ့ ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြို့တွင်းက ရိုအာ-ရိုအာ ဟိုတယ် အပျက်အစီး အောက်မှာ ပိတ်မိနေသူ ၂၄ ယောက်ကို လူအားနဲ့ အပျက် အစီးတွေ ဖယ်ရှားပြီး ကယ်ဆယ်နိုင်ခဲ့ပေမယ့် ဒါဇင်နဲ့ ချီပြီး ပိတ်မိသူတွေ ကျန်နေ နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

တာဝန်ရှိသူတွေ ကတော့ မြို့သူမြို့သားတွေကို နေအိမ်တွေမှာ ပြန်မနေဖို့ အကြံပြုနေကြပါတယ်။ တချို့ အိမ်တွေကတော့ ရေလှိုင်းဒဏ်ကြောင့် ပြားချပ် ပျက်စီးသွားတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တချို့ အိမ်တွေကတော့ ရေလှိုင်းဒဏ်ကြောင့် ပြားချပ် ပျက်စီးသွား

အခုလို ပါလူမြို့က ငလျင်ဒဏ်နဲ့ ဆူနာမီလှိုင်းဒဏ်ကနေ လွတ်မြောက်ထားတဲ့သူတွေအတွက် လိုအပ်တဲ့ အကူအညီ တွေကို မြို့တော် ဂျာကာတာ ကနေ လေယာဉ်နဲ့ စေလွှတ်ပေးနေပါတယ်။

ပါလူမြို့ လေဆိပ်မှာ မပျက်စီးပဲ ကျန်တဲ့ လေယာဉ်ပြေးလမ်း အစိတ်အပိုင်း ရှိသေးတဲ့အတွက်လည်း အခုလို ပို့လို့ ရတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေ အတွက်လည်း ပျက်စီးနေတဲ့ ဆေးရုံတွေရဲ့ အပြင်ဘက်မှာ ကုသပေးနေရပြီး စစ်တပ်ကလည်း မြေပြင် ဆေးရုံတခု ထူထောင် ပေးထားပါတယ်။

ဒါပေမယ့် နောက်ထပ် လူနာတဲတွေ၊ ဆေးဝါးနဲ့တကွ ဆေးပညာရှင်တွေ၊ စောင်၊ တာပေါ်လင်စ နဲ့ တခြား လူနာအတွက် အသုံး အဆောင် ပစ္စည်းတွေ လိုအပ်နေသေးတယ်လို့ အင်ဒိုနီးရှား ဆရာဝန်များ အဖွဲ့ ဒေသတွင်း အကြီးအကဲက ပြောဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပျက်စီးနေတဲ့ ဆေးရုံတွေရဲ့ အပြင်ဘက်မှာ ကုသပေးနေရပြီး စစ်တပ်ကလည်း မြေပြင် ဆေးရုံတခု ထူထောင်ပေးထား

ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီက ဖျက်ဆီး ခဲ့တဲ့ အပျက်အစီး ဧရိယာထဲမှာ ပျောက်ဆုံးနေတဲ့ မိမိဆွေမျိုးတွေကို အပူ တပြင်း လိုက်လံ ရှာဖွေ သူတွေကို တွေ့နေရပါတယ်။

ကျနော့်မိသားစုဝင်သုံးယောက်တော့ သေသွားတာတော့သိတယ် လို့ အဲဒီ လိုက်ရှာနေသူတွေထဲက တယောက်က ပြောပါတယ်။ အဲဒီထဲကမှ နှစ်ယောက် ကတော့ အသက်ကြီး ရွယ်အိုတွေဖြစ်ပေမယ့် တယောက်ကတော့ ခပ်ငယ်ငယ် ကလေး အဖေ ပါလို့သူက ဆိုပါတယ်။

သူ့ရဲ့ မိသားစုဝင်တ ချို့လဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာ ကျနော်တို့ မသိနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီလို အဖြစ်အပျက်တွေ ကတော့ အင်ဒိုနီးရှားက လူတွေ အတွက် အကျွမ်းတဝင်ဖြစ်နေပါပြီ ။ သူတို့ဆီမှာ ၂၀၀၄ က ဖြစ်ခဲ့တဲ့ ဆူနာမီတွေရဲ့ အမှတ်တရတွေက ကျန်နေဆဲပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်တချို့

"သူတို့ပြောတဲ့ ရှင်သန်မှု"

ငလျင်စလှုပ်တော့ သူတို့အားလုံး အရမ်းထိတ်လန့်ပြီး အိမ်တွေထဲကို ပြေးဝင်ခဲ့ကြတယ်လို့ အသက်ရှင် ကျန်သူတွေထဲက အသက် ၃၉ နှစ် အရွယ်ရှိတဲ့ အန်ဆာဘချ်မင်က AFP သတင်း ဌာနကို ပြောပါတယ်။

သူက ကျနော်တို့ လောလောဆယ်မှာ အစားအစာနဲ့ သောက်ရေသန့်တွေ လိုတယ်။ အခုည စားဖို့တောင် ဘာစားရမလဲ မသိဘူးလို့ ဆိုပါတယ်။

ပါလူမြို့မှာ နေထိုင်သူ တယောက်ဖြစ်တဲ့ ရူဆီဒန်တိုကလည်း လှိုင်းတံပိုးတွေ တက်လာပြီး အိမ်တွေကို တိုက်ချတဲ့အခါ ကျနော်လဲ ပြေးတော့တာပဲလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မိမိဆွေမျိုးတွေကို အပူတပြင်း လိုက်လံ ရှာဖွေသူ

ငလျင်လှုပ်တဲ့အခါ ပါလူမြို့ကို ဇနီး၊ သမီးတို့နဲ့ အတူ မင်္ဂလာပွဲ တခုတက်ဖို့ ရောက်နေတဲ့ ဒဝီဟာရီက ဟိုတယ်တခုထဲမှာ ရှိနေပါတယ်။

သူက အဲဒီအချိန်မှာ သူတို့ကို ကယ်ဖို့ အချိန်မရှိတော့ဘူးလို့ AP သတင်းဌာနကို သူက ပြောပါတယ်။ သူနောက်ဆုံး ကြားလိုက် တာကတော့ သူ့ဇနီးရဲ့ ကယ်ဖို့အော်သံနဲ့ ဘယ်လိုမှ ကယ်ချိန် မရခဲ့ဘူးလို့ ဆိုပါတယ်။

သူ့မိန်းမနဲ့ ကလေး ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပေမယ့် သူကတော့ သူတို့ လုံလုံခြုံခြုံ ရှိနေမယ်လို့ မျှော်လင့်နေတုန်း ပါပဲ။ ပါလူမြို့ စစ်ဆေးရုံမှာ ပခုံးထိ ခိုက်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူရင်း ဒဝီဟာရီက သူ့မိန်းမနဲ့ သမီးကို စောင့်နေ ပါတယ်။

ပါလူမြို့က လေကြောင်းထိန်းတယောက် ကတော့ အန္တရာယ်ရှိတဲ့ တာဝါ ပေါ်က မဆင်းပဲ နောက်ဆုံးအချိန်အထိ သူ့တာဝန် ကို ထမ်းဆောင်ရင်း သေဆုံးသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ် ပြုစု ကုသပေးနေတဲ့ ယာယီဆေးရုံ

အင်ဒိုနီးရှားက မကြာခဏ ငလျင်လှုပ်တတ်ပြီး မီးတောင်ပေါက်ကွဲတတ်တဲ့ အဝန်းအဝိုင်းမှာ တည်ရှိပြီး ငလျင်တွေ မကြာခဏ ဆိုသလို လှုပ်တဲ့ဒဏ် ခံရတဲ့နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးက ပင်လယ်ရေမျက်နှာပြင် အထက်မှာရှိတဲ့ မီးတောင်ရှင်တွေထဲက တဝက်ကျော်ဟာ အဲဒီ အဝန်းအဝိုင်း မှာ ရှိနေပါတယ်။

၂၀၁၄ ခုနှစ်မှာ အင်ဒိုနီးရှား ဆူမားတြားကျွန်းမှာ ဖြစ်ခဲ့တဲ့ ဆူနာမီဒဏ်ကြောင့် လူပေါင်း ၂၂၆၀၀၀ သေဆုံးခဲ့သလို အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၁၂၀၀၀၀ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ကတည်း လွမ်ဘော့ကျွန်းမှာ အင်အားပြင်းတဲ့ ငလျင်တွေ ဆက်တိုက် လိုလို လှုပ်ခက်ခဲ့လို့ လူ ၄၆၀ ကျော် သေဆုံးခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အင်ဒိုနီးရှား ငလျင်

ဒီသတင်းနဲ့ပတ်သက်သမျှ