အာရှနိုင်ငံသားတချို့ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်

ဓာတ်ပုံ မူပိုင် Eko
Image caption မြောက်ဦးက ရှေးပုထိုးများ

အောက်တိုဘာ ၁ ရက်နေ့က စလို့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် အာရှနိုင်ငံသား တချို့ကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။

ဒါကြောင့် ဒီနေ့ဟာ ဆိုက်ရောက်ပြည်ဝင်ခွင့်ပေးတာတွေ စတင် အသက်ဝင်တဲ့နေ့ပဲဖြစ်ပါတယ်။ ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့ နိုင်ငံတွေထဲမှာ ကိုရီးယား၊ လာအို၊ ဟောင်ကောင်နဲ့ ဂျပန်တွေဖြစ်ကြပြီး တရုတ်နိုင်ငံကိုတော့ ဆိုက်ရောက်ဗီဇာ ပေးထားပါတယ်။

အခုလက်ရှိ အစိုးရရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအနက် ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံက ၃၀ ရာခိုင်နှုန်းကျော် ၊ ကိုးရီးယားနိုင်ငံက ၁၇ ရာခိုင်နှုန်းနဲ့ ဂျပန်က ၁ ရာခိုင်နှုန်း ရှိတာကြောင့် အခုလို တရုတ်၊ ကိုရီးယား၊ ဂျပန်တို့အပေါ် ဗီဇာဖြေလျော့မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်ပ ခရီးသွားဧည့်သည် လာနှုန်းကို တိုးမြင့်နိုင်မယ်လို့ ယုံကြောင်း Right Myanmar ခရီးသွား ကုမ္ပဏီ ရဲ့ အမှုဆောင်အရာရှိချုပ် ဦးရဲထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကိုရီးယားနဲ့ ဂျပန်ကတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ အင်းလေးဘက်ကို လည်ပတ်တာများပြီး တရုတ်နိုင်ငံသားတွေကတော့ ရန်ကုန်နဲ့ ချောင်းသာ ၊ ငွေဆောင် စတဲ့ကမ်းခြေတွေကို သွားရောက် လည်ပတ်တာ များတယ်လို့ ဦးရဲထွန်းဦးက ဆိုပါတယ်။

တရုတ်နိုင်ငံက စင်းလုံးငှားလေယာဉ်တွေ မန္တလေးနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေကို တိုက်ရိုက်ဆင်းသက်ဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းနေပြီး လာမယ့် ခရီးသွားရာသီမှာတော့ သိသိသာသာ ခရီးသွားဧည့်သည်တွေ တိုးတက် လာမယ်လို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ခရီးသွားလုပ်ငန်းတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီအတွက် အနောက်တိုင်းနဲ့ ဥရောပသား ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှု နည်းပါးသွားပေမယ့် အရှေ့တိုင်း အာရှနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားတွေကတော့ အရင်ကထက် ပိုပြီး ဝင်ရောက်လာမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အလည်အပတ် ခရီးသွားလုပ်ငန်းမှာ အာရှနိုင်ငံသားတွေက ၇၀ ရာခိုင်နှုန်းရှိပြီး ဥရောပ နိုင်ငံသားတွေက ၃၀ရာခိုင်နှုန်းရှိပါတယ်။

ဓာတ်ပုံ မူပိုင် Eko
Image caption လာရောက်လည်ပတ်သူတွေနဲ့ ပုဂံရဲ့ ညနေဆည်းဆာ

ဒါ့အပြင် ခရီးသွားဧည့်သည်တွေရဲ့ အဓိကထားလည်ပတ်တဲ့ နေရာတွေက ပုဂံ၊ မန္တလေး၊ အင်းလေး၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေဖြစ်တာကြောင့် ပြဿနာတက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ အဝေးကြီးဖြစ်လို့ သက်ရောက်မှု မရှိနိုင်ကြောင်းကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။