ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီး မူဝါဒနဲ့ဆိုင်သလား

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် Aung Thura/ BBC
Image caption ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေညီလာခံ အပါအဝင် တခြား အနောက်နိုင်ငံ ခရီးစဉ်တွေကို မသွားပဲ ရှောင်လေ့ရှိပြီး အာရှတွင်း ခရီးစဉ်တွေကိုပဲ ပိုပြီး ရွေးချယ် သွားလာတာဟာ ဘယ်လို သဘော ဆောင်ပါသလဲ။

ရခိုင်အရေးကြောင့် အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ငဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲ လာတဲ့သဘောပါလား။

ဒါနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဘီဘီစီက ဆက်သွယ် မေးမြန်း ထားပါတယ်။

ဒေါက်တာမျိုးညွန့်။ ။ ယေဘုယျအားဖြင့် အနောက်နိုင်ငံတွေက ကျွန်တော်တို့ နိုင်ငံပေါ်မှာ ဆက်ဆံရေး လျော့ပါးသွားတယ်။ အဲဒီအတွက် အရှေ့ပိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုများလာတာပေါ့။ စီးပွားရေးရော ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရော ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိလာတာပါ။ ဒါက မူဝါဒပိုင်းဆိုင်ရာ ပြောရမှာပါ။

ဘီဘီစီ။ ။ အနောက်နိုင်ငံတွေဆီ ခရီးမထွက်ပဲ ရှောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲသွားပြီလို့ ပြောနိုင်လား။

ဒေါက်တာမျိုးညွန့်။ ။ အနောက်နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည် ရှောင်တယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ သူသွားတဲ့ခရီး၊ လုပ်တဲ့အလုပ်နဲ့ ပြောတဲ့စကား အကျိုးရှိဖို့လိုပါတယ်။ လောလောဆယ် မှာ အကျိုး မရှိဘူး ထင်ရင်တော့ မလုပ်ဘူးပေါ့။ ဒါက ကိုယ်ရဲ့ ရွေးချယ်မှုပါ။ သိသာထင်ရှားတဲ့အကျိုးကျေးဇူး တစုံတရာမမြင်ရင်တော့ ခရီးသွားမှာ မဟုတ်ပါဘူး။ ရှောင်ရှားတဲ့သဘောတော့ မဟုတ်ပါဘူး။

ဘီဘီစီ။ ။ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံကို တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုပြီးနီးစပ်သွားအောင် တွန်းပို့နေတဲ့ အဖြစ်မျိုး ရောက်နေလား။

ဒေါက်တာမျိုးညွန့်။ ။ ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းအခြေအနေကို ပိုပြီးတော့ နားလည်မှု ရှိမယ်၊ မြန်မာအစိုးရရဲ့ လက်ရှိဆောင်ရွက်မှုနဲ့ ပိုပြီးတော့ နီးစပ်လာမှာပါ။

ဘီဘီစီ။ ။ အနောက်နိုင်ငံတွေဘက်က ဖိအားပေးတာအပြင် သူတို့ အနေနဲ့ တခြား အပြုသဘောဆောင်တဲ့ နည်းလမ်းတွေ ဘာတွေ လုပ်သင့်တယ်ထင်လဲ။

ဖြေ။ ။အနောက်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးရာရောက်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ် အရေးမှာ အရှေ့အလယ်ပိုင်း အရေး Arab Spring လို ဘယ်သောအခါမှာ မပြေလည်နိုင်တဲ့ လူမျိုးရေးပြဿနာကို မီးမွှေးရာ ရောက်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒုက္ခသည်ပြန်လည်လက်ခံရေးကို အဆင်ပြေချောမွေ့အောင်၊ လွယ်ကူ လျင်မြန်အောင် ပူးပေါင်း ပါဝင်တာဟာ ပိုပြီး လက်တွေ့ကျမယ်။ ဖိအားပေးမှုကြောင့် ကျွန်တော်တို့နိုင်ငံက ပြန်လက်ခံရရင်တောင်မှ ဘယ်သောအခါမှ မကျေလည်နိုင်တဲ့ ရန်ငြိုးတွေ လူမျိုးစု နှစ်ခုကြားမှာ ကျန်ရှိနေမယ်။