စစ်တပ်က သေနတ်နဲ့ပစ်လို့ ကျောက်မဲဒေသခံ တဦး သေဆုံး

ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ မြေတွေလို့ ဒေသခံတွေဘက်ကပြော
Image caption ပြီးခဲ့တဲ့ ဇွန်လကလည်း ကျောက်မဲဒေသမှာ စစ်တပ်က မြေသိမ်းလို့ ဒေသခံတွေ ကန့်ကွက်ခဲ့ကြ

အောက်တိုဘာလ အစောပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ရှမ်းအမျိုးသား တယောက်ကို တပ်မတော်ဘက်က မှားယွင်း ပစ်ခတ်မိတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲဒီအတွက် သေဆုံးသူရဲ့ မိသားစုကို တာဝန်ရှိသူတွေက ငွေကြေး ထောက်ပံ့ပြီး ကျေအေးစေခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁ရက် ညနေ ၆နာရီလောက်မှာ တရုတ်နဲ့ မြန်မာကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အနီးမှာရှိတဲ့ အစိုးရ ကင်းစောင့်တပ်က မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ တဦးကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူက အသက် ၃၄ နှစ်အရွယ် ကျောက်မဲမြို့နယ် နောင်အန်းရွာမှာ နေထိုင်တဲ့ လယ်သမား စိုင်းအိုက်ထွန်းဖြစ်ပါတယ်။

သူက ကျောက်မဲနဲ့ ၁ဝ မိုင် ဝေးတဲ့ တောင်ယာခင်းကို ဆိုင်ကယ်နဲ့ သွားတုန်းမှာ အင်အား ၁၅ယောက် လောက်ပါတဲ့ ခမရ (၅၀၄) တပ် လှည့်ကင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာ စိုင်းအိုက်ထွန်းက ဆိုင်ကယ်ကို နောက်ပြန်လှည့် မောင်းသွားရာမှာ လှည့်ကင်းက ရပ်တန့်ဖို့ ပြောပေမယ့် ကြောက်ရွံ့ပြီး ဆက်မောင်းခဲ့ရာမှာ လှည့်ကင်းက ပစ်ခတ်လို့ နောက်ကျောကို ကျည်ဆန် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံး ခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အခုကာလဟာ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလဖြစ်လို့ ဘာမှ မဆိုင်တဲ့ အရပ်သားရွာသားတွေကို နောက်ထပ် ဒီလို အဖြစ်တွေ မကြုံရအောင် ရှောင်ရှားသင့်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ စိုင်းရွက်လွင်က ဘီဘီစီကို ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တာဝန်ရှိသူတွေက ဒေသခံ ကျေးရွာ လူကြီးတွေကို ဆင့်ခေါ်ပြီး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သေဆုံးသူရဲ့ မိခင်ကို ဆန်၊ဆီ၊ သကြား ကော်ဖီထုပ်တွေနဲ့ ငွေသား ၁၀ သိန်း ထောက်ပံ့ကူညီ ပေးအပ်ခဲ့ပါတယ်။

သေဆုံးသူမှာ ဇနီး နဲ့ ခြောက်လ အရွယ် သမီးငယ်လည်း ကျန်ရစ်ခဲ့ပြီး မိသားစုက ဒီဖြစ်ရပ်ကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် တရားဥပဒေအတိုင်း အရေးယူရင် သေသူ အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး အချိန်ကုန် အချိန်ကြာလိမ့်မယ် ဆိုလို့ တပ်မတော်ဘက်က လာရောက် တိုက်တွန်းခဲ့တာကြောင့် နောက်ဆုံးမှာ သေဆုံးသူရဲ့ မိခင်ဘက်က အမှုကို ကျေအေးပေးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ဒီလို ဒေသခံ အရပ်သား သေဆုံးရမှုတွေ နောင်မှာ မဖြစ်အောင် ရှမ်း လူမှု အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံတွေကိုလည်း အသိပညာ တိုးမြှင့်ပေးဖို့ ဆောင်ရွက်သွားဖို့ လိုပြီး သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်နဲ့ အခြား ဒေသခံ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း သတိပေးချက်တွေ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Shan Human Rights Foundation
Image caption သေနတ်ပစ်မှု ဖြစ်ပွားခဲ့တဲ့ ဒေသ တဝိုက်ပြ မြေပုံ

သေနတ်ပစ်ခတ်မှုက ရခိုင်ပြည်နယ် ကျောက်ဖြူဘက် ဘင်္ဂလားပင်လယ်အော်ကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်ကို သွယ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ၄၉ ပေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီပိုက်လိုင်းကို ၂၀၁၂ ခုနှစ်က ကျောက်မဲနဲ့ သီပေါကြား ဘော်ကြိုဘုရားအနီး မှာ China National Petroleum Corporation ကုမ္ပဏီက ဆောက်လုပ်ခဲ့တာမှာ ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပေမယ့် အစိုးရက ဆက်လုပ်ခဲ့ပါတယ်။

ဒီပိုက်လိုင်း တည်ဆောက်တုန်းကလည်း နောင်အန်းရွာက လယ်သမား ၁၅ ဦး ပိုင်တဲ့ ခြံမြေ ဧက ၂၅ ဧကကို စီမံကိန်းအတွက် သိမ်းယူခဲ့ပါတယ်။

သေနတ်ပစ်ခတ်မှုက ရခိုင်ပြည်နယ် ကျောက်ဖြူဘက် ဘင်္ဂလားပင်လယ်အော်ကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်ကို သွယ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ၄၉ ပေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။

ဒီပိုက်လိုင်း တည်ဆောက်တုန်းကလည်း နောင်အန်းရွာက လယ်သမား ၁၅ ဦး ပိုင်တဲ့ ခြံမြေ ဧက ၂၅ ဧကကို စီမံကိန်းအတွက် သိမ်းယူခဲ့ပါတယ်။