ချင်းဒုက္ခသည်အရေး UNHCR နဲ့ ချင်းမျိုးနွယ်စုတွေ ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် Alliance of Chin Refugees
Image caption မလေးရှားမှာ ချင်းဒုက္ခသည်များကို ပြန်မပို့ရေး UNHCR ရုံးရှေ့ဆန္ဒပြခဲ့ကြစဉ်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ချင်းဒုက္ခသည်တွေကို နိုင်ငံရေးခိုလှုံခွင့် ရုပ်သိမ်းတာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြဖို့ မြန်မာနိုင်ငံက ချင်းမျိုးနွယ်စု အသိုင်းအဝိုင်း ကိုယ်စားလှယ် ၂၅ ဦးကို လာမယ့် နိုဝင်ဘာ ၃ ရက်မှာ တွေ့ဆုံမယ်လို့ ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဆလိုင်းအောင်လိန်းက ဘီဘီစီကို ပြောပါတယ်။

" UNHCR ဘက်က သူတို့လုပ်ငန်းတာဝန်နဲ့ လုပ်ဆောင်ချက်ကို ပြန်ရှင်းပြမယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ဘက်ကတော့ ပြန်မေးစရာတွေ ရှိတယ်။ ဘာလို့ ချင်းလူမျိုးကိုမှ ရွေးပြီး ဒီလိုလုပ်တာလဲ။ အခု ချင်းတွေကို ဒီလို ခိုလှုံခွင့်ရုပ်သိမ်းတဲ့ ကိစ္စဟာ UNHCR ရဲ့ လုပ်ဆောင်ချက်တွေနဲ့ လွဲနေတယ်။ နောက်တခုက ချင်းပြည်နယ်ဟာ တည်ငြိမ်အေးချမ်းနေပြီလို့ ပြောတယ်။ တိုက်ပွဲတွေ ရှိနေတာကို ဘာလို့ ဒီလိုပြောလဲဆိုတာကို ကျနော်တို့က အဓိကထား ပြန်မေးခဲ့ပါမယ်" လို့ ဆလိုင်းအောင်လိန်းက ဆိုပါတယ်။

တိုက်ပွဲတွေဟာ ချင်းပြည်နယ်တခုလုံးမှာ မဖြစ်ပေမယ့် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပလက်ဝလို နေရာမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အခုချိန်ထိ ထွက်ပြေးတိမ်းရှောင် နေရတုန်းပဲလို့ သူက ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ တချို့နေရာတွေမှာ လုံခြုံမှုရှိပေမယ့် အစားအသောက် အလုပ်အကိုင်နဲ့ ပညာရေး ကဏ္ဍတွေမှာ ဖွံ့ဖြိုးဖို့ လိုအပ်နေတုန်းပဲလို့ ဆလိုင်းအောင်လိန်းက ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ချင်းလူမျိုး သုံးသောင်းကျော်ကို ထုတ်ပေးထားတဲ့ ကုလသမဂ္ဂ သက်သေခံကတ်ကို လာမယ့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိသာ ကိုင်ဆောင်ခွင့်ရှိမှာဖြစ်ပြီး အဲဒီရက်ကျော်လွန်ရင်တော့ မလေးရှားနိုင်ငံမှာ ဆက်ပြီး လက်ခံတော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာပြည်မှာရှိတဲ့ ချင်းလူမှု အဖွဲ့အစည်းတွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကို ပြန်လည်စဉ်းစားဖို့ ပြောဆိုခဲ့တာကြောင့် အခုလို UNHCR ဘက်က ခေါ်ယူတွေ့ဆုံတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်ရဲ့ လက်ရှိအနေအထားအရ ဒုက္ခသည်တွေဘက်က ပြန်လာဖို့ အဆင်သင့် မဖြစ်တာအပြင် ပြန်လာမယ့် လူတွေအတွက် အကြီးမားဆုံး အခက်အခဲက ထွက်သွားသူ အများစုဟာ တရားမဝင် နယ်စပ် ဖြတ်ကျော်ပြီး သွားကြတာကြောင့် ပြန်လာမယ်ဆိုရင် တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စကို ဖြေရှင်းလို့ မပြေလည်သရွှေ့ ပြန်လာလို့မရတဲ့ အခြေအနေဖြစ်တယ်လို့ ဆလိုင်းအောင်လိန်းက ရှင်းပြပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်ထဲမှာ ပါဝင်ပြီး၊ ပြည်နယ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဟာလဲ နယ်စပ်လုံခြုံရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတကာမှ ခိုလှုံနေသူ ချင်းလူမျိုးအများစုဟာ ပြန်လာဖို့ ငြင်းဆန်နေတာပဲ ဖြစ်တယ်လို့ မလေးရှားရောက် ချင်းဒုက္ခသည်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ