ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် အဖမ်းခံရတဲ့သတင်း အပါအဝင် နိုဝင်ဘာ ၁ ရက် ညနေခင်း သိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် MSCO
Image caption ပုပ္ပါးရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

(၁) ပုပ္ပားတောင် မြေပြိုမှု ဘူမိပညာရှင်တွေနဲ့အတိုင်ပင်ခံ ဆွေးနွေး

ပုပ္ပါးကို နိုဝင်ဘာ ၁ ရက်နေ့မှာ ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ပုပ္ပားတောင်ရဲ့ မြေပြိုမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘူမိဗေဒပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။

ပုပ္ပားတောင်ဟာ ၂၀၁၇ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း မိုးပြင်းပြင်းထန်ထန် ရွာသွန်းတာကြောင့် တောင်မကြီးနဲ့ အနီးအနားက ရွာတချို့တို့မှာ မြေပြိုတာတွေ ဖြစ်ခဲ့ပြီး ဘူမိဗေဒပညာရှင်တွေက မြေပြင်ကွင်းဆင်းစစ်ဆေးတာတွေ လေးကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

ပုပ္ပားတောင်မကြီးဟာ ၄၉၈၁ ပေမြင့်ပြီး တောင်မကြီးရဲ့ တောင်ဘက်အခြေမှာ ၂၄၁၇ပေမြင့်တဲ့ ပုပ္ပားတောင်ကလပ်ရှိပါတယ်။

(၂) ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် အဖမ်းခံရ

ဓာတ်ပုံ မူပိုင် Aung Kyaw Oo
Image caption အဖမ်းခံထားရတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေ

ထိုင်းနိုင်ငံ မဲဆောက်မြို့က ရပ်ကွက် ၆ ခုမှာ အထောက်အထားမပြည့်စုံတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၃၀၀ ကျော် ကို ဒီကနေ့ နိုဝင်ဘာလ (၁) ရက်နေ့ က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်၊ အုပ်ချုပ်ရေးဌာန နဲ့ အလုပ်အကိုင်းရှာဖွေရေးဌာနတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံထဲမှာ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေ၊ အထောက်အထားမပြည့်စုံသူတွေ နဲ့ ရက်လွန်နေထိုင်သူတွေကို အရေးယူတဲ့ Operation X-Ray အထူးအစီစဉ်အရ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူး ရဲဗိုလ်မှူးကြီး မင်န် က ပြောပါတယ်။

အခု ဖမ်းဆီးရမိသူတွေ အားလုံးကို မြန်မာနိုင်ငံဖက်ကို ပြန်ပို့မှာ ဖြစ်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူး က ပြောပါတယ်။

(၃) သေနတ်ကျည် မတော်တဆမှန်လို့ ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရ

Image caption မန္တလေးတိုင်းရဲတပ်ဖွဲ့

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေ ရဲစခန်းမှာ သေနတ်ကျည်ပေါက်ထွက်သွားပြီး ရဲတပ်ကြပ်တစ်ဦး ရဲ့ ဝမ်းဗိုက်ကျည်မှန်သွားလို့ ဒဏ်ရာရသူကို အရေးပေါ်ဆေးရုံ တင်ခဲ့ရပါတယ်။

တရားရုံးလုံခြုံရေးဆောင်ရွက်ဖို့ ထုတ်ပေးထားတဲ့ ရဲတပ်သားတစ်ဦး ကိုင်ဆောင်ထားတဲ့ သေနတ်က မတော်တဆ ကျည်ထွက်ပြီး ဘေးမှာရှိတဲ့ ရဲတပ်ကြပ်ကြီးကို ထိမှန်ခဲ့တာလို့ မန္တလေးတိုင်းရဲစခန်းက ပြောပါတယ်။ ရဲတပ်ကြပ်ကို ဝမ်းဗိုက်ကျည်မှန်ခဲ့တဲ့ ဒဏ်ရာဟာ ရှပ်ထိခဲ့တာ ဖြစ်လို့ စိုးရိမ်စရာ မရှိဘူးလို့လည်း စခန်းက ပြောပါတယ်။

(၄) ရန်ကုန်-မီလန် လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲ

ဓာတ်ပုံ မူပိုင် YACL
Image caption ရန်ကုန်-မီလန် လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲ

မြန်မာနိုင်ငံ နဲ့ အီတလီ၊ ဥရောပ တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲမယ့် Neos လေကြောင်းလိုင်းသစ်ကို အောက်တိုဘာလ ၃၁ ရက်နေ့ကစလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် က စတင်ပြေးဆွဲနေပြီ လို့ လေကြောင်းလိုင်း က သတင်းထုတ်ပြန်ပါတယ်။

မီလန်- ရန်ကုန် အပြန်လှန် ခရီးစဉ်သစ်အတွက် ခရီးသည် ၂၈၄ ဦး အထိ တင်ဆောင်နိုင်မယ့် ဘိုးအင်း ၇၆၇ - ၃၀၀ ER အမျိုးအစားလေယာဉ်ကို အသုံးပြု ပြေးဆွဲပျံသန်းမယ်လို့လည်း ထုတ်ပြန်ပါတယ်။

() ရန်ကုန်တက္ကသိုလ်မှာ ဝင်ခွင့်ရပြီး ကျောင်းမအပ်သူ လေးပုံတစ်ပုံရှိ

ဓာတ်ပုံ မူပိုင် Yangon University
Image caption သမိုင်းများစွာ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှာ တက္ကသိုလ် ၁၁ ခုက ဝင်ခွင့်စနစ် ကိုယ့်ဘာသာ သတ်မှတ်ပြီး ကျောင်းဝင်ခွင့်ပေးတာကို စတင်ပြဋ္ဌာန်းကျင့်သုံးခဲ့ရာ တချို့ကျောင်းတွေမှာ ကျောင်းမအပ်သူ အရေအတွက် များလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ ဒီနှစ် ပထမနှစ် သင်တန်းတွေအတွက် ဝင်ခွင့်ပြုတဲ့ ကျောင်းသူကျောင်းသား အရေအတွက် က ၂,၀၀၀ နီးပါး ဖြစ်ပေမယ့် တကယ်တမ်းမှာ ကျောင်း လာမအပ်တဲ့ သူ ၅၀၀ ကျော် ရှိနေတယ်လို့ ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်းထိန်းဦးအောင်စိုး က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ ဒီနှစ် ပထမနှစ် အတွက် ကျောင်းသူကျောင်းသားတွေ လျှောက်ကြရာမှာ လျှောက် သူတွေ ထဲက ၁,၉၆၂ ယောက် ကို ဝင်ခွင့်ပြုတယ် ဆိုပေမယ့် အောက်တိုဘာလ ၁၇ ရက် နောက်ဆုံး ကျောင်းအပ်ရက် အထိ ကျောင်းသူ ကျောင်းသား ၁,၃၈၉ ယောက် ပဲ လာရောက်အပ်နှံကြတယ် လို့ ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်းထိန်းဦးအောင်စိုး က ဘီဘီစီ ကို အတည်ပြု ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ