ရန်ကုန်တက္ကသိုလ်မှာ ဝင်ခွင့်ရပြီး ကျောင်းမအပ်သူ လေးပုံတစ်ပုံရှိ

၂၀၁၈-၁၉ ပညာသင်နှစ်မှာ တက္ကသိုလ် ၁၁ ခုက ကိုယ်ပိုင် ကျောင်းဝင်ခွင့်စနစ် စတင်ကျင့်သုံးခဲ့ ဓာတ်ပုံ မူပိုင် NICOLAS ASFOURI/AFP/Getty Images
Image caption ၂၀၁၈-၁၉ ပညာသင်နှစ်မှာ တက္ကသိုလ် ၁၁ ခုက ကိုယ်ပိုင် ကျောင်းဝင်ခွင့်စနစ် စတင်ကျင့်သုံးခဲ့

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှာ တက္ကသိုလ် ၁၁ ခုက ဝင်ခွင့်စနစ် ကိုယ့်ဘာသာ သတ်မှတ်ပြီး ကျောင်းဝင်ခွင့်ပေးတာကို စတင်ပြဋ္ဌာန်းကျင့်သုံးခဲ့ရာ တချို့ကျောင်းတွေမှာ ကျောင်းမအပ်သူ အရေအတွက် များလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ ဒီနှစ် ပထမနှစ် သင်တန်းတွေအတွက် ဝင်ခွင့်ပြုတဲ့ ကျောင်းသူကျောင်းသား အရေအတွက် က ၂,၀၀၀ နီးပါး ဖြစ်ပေမယ့် တကယ်တမ်းမှာ ကျောင်း လာမအပ်တဲ့ သူ ၅၀၀ ကျော် ရှိနေတယ်လို့ ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်းထိန်းဦးအောင်စိုး က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်း ပညာတက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(မန္တလေး)၊ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်(ရန်ကုန်)၊ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့ရဲ့ ဝင်ခွင့်တွေကို အရင် နှစ်တွေကလို တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က မရွေးချယ်ဘဲ သက်ဆိုင်ရာတက္ကသိုလ်များရဲ့ ကိုယ်ပိုင် အစီအစဉ်နဲ့ ရွေးချယ်တဲ့ စနစ်စတင်ခဲ့တာပါ။

ရန်ကုန် တက္ကသိုလ်မှာ ဒီနှစ် ပထမနှစ် အတွက် ကျောင်းသူကျောင်းသားတွေ လျှောက်ကြရာမှာ လျှောက် သူတွေ ထဲက ၁,၉၆၂ ယောက် ကို ဝင်ခွင့်ပြုတယ် ဆိုပေမယ့် အောက်တိုဘာလ ၁၇ ရက် နောက်ဆုံး ကျောင်းအပ်ရက် အထိ ကျောင်းသူ ကျောင်းသား ၁,၃၈၉ ယောက် ပဲ လာရောက်အပ်နှံကြတယ် လို့ ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်းထိန်းဦးအောင်စိုး က ဘီဘီစီ ကို အတည်ပြု ပြောပါတယ်။

နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာလည်း အလားတူ ဖြစ်ခဲ့ပေမယ့် ဝင်ခွင့် စနစ် ကို ဖြည့်စွက် စီမံထားတဲ့ အတွက် လစ်လပ်တဲ့ နေရာ အရေအတွက်ကို ထပ်ဖြည့်နိုင်ခဲ့ကြောင်း အဲဒီတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော့် ကျောင်းက ကျောင်းသူကျောင်းသား ၈၀၀ လက်ခံနိုင်ပါတယ်၊ ပထမအကြိမ်ဝင်ခွင့် ၁,၁၅၅ ယောက် ထုတ်ပြန်လိုက်ပါတယ်၊ မလာပါဘူး၊ ၆၀၀ နီးပါးပဲ လာပါတယ်၊ အဲတော့ ၂၀၀ ကျော် မလာဘူးဆိုတဲ့ သဘောပါ" လို့ ဒေါက်တာကြည်ရွှင်က ဆိုပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်ကို လျှောက်ထားသူတွေဟာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပြီး အဲဒီမှာ အထူးပြုဘာသာရပ် မှားယွင်း လျှောက်ထားသူတွေနဲ့ ဝင်ခွင့် အမှတ်မမီသူတွေ ဆိုပြီး အမျိုးစား နှစ်မျိုးနဲ့ ဝင်ခွင့် မရတဲ့ သူတွေ ရှိတယ်လို့ ဆိုပါတယ်။ အခုလို ကျောင်း တကယ် လာအပ်ချိန်မှာ လာမအပ်သူတွေ ရှိတဲ့အခါ အဲဒီ ဝင်ခွင့်တုန်းက ကျန်ခဲ့သူတွေကို ထပ်မံ စိစစ် ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးတယ်လို့ ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေက သူတို့ လိုချင်တဲ့ ကျောင်းတွေ အများကြီးလျှောက်ပြီး စိတ်ကြိုက်ရွေးချယ်ခဲ့ကြလို့ ဒီလို ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီစနစ်အောက်မှာ ရန်ကုန်တက္ကသိုလ် ကလက်ခံနိုင်ပြီး လစ်လပ်နေတဲ့ ၅၀၀ ကျော်နေရာမှာ အရင်ကနဦးက ရန်ကုန်တက္ကသိုလ် ကိုတက်ချင်လို့ လျှောက်ကြပြီး ဝင်ခွင့်မရခဲ့တဲ့ ကျောင်းသားတွေကို ထပ်ဖြည့် ခေါ်ဖို့အရေးကလည်း မသေချာသေးဘူးလို့သိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တက္ကသိုလ်ဝင်တန်း အောင်ခဲ့တဲ့ မသန်စွမ်း လူငယ်လေး

ဆက်စပ် အကြောင်းအရာများ