ကချင်ဓမ္မဆရာမအပါအဝင် လူပေါင်း ၁၅ ဦး ပျောက်ဆုံးဆဲနဲ့ နိုဝင်ဘာ ၂ ရက် မနက်ခင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Yawng Htang
Image caption ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည် စခန်း တချို့က စစ်ဘေးရှောင်တို့ ထင်းသယ်လာစဉ်

(၁) ကချင်ဓမ္မဆရာမ အပါအဝင် လူ (၁၅)ဦးပျောက်ဆုံးဆဲ

ကချင်ပြည်နယ် တရုတ်နယ်စပ်လမ်း မှာ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတဲ့ ကချင် ဓမ္မဆရာမအပါအဝင် လူ ၁၅ ဦးဟာ အခုချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က သတင်းရရှိပါတယ်။

ဖမ်းဆီးခံရသူ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဓမ္မဆရာမ ခေါင်ညွယ်နဲ့ အတူ စစ်ရှောင် စခန်းမှာ လုပ်အားပေး ကူညီနေသူ အမျိုးသမီးတဦးလဲ ပါဝင်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဆမ်ဆွမ်ခရမ်က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ ဆမ်ဆွမ်ခရမ်က ကျွန်တော်တို့ကတော့ အမြဲသွားလာနေတဲ့ လူတွေဖြစ်နေတော့ စစ်ဆေးပြီးမှ ပြန်လွှတ်ရင်တော့ ကောင်းတာပေါ့၊ အခုလို ရက်ကြာသွားတာတော့ မကောင်းပါဘူး အားလုံးလဲ စိတ်ပူနေကြပြီ လို့ ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာ လိုင်ဇာနဲ့ နမ်ဆမ်ယမ် သွားတဲ့ လမ်းမှာ အစိုးရတပ်က ဖမ်းခေါ်သွားတာဖြစ်ပြီး အခုအခါ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးခွန်ဂျာရဲ့ ဆက်သွယ်မေးမြန်းမှုကြောင့် ကချင်ပြည်နယ် နယ်လုံဝန်ကြီးမှ တဆင့် ဆရာမတို့အဖွဲ့ကို ဖမ်းဆီးထားတယ်ဆိုတာ သိရကြောင်း ဒေါက်တာ ဆမ်ဆွမ်ခရမ်က ပြောပြပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသက စစ်ရှောင်းခန်းတွေကို သွားရင် မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အရေးယူနိုင်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက KBC ကို မေလ (၂၁) ရက်က စာနဲ့ သတိပေးခဲ့ပါတယ်။

အခုချိန်မှာတော့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က ဆရာမအပါအဝင် လူ ၁၅ ဦးကို ပြန်လည်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ ဌာန အသီးသီးကို လိုက်လံ ဆက်သွယ်နေပါတယ်။

(၂) လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီကို အခု အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်စွဲနဲ့ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဒေါက်တာ ဝင်းမြတ်အေးကတော့ ဒုဥက္ကဌ ဖြစ်ပါတယ်။

ဒီကော်မတီရဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ် မှာရှိတဲ့ လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး ၊ ပြန်လည်နေရာချထားရေးတွေအတွက် ထိထိရောက်ရောက် ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နေရပ်စွန့်ခွာသူ တွေကို ပြန်ခေါ်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန်နိုင်ငံရဲ့ စက်ရုံတခု

(၃) ပြည်ပလုပ်သားတွေ အမြဲနေထိုင်ခွင့်ဥပဒေ ဂျပန်အတည်ပြု

ပြည်ပကနေ လာတဲ့ ကာယလုပ်သားတွေကို အမြဲတမ်း နေထိုင်ခွင့် ပေးမယ့် ဥပဒေကို ဂျပန်အစိုးရက အတည်ပြုလိုက်ပါပြီ။

လူဝင်မှုကြီးကြပ်ရေး တင်းကြပ်တဲ့ ဂျပန်နိုင်ငံဟာ သက်ကြီး လူဦးရေ မြင့်လာပြီး လုပ်သားအင်အား ပြတ်တောက်မှု ကြုံနေရချိန်မှာ အစိုးရက အခု ဥပဒေကို ပြဌာန်းလိုက်တာပါ။

ဥပဒေအသစ်အရ ပြည်ပလုပ်သားတွေဟာ ဂျပန်မှာ နေထိုင်ခွင့် အနည်းဆုံး ၅ နှစ် ရမှာဖြစ်ပြီး ဂျပန်ဘာသာစကားကို ပြောဆိုနိုင်တဲ့ ကျွမ်းကျင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ နှစ်အကန့်အသတ်မရှိ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ဂျပန်အစိုးရကတော့ ဒီအစီအစဉ်ကို ဧပြီလမှာ စတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

(၄)စက်မှုလုပ်ငန်း သူလျှိုလုပ်မှု အမေရိကန် တုံ့ပြန်

အမေရိကန် တရားရေးဌာနဟာ စက်မှုလုပ်ငန်းမှာ တရုတ်ရဲ့ သူလျှို လုပ်မှုအပေါ် ပြန်လည်တုန့်ပြန်ဖို့ ရှေ့ဆောင်အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ စီးပွားဖက် ဖြစ်ချင်၊ မဖြစ်ချင် ဆိုတာနဲ့ လိမ်လည် ခိုးယူမှုတွေနဲ့ အဂတိပြွမ်းတဲ့ စီးပွားရေးကို ထူထောင်တဲ့ အစိုးရအဖြစ် သတ်မှတ်ခံရတာမျိုး ဖြစ်ချင် မဖြစ်ချင်ဆိုတာက တရုတ်အပေါ် မူတည်တယ်လို့ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်စ်က ပြောပါတယ်။

အမေရိကန် ကုန်သွယ်မှု လျှို့ဝှက်ချက်တွေကို ခိုးယူတယ်ဆိုပြီး တရုတ်နဲ့ ထိုင်ဝမ်မှာ အခြေအစိုက်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ လူပုဂ္ဂိုလ် သုံးယောက်ကို အမေရိကန်တရားရေး ဌာနက စွဲချက်တင်ခဲ့ပါတယ်။

ဘေဂျင်းဘက်ကတော့ ဒီကိစ္စကို ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ