အမေရိကန် ဒုလက်ထောက်ဝန်ကြီး ရဲ့ မြန်မာ ခရီးစဉ် အပါအဝင် စိတ်ဝင်စားဖွယ် သတင်းများ

ဓာတ်ပုံ မူပိုင် NYUNT WIN / EPA
Image caption မြန်မာပြည်ကို ၄ ရက် ကြာ ခရီးစည် အဖြစ် ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ဒုတိယလက်ထောက်ဝန်ကြီး ရစ်ချက်အော်လ်ဘရိုက်

(၁) အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်

မြန်မာပြည်ကို (၄) ရက် ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာဗျူရိုရဲ့ ဒုတိယလက်ထောက်ဝန်ကြီး ရစ်ချက်အော်လ်ဘရိုက်ဟာ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၉ ရက် နေ့ မှာတော့ နေပြည်တော်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

လက်ထောက်ဝန်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်လ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့အတူ သွားခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်း ခရီးစဉ်အတွင်း စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ မွတ်စလင်ဒုက္ခသည်တွေ၊ ဒေသခံ လူထုအသိုင်းအဝိုင်းတွေနဲ့ တွေ့ခဲ့ပြီး လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေနဲ့ လူသားချင်း အကူအညီတွေ ဘယ်လိုပိုမို ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဒုလက်ထောက် ဝန်ကြီး ရစ်ချက်အော်လ်ဘရိုက် ဟာ နိုဝင်ဘာလ ၅ ရက် ကနေ ၈ ရက်အထိ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ် ကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကချင်ပြည်နယ်တိုက်ပွဲကြားက ဒုက္ခသည်တွေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မီဒီယာ အမှောင်ခေတ် ပြန်ရောက်နေပြီလား မေးခွန်းထုတ်ကြသူတွေရှိ

(၂) Eleven သတင်းစာဆရာတွေ အမှု အစိုးရဘက်က အမှုရုပ်သိမ်းလွှာတင်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က တရားလိုလုပ်ပြီး အစိုးရ အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားတဲ့ Eleven Media Group က သတင်းသမားတွေ ရဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က အမှုရုပ်သိမ်းလွှာတင်ခဲ့ပါတယ်။

အောက်တိုဘာ (၈ ) ရက်နေ့ထုတ် Eleven Weekly Journal စာမျက်နှာ ၂၆ မှာ ဖော်ပြထားတဲ့ " အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ " ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင်ဖြိုးဝေနဲ့အတူ တာဝန်ခံ အယ်ဒီတာ နှစ်ဦးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ သတင်းစာဆရာ ၃ ဦးလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ဒီအမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရပိုင် မီဒီယာအပါအဝင် မီဒီယာအနည်းငယ်ကို သီးသန့် တွေ့ဆုံပြီး ရှင်းလင်းခဲ့ရာမှာ ဒီအမှုကို ရုပ်သိမ်းသွားဖို့ ရှိပြီး နိုင်ငံတော်သမ္မတရုံး လမ်းညွှန်မှုနဲ့အတူ သတင်းမီဒီယာ ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေကာ ညှိနှိုင်းမှုရလဒ်ကို စောင့်ကြည့်မယ်လို့ ပြောသွားခဲ့ပါတယ်။ ဆောင်းပါးပါ အချက်အလက်တွေက မှားယွင်းကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေနဲ့ စာနယ်ဇင်းမှာ ပြန်လည် ဖော်ပြ ကြေညာချက်ထုတ်ဖို့ Eleven Media ကို ဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Eleven သတင်းစာဆရာတွေ အမှု ဘယ်လို ရင်ဆိုင်မလဲ

(၃) နိုင်ငံခြားဘဏ်ခွဲတွေ မြန်မာပြည်မှာ လုပ်ကိုင်ခွင့်ပေး

နိုင်ငံခြား ဘဏ်ခွဲတွေ အနေနဲ့ မြန်မာပြည်မှာ ပြည်တွင်းဘဏ်တွေ နည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ချေးငွေ ဖြည့်ဆည်းမှုနဲ့ အခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ လုပ်ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အရင်ကတော့ နိုင်ငံခြားဘဏ်တွေ အနေနဲ့ နိုင်ငံခြား ကုမ္ပဏီတွေ၊ ပို့ကုန်ကိစ္စနဲ့ ပတ်သက်တာတွေမှာသာ ဘဏ္ဍာရေး ဝန်ဆောင်မှု ပေးနိုင်တာပါ။

ဒီအပြောင်းအလဲက ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ကောင်းသတင်းမို့ စီးပွားရေး အသိုင်းအဝိုင်းက ကြိုဆိုကြသလို ပြည်တွင်းဘဏ်လုပ်ငန်းတွေဘက်ကလည်း ကြိုဆိုကြောင်း ကမ္ဘောဇဘဏ်ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်မျိုးက ပြောပါတယ်။

အခုလို ဗဟိုဘဏ်ကနေပြီးတော့ နိုင်ငံခြားဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ပေးလိုက်တာက နိုင်ငံခြားဘဏ်တွေအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို ငွေချေးခွင့်ရသွားသလို လုပ်ငန်းရှင်တွေကလည်း ချေးငွေရရှိဖို့ အခွင့်လမ်းကောင်း ရသွားတယ်လို့ မြင်ကြောင်း သူက ပြောပါတယ်။

(၄) ရာထူးတိုးတန်းစီဇယားကို တက္ကသိုလ်ဆရာများ ကန့်ကွက်

နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေက ဆရာ ဆရာမတွေ အတွက် ရာထူးတိုးတန်းစီဇယား စနစ်ကို တက္ကသိုလ်ဆရာတွေက ကန့်ကွက်နေကြပါတယ်။

ဒီတန်းစီဇယားဟာ နိုင်ငံဝန်ထမ်း ဥပဒေနဲ့လည်း မကိုက်ညီသလို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းနဲ့လည်း လွဲနေလို့ နစ်နာမှုရှိတဲ့သူတွေ များနိုင်တယ် ဆိုပြီး မန္တလေး ၊ ရတနာပုံ၊ မကွေး၊ တောင်ကြီး၊ ရွှေဘို တက္ကသိုလ်က ဆရာဆရာမတွေက ကန့်ကွက်စာ ထုတ်ကန့်ကွက်ပြီး ပြန်ပြင်ပေးဖို့ နိုင်ငံတော် အဆင့်အထိ ပေးပို့တောင်းဆိုမယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနနဲ့ ဆရာအဖွဲ့အစည်းတွေ တွေ့တဲ့အခါ မူတခုရပါတယ်၊ နှစ်ဖက်ညှိနှိုင်းပြီး သဘောတူညီမှုအရ ဒီတန်းစီဇယားထွက်လာတယ်၊ ဒါပေမယ့် အဲဒီတန်းစီဇယားဟာ ညှိနှိုင်းသဘောတူထားသလို မဟုတ်ဘဲ ဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးနဲ့ ပါမောက္ခများ ကော်မတီရဲ့ သဘောအတိုင်း လုပ်လိုက်တာ၊ အဲဒီအတွက် ဆိုးကျိူးတွေဖြစ်လာတယ် တချို့ တအားနစ်နာတယ်လို့ ကန့်ကွက်ကြောင်း ထုတ်ပြန်တဲ့ အဖွဲ့ထဲမှာ ပါဝင်တဲ့ ရတနာပုံ တက္ကသိုလ် ဆရာဆရာမများ အစည်းအရုံး ဥက္ကဋ္ဌ ဆရာဦးသုတက ပြောပါတယ်။

သုတေသန စာတမ်းရေးပြီး လုပ်သက်ရင့်တဲ့ ဆရာ ဆရာမတွေဟာ ဒီတန်းစီဇယားအရ ပြုတ်ကျန်ခဲ့တာတွေ ရှိတဲ့အတွက် နစ်နာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော် သမ္မတရုံးအပြင် လွှတ်တော်နှစ်ရပ်ကိုပါ ဆရာဆရာမများ အစည်းအရုံးက တင်ပြသွားမှာဖြစ်တယ်လို့ ဦးသုတက ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မျှော်လင့်ချက် အသံများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် မက္ကဆီကို တံတိုင်း ခရီး
ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မက္ကစီကို နယ်စပ်ကို ထိန်းချုပ်နိုင်ဖို့ အမေရိကန် တပ်သားတွေ တိုးချထား

(၅ ) တရားမဝင် ရွှေ့ပြောင်းသူတွေရဲ့ ခိုလှုံခွင့်ကို အမေရိကန် ပိတ်ပင်

အမေရိကန် ပြည်ထောင်စု တောင်ပိုင်း နယ်ခြားကနေ ဝင်ရောက်တဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေရဲ့ ခိုလှုံခွင့် တောင်းဆိုခွင့်ကို တားမြစ်တဲ့ ဥပဒေသစ်ကို သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ကြေညာလိုက်ပါတယ်။

တရားရေးဌာနနဲ့ အမိမြေ လုံခြုံရေး ဌာနတို့က ထုတ်ပြန်လိုက်တဲ့ အဲဒီ အမိန့်အရ သမ္မတ ကန့်သတ်ချက်နဲ့ ပြည်ဝင်ခွင့် တားမြစ်ထားတဲ့ သူတွေဟာ ခိုလှုံခွင့် လျှောက်ထားလို့ မရတော့ပါဘူး။

"အမျိုးသား အကျိုးစီးပွား" ကို ရှေးရှုပြီး သမ္မတ အနေနဲ့ ရွှေ့ပြောင်းသူတွေကို တားဆီးပိုင်ခွင့် ရှိတယ်လို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြီးဆုံးခဲ့တဲ့ ၂၀၁၈ လွှတ်တော် သက်တမ်း တစ်ဝက် ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ပါတီ ရီပတ်ဘလစ်ကန် အတွက် ပြည်ဝင်ခွင့် မူဝါဒရေးရာကို အဓိက ဇောင်းပေးပြီး မဲဆွယ်ခဲ့ပါတယ်။

မက္ကစီကိုကို ဖြတ်ပြီး အမေရိကန်ကို ဦးတည်လာနေတဲ့ အလယ်ပိုင်း အမေရိက နိုင်ငံတွေက ရွှေ့ပြောင်းသူ လူအုပ်ကြီးကိုလည်း သမ္မတ ထရမ့်က ပြစ်တင်စကား မပြတ် ဆိုနေပြီး သူတို့ကို တားဆီးဖို့ အတွက် လုံခြုံရေး တပ်သား ၅,၂၀၀ ကျော်ကိုလည်း တက္ကဆက်၊ အရီဇိုးနားနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် နယ်စပ်တွေကို စေလွှတ်ထားပြီး ဖြစ်ပါတယ်။ ရွှေ့ပြောင်းသူတွေကိုလည်း "ကျူးကျော်သူတွေ" အဖြစ် ကြေညာထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်ရဲ့ ရွှေ့ပြောင်းကလေး ပြဿနာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် လူဝင်မှု မူဝါဒ သမ္မတကတော် ဝေဖန်
ဓာတ်ပုံ မူပိုင် ED JONES / AFP / Getty Images
Image caption ပြီးခဲ့တဲ့ စက်တင်ဘာ တုန်းက ပြုံယမ်းမှာ ကျင်းပခဲ့တဲ့ မြောက်ကိုရီးယား နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား

(၆) မြောက်ကိုးရီးယားအပေါ် ဘဏ်လုပ်ငန်းပိတ်ဆို့မှု ရုပ်သိမ်းဖို့ ရုရှားတောင်းဆို

မြောက်ကိုရီးယား အပေါ် ဘဏ်လုပ်ငန်း ပိတ်ဆို့နေမှု ရုပ်သိမ်းဖို့ ရုရှား တောင်းဆို မြောက်ကိုရီးယား အပေါ် ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းစနစ် ချိတ်ဆက် ဆောင်ရွက်ခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့ ရုရှား အစိုးရက တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ် နီကီဟေလီက ပြောပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား စခန်းတွေကို လေ့လာစစ်ဆေးခွင့် မပေးသေးလို့ ဝါရှင်တန် အစိုးရ အနေနဲ့ ပြုံယမ်းအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့တာမျိုးကို ခွင့်မပြုနိုင်ဘူးလို့ လုံခြုံရေးကောင်စီ အစည်းအဝေးပွဲ အပြီးမှာ မစ္စဟေလီက ပြောပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မပါဘူးလို့ ဆိုထားပေမယ့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေရဲ့ ကူညီဖို့ တောင်းဆိုချက်တွေကို အမေရိကန်ဘက်က ခွင့်ပြုဖို့ နှောင့်နှေးနေတာ လပေါင်းများစွာ ရှိနေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကြာသပတေးနေ့တုန်းက နယူးယောက်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ကြားက အဆင့်မြင့် အရာရှိ အဆင့် ဆွေးနွေးပွဲတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမိုင်းတလျှောက် ကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး

ဒီသတင်းနဲ့ပတ်သက်သမျှ