ကျောက်ဖြူ-ယူနန်ပိုက်လိုင်းအတွက် စက်ဘီးစီး လှုပ်ရှားနေတဲ့ လူငယ်တွေ အပါအဝင် စိတ်ဝင်စားဖွယ်သတင်းများ

ဓာတ်ပုံ မူပိုင် MPC
Image caption မြန်မာသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင် ရွေးချယ်ပွဲအခမ်းအနား

(၁) မြန်မာ့သတင်းမီဒီယာကောင်စီသစ်သမ္မတဆီမှာ ကျမ်းကျိန်ဆို

မြန်မာ့စာနယ်ဇင်းနဲ့ သက်ဆိုင်တဲ့ အရေးအရာတွေကို ဦးဆောင် ဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ မြန်မာသတင်း မီဒီယာကောင်စီရဲ့ အလုပ်အမှုဆောင်သစ်တွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့ (ဒီနေ့) မှာ နိုင်ငံတော် သမ္မတ ထံမှာ ကတိသစ္စာ ကျိန်ဆိုဖို့ ရှိတယ်လို့ ကောင်စီ အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ နေ့လယ်၂ နာရီမှာ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ကောင်စီဝင်အဖြစ် ကတိသစ္စာကျိန်ဆိုမှာ ဖြစ်တယ်လို့ မြန်မာသတင်းမီဒီယာကောင်စီဝင် တစ်ဦးဖြစ်တဲ့ မဝေမာသိမ့်က ဘီဘီစီကို ပြောပါတယ်။

မြန်မာသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင် ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာသတင်းမီဒီယာကောင်စီဝင် အဖြစ် ၂၉ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သတင်းမီဒီယာ ဥပဒေအရ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ အဖွဲ့ဝင် ၂၄ ဦးနဲ့ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ပါတယ်။

ပထမအကြိမ် ရွေးချယ်တင်မြှောက်ခံရသူ ၂၄ ဦးဟာလည်း ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတရှေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ပထမအကြိမ် မြန်မာသတင်းမီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး (ဖိုးသောကြာ (ခေတ်+မိုး) ဖြစ်ပြီး အခု ဒုတိယအကြိမ်မှာတော့ ကောင်စီ ဥက္ကဋ္ဌအဖြစ် ဦးအုန်းကြိုင် အဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။

အခုလက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန မှာ ဝန်ကြီးနဲ့ ဒုဝန်ကြီး တာဝန်ကို ထမ်းဆောင်နေကြတဲ့ ဦးဖေမြင့်နဲ့ ဦးအောင်လှထွန်းတို့ဟာ မြန်မာသတင်းမီဒီယာ ကောင်စီဝင်ဟောင်းများ ဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Min Ba Chay
Image caption စက်ဘီးစီးပြီး ပြည်သူလူထုသဘောဆန္ဒ ကောက်ခံကြတဲ့ လူငယ်များ

(၂) ကျောက်ဖြူ-ယူနန်ပိုက်လိုင်းအတွက် လူငယ်၁၅ဦး စက်ဘီးစီးလှုပ်ရှား

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်အထိ သွယ်တန်းထားတဲ့ ဂတ်စ်နဲ့ရေနံပိုင်လိုင်းတွေနဲ့ ပတ်သက်ပြီး ပိုက်လိုင်းဖြတ်သန်းတဲ့ ဒေသတွေက ပြည်သူလူထု တွေ့ဆုံ သဘောထား ကောက်ယူဖို့ တိုင်းနဲ့ ပြည်နယ် အသီးသီးက လူငယ် ၁၅ ဦးဟာ ရှမ်းပြည်နယ်ကနေ ကျောက်ဖြူအထိ စက်ဘီးစီး လှုပ်ရှားမှု လုပ်ခဲ့ပါတယ်။

အဲဒီလူငယ် ၁၅ ဦးဟာ ရှမ်းပြည်နယ် မူဆယ်မြို့ကနေ ကျောက်ဖြူမြို့အထိ စီးမှာဖြစ်ပြီးတော့ မနေ့ကတော့ မကွေးတိုင်းကို ကျော်လွန်ပြီး ရခိုင်ရိုးမပေါ်ထိ ရောက်လာပြီဖြစ်ပါတယ်။

သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေကို ရခိုင်သဘာ၀ သဃံဇာတနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့မှာ လုပ်မယ့် လူထုအစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။

သူတို့ဟာ နိုဝင်ဘာလ ၂၅ ၇က်နေ့မှာ ကျောက်ဖြူကို ရောက်ရှိနိုင်ပြီး ၂၇ ရက်နေ့မှာတော့ ကျောက်ဖြူမှာလုပ်မယ့် ရခိုင်သဘာဝသဃံဇာတ အရေးနဲ့ ပတ်သက်တဲ့ လူထုအစည်းအဝေးကို တက်ကာ စက်ဘီးစီးရင်း ရရှိခဲ့တဲ့ ဒေသခံ ပြည်သူလူထုတွေရဲ့ ပြောကြားချက်ကို အများသိအောင် ဖြန့်ဝေမှာဖြစ်တယ်လို့ စက်ဘီးစီးရာမှာ ပါဝင်တဲ့ လူငယ်တွေကဘီဘီစီကို ပြောပါတယ်။

(၃) လုပ်ငန်းလိုင်စင်ပိတ်ခံရတဲ့ ကုမ္ပဏီကို စည်းကမ်းဖောက်မှုနဲ့အရေးယူ

လုပ်ငန်းလိုင်စင် စည်းကမ်းဖောက်ဖျက်မှုကြောင့် ရာသက်ပန် ပိတ်သိမ်းခံထားရတဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က General International ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီဟာ အမျိုးသမီး ၃၈ ယောက်ကို စည်းရုံးသင်တန်းပေးတာကြောင့် အမှုဖွင့်အရေးယူခဲ့တယ်လို့ ဘုရင့်နောင်ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

စင်္ကာပူ ၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေကို အလုပ်လုပ်သွားဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး စည်းရုံးထားတဲ့ အမျိုးသမီး ၃၈ ယောက်ဟာ နိုင်ငံကူး လက်မှတ်နဲ့ လိုအပ်တဲ့ စကားပြောသင်တန်းတွေအတွက် General International ကုမ္ပဏီက စီစဉ်ထားတဲ့ မရမ်းကုန်း ၂ ရပ်ကွက် သမိုင်းဘူတာရုံ လမ်းက တိုက်ခန်းမှာ ရောက်နေတဲ့ သတင်းကြောင့် သက်ဆိုင်ရာက အခုလို အမှုဖွင့်ဖမ်းဆီးထားတာဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ် အလုပ်သမားညွန်ကြားရေး ဦးစီးဌာနက တရားလိုပြုလုပ် တိုင်တန်းထားတာဖြစ်ပြီး ပြည်ပအလုပ်အကိုင်အတွက် တရားမဝင် စုဆောင်းသူ ဦးအောင်စံကျော်ကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုးရီးယားနိုင်ငံ ခွေးသားတွေ ရောင်းနေတဲ့ နိုင်ငံအကြီးဆုံး ခွေးသတ်ရုံဝင်း

(၄) တောင်ကိုးရီးယားက အကြီးဆုံးခွေးသတ်ရုံဝင်း ဖြိုဖျက်

တောင်ကိုးရီးယားနိုင်ငံမှာတော့ ခွေးသားတွေ ရောင်းနေတဲ့ နိုင်ငံအကြီးဆုံး ခွေးသတ်ရုံဝင်းကို အာဏာပိုင်တွေက စတင်ဖြိုဖျက်နေပါပြီ။

ဆိုးလ်မြို့တောင်ပိုင်း ဆောင်နမ်မြို့ထဲမှာရှိတဲ့ တိုင်ပြုံတုံ ခွေးသတ်ရုံဝင်းဟာ တောင်ကိုးရီးယား တစ်နိုင်ငံလုံးကို ခွေးသားတွေ ဖြန့်နေတာဖြစ်ပြီး ခွေးသတ်ရုံ ၆ ရုံအထိ ရှိပါတယ်။

အဲဒီဝင်းကို ၂ ရက်အတွင်း အပြီး ဖျက်သွားမှာဖြစ်ပြီး အဲဒီနေ့ရာမှာ အများပြည်သူ သွားလာနိုင်တဲ့ ပန်းခြံဆောက်မှာဖြစ်ပါတယ်။

တောင်ကိုးရီးယားမှာ ခွေးသားကို စားကောင်းသောက်ဖွယ် အဖြစ်စားသုံးလေ့ရှိပြီး တစ်နှစ်ကို ခွေးကောင်ရေ တစ်သန်းနီးပါး သတ်ဖြတ်စားသုံးနေပါတယ်။

ဒါပေမယ့်လည်း ဒီဓလေ့ကို ပျောက်သွားဖို့ အားထုတ်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေ ရှိနေသလို တောင်ကိုးရီးယားအများစုဟာ ခွေးတွေကို အိမ်မွေးတိရိစ္ဆာအဖြစ် ပိုမွေးလာနေကြပါတယ်။

(၅) ပြောင်းရွှေနေထိုင်သူတွေ မက္ကစီကို တီဟွာနာမြို့ကို ရောက်ရှိ

ဟွန်းဒူးရပ်စ် နိုင်ငံသားအများဆုံးပါဝင်တဲ့ အလယ်အမေရိကနိုင်ငံတွေက ရွှေ့ပြောင်းလာသူ လူအုပ်ကြီးဟာ အခုဆိုရင် အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ကို ခရီးဆက်ဖို့ မက္ကဆီကို နိုင်ငံထဲက တီဟွာနာမြို့ကို ရောက်ရှိလာကြပါပြီ။

သူတို့ကို မက္ကဆီကို ရဲတပ်ဖွဲ့က နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး လူသားချင်းစာနာထောက်ထားမှု ဗီဇာလျှောက်ဖို့ တီဟွာနာမှာပဲ အလုပ်ရှာကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဒီအဖွဲ့ တီဟွာနာမြို့ကို ရောက်ကတည်းက မြို့ထဲမှာ တင်းမာမှုတွေရှိနေပြီး အာဏာပိုင်တွေဟာ သူတို့အဖွဲ့ မတိုင်ခင်တုန်းကလည်း အမေရိကန်နိုင်ငံထဲ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ဖို့ တီဟွာနာမြို့ထဲမှာ လချီစောင့်ဆိုင်းနေတဲ့ တခြား အလယ်အမေရိက နိုင်ငံတွေက ရွှေ့ပြောင်းလာသူ ထောင်ချီကိုလည်း အကူအညီတွေ ပေးနေရပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ရွှေ့ပြောင်းတွေကြောင့် အမေရိကန်-မက္ကဆီကိုနယ်စပ် ဖရိုဖရဲဖြစ်လာရင် နယ်စပ်ကို လုံး၀ ပိတ်ပစ်လိုက်မယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆော်ဒီဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ် နိုင်ငံဖြစ်

(၆) ဆော်ဒီအိမ်ရှေ့စံရဲ့ နိုင်ငံခြား ခရီး

သတင်းထောက် ဂျမား ခါရှော့ဂျီ အသတ်ခံရမှုမှာ နောက်ကွယ်က ကြိုးကိုင်သူ အဖြစ် စွပ်စွဲ ခံနေရတဲ့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ဟာ သတင်းထောက် သတ်ဖြတ်ခံရမှု နောက်ပိုင်း ပထမဆုံး အကြိမ် ပြည်ပ ခရီးစဉ် အဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးကို ရောက်ရှိနေပါတယ်။

ဆော်ဒီအိမ်ရှေ့စံ အပေါ် စွပ်စွချက်ှုတွေဟာ ဘောင်ကျော်ပြောဆိုမှုတွေဖြစ်တယ်လို့ ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးကတော့ ဘီဘီစီကို ဖြေရှင်းခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ အပေါ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကာကွယ် ပြောဆို ပေးခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ လုပ်ခဲ့တဲ့ သတင်းထောက် ခါရှော့ဂျီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်တုန်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန် ရုံး ထဲမှာ သတ်ဖြတ်ခံခဲ့ရတာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆော်ဒီသတင်းထောက် အသတ်ခံရမှု ဘယ်သူမှာ တာဝန်ရှိလဲ

ဆက်စပ် အကြောင်းအရာများ