ဒုရဲမှူးမိုးရန်နိုင်ကို Pen Myanmar က ဂုဏ်ပြုဆုချီးမြှင့်တဲ့အကြောင်း အပါအဝင် ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ထားရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်

(၁) ဒုရဲမှူးမိုးရန်နိုင်ကို Pen Myanmar က ဂုဏ်ပြုဆုချီးမြှင့်

ရိုက်တာသတင်းထောက် ၂ ယောက်ကို ထောင်ချောက်ဆင်ဖမ်းခဲ့တာလို့ ထုတ်ဖော်ပြောခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို Pen Myanmar အဖွဲ့က လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ် ကျင့်သုံးသူလို့ အမည်ပေးထားတဲ့ ဆုအမှတ်တံဆိပ်တစ်ခုနဲ့အတူ ကျပ်ငွေ ၁၅ သိန်း ၅ သောင်းပါတဲ့ဆုကို ပေးအပ်လိုက်ပါတယ်။

သာမန်အားဖြင့် ဒီဆုက ထူးခြားဆန်းကျယ်တာမဟုတ်ပေမယ့် အမှန်တရားဘက်ကို ရပ်တည်နေတယ်ဆိုတာပြသတဲ့အနေနဲ့ Pen Myanmar က ပေးအပ်တာဖြစ်တယ်ဆိုပြီးတော့ Pen Myanmar ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်း က ပြောပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံရတာနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေကို သတင်းထောက်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ချိုးဖောက်တယ်ဆိုပြီး ရဲတရားရုံးက ဧပြီလမှာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ထားရတာ ဖြစ်ပါတယ်။

အာဏာရာထူးမမက်မောပဲ အမှန်တရားဖက်ရပ်တည်တယ်လို့ယူဆတဲ့အတွက် ပန်မြန်မာက အခုလိုဆုမျိုးချီးမြှင့်တာဖြစ်ပြီး ဒါဟာ ဘဝနဲ့ရင်းပြီး ပေးဆပ်တဲ့တာဝန်ရှိ ပြည်သူတွေဖက်အတွက် စိတ်ဓာတ်ခွန်အား မြှင့်တင်ရာလည်းရောက်တယ်လို့ ပန်မြန်မာဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက ပြောပါတယ်။

(၂) အင်ဒိုနီးရှားဆူနာမီကြောင့် သေဆုံးသူ ၂၀၀ ကျော်နေပြီဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူနာမီလှိုင်းလုံးကြီးတွေဝင်ခဲ့လို့ သေဆုံးသူ ၂၀၀ ကျော်နေပြီဖြစ်

အင်ဒိုနီးရှားနိုင်ငံမှာ ဒီဇင်ဘာလ ၂၂ ရက်နေညပိုင်းက ဆန်ဒါး ရေလက်ကြားက ကမ်းခြေမြို့တွေကို ဆူနာမီလှိုင်းလုံးကြီးတွေဝင်ခဲ့လို့ သေဆုံးသူ ၂၂၂ ဦးနဲ့ ဒဏ်ရာရသူ ၈၄၃ ဦးရှိသွာပြီလို့ အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေပြီး မိနစ်တိုင်းမှာ သေဆုံးသူရဲ့အလောင်းတွေဟာ ပြန်ပေါ်လာတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ပြိုကျသွားတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေနိုင်သူတွေကို ကယ်ဆယ်ရေး သမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။

ဒါပေမယ့်တော့ အဆောက်အအုံ အပျက်အစီးပုံတွေကြောင့် လမ်းတွေပိတ်ဆို့နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေက နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပါတယ်။

ဆူနာမီလှိုင်းလုံးကြီးတွေဟာ ဆန်ဒါးရေလက်ကြားမှာရှိတဲ့ ကရာကာတိုအာ မီးတောင် ပေါက်ကွဲအပြီးမှာ ပင်လယ်ကြမ်းပြင် မြေပြိုမှုကြောင့် ပေါ်လာတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

(၃) အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် ခန့်အပ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် ပတ်ထရစ်ရှန်နာဟန်

အမေရိကန်ကာကွယ်ရေးဌာနဝန်ကြီးအဖြစ် လက်ရှိ ဒုတိယဝန်ကြီး ပတ်ထရစ်ရှန်နာဟန်ကို အတည်ပြုခန့်အပ်လိုက်ပြီး သူဟာ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ရာထူးတာဝန်တွေ စတင်ထမ်းဆောင်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဂျင်မတ်တစ်စ်ဟာ ဆီးရီးယားက အမေရိကန်တပ်တွေ ရုပ်သိမ်းတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ သမ္မတနဲ့ သဘောထားကွဲလွဲခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကတည်းက နုတ်ထွက်စာတင်ထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့်ကတော့ ဆီးရီးယားက အစ္စလာမ်အစွန်းရောက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်ရေးနဲ့ ပတ်သတ်လို့ တူရကီသမ္မတ ရီးဆပ်တေးရပ်အာဒိုဝမ်နဲ့လည်း ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ပြောပါတယ်။

ဆီးရီးယားကနေ အမေရိကန်တပ်တွေကို အလျှင်အမြန် ဆုတ်ခွာမှာမဟုတ်ဘဲ ဖြည်းဖြည်းချင်း ရုပ်သိမ်းမှာ ဖြစ်တယ်လို့လည်း သမ္မတထရမ့်က ပြောဆိုထားပါတယ်။

ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတော့မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်းက ပြစ်တင်ဝေဖန်လိုက်ပြီး မဟာမိတ်နိုင်ငံတွေဆိုတာဟာအချင်းချင်းအပြန်အလှန် ယုံကြည်လောက်တဲ့ အခြေအနေမျိုးဖြစ်သင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ပြင်သစ်သမ္မတဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဒေါ်နယ်ထရမ့်ဆီကို တယ်လီဖုန်းဆက်သွယ်ခဲ့ပြီး ဆီးရီးယားက အမေရိကန်တပ်တွေ ရုပ်သိမ်းမှာနဲ့ ပတ်သတ်လို့ သတိပေးပြောကြားခဲ့တာပါ။

ပြင်သစ်လိုပဲ တခြားမဟာမိတ်နိုင်ငံတွေကလည်း သူတို့စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောကြားနေကြပါတယ်။