ရခိုင်က မြို့ ၅ မြို့မှာ အကူအညီပေးရေးအဖွဲ့တွေ ပိတ် အပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် ICRC
Image caption ICRC အဖွဲ့က ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတချိုကို အကူအညီပေးနေစဉ်

(၁) လုံခြုံရေးအရ တိုက်ပွဲဖြစ်နေရာတွေမှာ အကူအညီပေးရေးအဖွဲ့တွေ ပိတ်ပင်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့ NGO၊ INGO တွေကို မြို့နယ် ငါးမြို့နယ်မှာ ခရီးသွားလာခွင့် ၊ လုပ်ငန်းဆောင်ရွက်ခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။ ပိတ်ပင်ခဲ့တဲ့ မြို့နယ်တွေကတော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ရခိုင်ကို အကူအညီပေးနေတဲ့ NGO ၊ INGO အဖွဲ့တွေဟာ အခုလတ်တလော လုံခြုံရေး အခြေအနေအရ မြို့ပေါ်မှာပဲ လုပ်ငန်းလုပ်ဆောင်ခွင့်နဲ့ ခရီးသွားခွင့်ပြုမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း (ICRC) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကတော့ ကျေးရွာတွေအထိ ဆင်းပြီး သူတို့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်တဲ့ အထဲပါရှိပါတယ်။

(၂)ရခိုင်ပြည်နယ်က ရခိုင်နဲ့ ရခိုင်မျိုးနွယ်စု အဖွဲ့ဝင်တွေ ရခိုင်ပြည်နယ် အရေး ဆွေးနွေးပွဲ ကျင်းပမယ်

ရခိုင်ပြည်နယ်မှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အထွေအထွေ အကျပ်အတည်းတွေကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့အစည်းတွေ စုပေါင်းပြီး ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ (ဒီနေ့) နေ့လယ် ၁၂ နာရီ ကျရင် အစည်းအဝေး ကျင်းပဖို့ ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) က ကြေညာထားပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်မှာ ကျင်းပမယ့် အဲဒီ အစည်းအဝေးမှာ နိုင်ငံတော် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့၊ စစ်ဘေး ဒုက္ခသည်တွေ မူလ နေရာ ပြန်လည် ချထားဖို့နဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး အဖြေရှာနိုင်ဖို့ ဆွေးနွေးကြမယ် ဆိုပါတယ်။

Image caption ဖေ့စ်ဘုတ်ပေါ်မှာလည်း ပစ်မှတ်ထား ခံနေရ

(၃) ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေ ဆုံးရှုံးခဲ့ကြောင်း အေအေ အတည်ပြု

ရက္ခိုင့်တပ်မတော် (AA) အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာတွေ အတိုက်အခိုက် ခံခဲ့ရပြီး အဖွဲ့အစည်း ဝက်ဘ်ဆိုက် စာမျက်နှာသာမက ဖေ့စ်ဘွတ်စ်စာမျက်နှာလည်း ဆုံးရှုံးခဲ့ရတယ်လို့ အေအေအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

အာရ်ကန်အာမီ အဖမြေကို ကာကွယ်သူများ အဓိပ္ပာယ်နဲ့ အင်္ဂလိပ်လို နာမည်ပေးထားတဲ့ ဝက်ဘ်ဆိုက် စာမျက်နှာကို ဝင်ကြည့်ရင် အဲဒီစာမျက်နှာ အလုပ်မလုပ်ဘူးလို့ပဲ ပေါ်လာတာ တွေ့နေရပါတယ်။

အဲဒီ ဝက်ဘ်ဆိုက် စာမျက်နှာသာမက အေအေ အဖွဲ့အစည်းရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာနဲ့ ခေါင်းဆောင်တချို့ရဲ့ ဖေ့စ်ဘုတ်အကောင့်တွေကိုလည်း လက်လွှတ်ဆုံးရှုံး ခဲ့ရတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အေအေ ဒုစစ်ဦးစီးချုပ် တာဝန်ယူထားတဲ့ ဒေါက်တာညိုထွန်းအောင် အပါအဝင် ခေါင်းဆောင်တချို့ရဲ့ ဖေ့စ်ဘုတ် အကောင့်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ကိုယ်တိုင်လည်း ဖေ့စ်ဘွတ်အကောင့် ဆုံးရှုံးခဲ့တဲ့ ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာ အစိုးရ စစ်တပ် အကြီးအကဲရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ အပါအဝင် တပ်မတော်နဲ့ ဆက်စပ်နေတယ်လို့ သံသယရှိရတဲ့ အကောင့်တွေ၊ အကောင့်တု အကောင့်ပုန်းတွေ ရာနဲ့ချီပြီး အကြိမ်ကြိမ် ဖျက်သိမ်းခဲ့ကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က တရားဝင် ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် UNHCR
Image caption ဆော်ဒီအမျိုးသမီးငယ်ကို ကနေဒါက ခိုလှုံခွင့်ပြု

(၄)ဆော်ဒီအမျိုးသမီးငယ်ကို ကနေဒါက ခိုလှုံခွင့်ပြု

အစ္စလာမ်ဘာသာကို စွန့်လွှတ်ပြီး ထွက်ပြေးလာတဲ့ ဆော်ဒီအာရေဗျ အမျိုးသမီးငယ် ရာဟက်ဖ် မိုဟာမက် အယ်ခူနွန်ကို ကနေဒါနိုင်ငံက ခိုလှုံခွင့်ပြုလိုက်ပါတယ်။

သူဟာ မိသားစုမသိအောင် ထွက်ပြေးလာရင်း ဘန်ကောက်လေဆိပ်အရောက်မှာ ဆော်ဒီ အရာရှိတစ်ဦးက သူ့နိုင်ငံကူးလက်မှတ်ကို သိမ်းထားလိုက်တဲ့အတွက် အခုလို ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ပထမတော့ သူဟာ ဆော်ဒီကနေ ကူဝိတ်ကို သွားဖို့ သူ့မိသားစုနဲ့ အတူခရီးထွက်လာတာဖြစ်ပြီး သူ့မိသားစု မသိအောင် သြစတြေးလျကို သွားဖို့ ထွက်ပြေးခဲ့ပါတယ်။

ဘန်ကောက်မှာ လေယာဉ်ပြောင်းပြီး သြစတြေးလျကို သွားဖို့ ပြင်နေတုန်းမှာ အခုလိုနိုင်ငံကူးလက်မှတ် သိမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဒီအဖြစ်ကို အယ်ခူနွန်က ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ တွစ်တာကနေ သူ့ဓာတ်ပုံကို ထုတ်ဖေါ်ပြသ ထားပြီး၊ သူ့အနေနဲ့ အခုလို တင်တဲ့ အတွက် ဘာမှ ဆုံးရှုံးမှာ မဟုတ်ကြောင်းနဲ့ သူရဲ့ နာမည် အမှန်နဲ့ သတင်းအချက် အားလုံးကို အများသိအောင် ဖော်ပြချင်တာပါ လို့လည်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အခုတော့ သူ့ကို ကနေဒါနိုင်ငံက ခိုလှုံခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ