မြစ်ဆုံစီမံကိန်း ကိစ္စတရုတ်ထုတ်ပြန်ချက် ဒေသခံတွေနဲ့ သဘောထားကွဲလွဲ အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption မြစ်ဆုံ ဒေသတနေရာ

(၁) မြစ်ဆုံစီမံကိန်းကိစ္စ တရုတ်ထုတ်ပြန်ချက်နဲ့ ဒေသခံ သဘောထားကွဲလွဲ

မြစ်ဆုံစီမံကိန်းပြဿနာ မဖြေရှင်းဘဲ အချိန်အကြာကြီး ဆွဲထားပါက တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ ယုံကြည်စိတ်ကို ဆိုးဝါးစွာ ထိခိုက်စေသလို မြစ်ဆုံနဲ့ ပတ်သက်လို့ ဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက်မှု မရှိဘဲ ကန့်ကွက်သူတွေက ပြင်ပ အဖွဲ့အစည်းတွေပဲဖြစ်တယ်လို့ တရုတ်သံရုံးကသတင်းထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ နဲ့ ၂၉ ရက်နေ့မှာ သွားခဲ့တဲ့ တရုတ်သံအမတ် Mr. Hong Liang ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်သံအမတ်ရဲ့ ခရီးစဉ်မှာ ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့ပြီး တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲမှာ ခုနှစ်နှစ်ကြာ ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ KBC နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဆရာတော် ခလမ်ဆမ်ဆွန်က သူ့အနေနဲ့ ကချင်လူထုက တာကျိုးသွားရင် အန္တရာယ်ဖြစ်မယ့် စိုးရိမ်မှုနဲ့ ဗမာပြည်ကလူထုက လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှု မတူဘူးဆိုတာ ပြောပြခဲ့ပြီး ကချင်ပြည်နယ်ရဲ့ အမွေအနှစ် မေခ မလိခ ဆုံရာနေရာမှာ မြစ်ဆုံစီမံကိန်းကို သဘောမတူကြောင်း ပြောခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရလက်ထက်က နှစ်ဖက်အစိုးရ က လက်မှတ်ထိုးခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားဖို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ nld အစိုးရလက်ထက်မှာတော့ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်သင့် မလုပ်သင့် ကိစ္စကို စုံစမ်းပြီး အစီရင်ခံစာတင်ဖို့ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဆောင်တဲ့ ကော်မတီတခု ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီက ဘယ်လိုသဘောထား မှတ်ချက်ပေးတယ်ဆိုတာကိုတော့ အစိုးရက တိတိလင်းလင်း မထုတ်ပြန်ခဲ့ပါဘူး။

(၂) TNLA ကဖမ်းထားသူများကို လွတ်ငြိမ်းချမ်းသာပေး

(၅၆)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ကြိုဆိုတဲ့ အနေနဲ့ တအာင်းပလောင်အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ် တားအိုက်ဘုန်းအမိန့်နဲ့ ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲတွင်း ဖမ်းဆီးရမိတဲ့ တပ်မတော်က တပ်သား ကိုးဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ လူတွေထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ တဦးပါဝင်ပြီး ကွတ်ခိုင်နဲ့ နမ္မတူ အခြေစိုက် တပ်တွေက ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ တပ်မတော်သားတွေကို TNLA ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ အမည်နဲ့ဓါတ်ပုံ ပူးတွဲဖော်ပြထားပြီး မနှစ်ကလည်း ၂၀၁၇ ခုနှစ်အတွင်းမှာ ဖမ်းဆီးရမိတဲ့ တပ်မတော်က (၅) ဦး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က (၁) ဦးနဲ့ RCSS အဖွဲ့ဝင် (၂) ဦးတို့ကို လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် U HLA MG SHWE
Image caption KNU ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲ ပြန်ဝင်လာရေး ဆွေးနွေး

(၃) KNU ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲ ပြန်ဝင်လာရေး ဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မနေ့က အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကေအန်ယူအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲကို တရားဝင်ပြန်ဝင်လာရေး ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က တက်ရောက်ခဲ့တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဦးလှမောင်ရွှေက " ကျနော်တို့ဘက်က လာမယ့် ဇန်နဝါရီလ လယ်မှာ ရန်ကုန်မှာ လာရောက်ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်။ " လို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရဘက်က ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး က ဦးဆောင်တက်ရောက်ခဲ့ပြီး KNU ကိုယ်စားလှယ်အဖွဲ့ကို အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမူးက ဦးဆောင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC BURMESE
Image caption ကာ့ဒ်လူမျိုးလက်နက်ကိုင်ကို တူရကီတိုက်ခိုက်ရင် တူရကီစီးပွားပျက်အောင် လုပ်မယ်လို့ သမ္မတ ထရမ့်ရေးသား

(၄) ကာ့ဒ်လူမျိုးတွေကို တူရကီတိုက်ခိုက်ရင် စီးပွားပျက်အောင်လုပ်မယ်

အမေရိကန် တပ်ဖွဲ့တွေ ဆီးရီးယား နိုင်ငံထဲကနေ ပြန်ရုတ်သိမ်းပြီးတဲ့နောက် ဆီးရီးယားနိုင်ငံထဲက ကာ့ဒ်လူမျိုးလက်နက်ကိုင်တွေကို တူရကီနိုင်ငံက တိုက်ခိုက်မယ် ဆိုရင် တူရကီကို စီးပွားရေး ပြိုပျက်အောင် လုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့တွစ်တာကနေ အခုလိုရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ကာ့ဒ် လက်နက်ကိုင်တွေ အနေနဲ့လည်း တူရကီကို တိုက်ခိုက်တာမျိုး မဖြစ်စေချင်ဘူးလို့ သမ္မတ ထရမ့်က ဆိုပါတယ်။ အမေရိကန်တပ်တွေဟာ ကာ့ဒ်လူမျိုး ပြည်သူ့စစ်တွေနဲ့ အတူ ဆီးရီယားနိုင်ငံ မြောက်ပိုင်းက အိုင်အက်စ် စစ်သွေးကြွ အဖွဲ့တွေကို နှိမ်နင်းနေတာဖြစ်ပါတယ်။

ဒါပေမယ့် တူရကီဘက်ကတော့ ကာ့ဒ်လက်နက်ကိုင်တွေကို အကြမ်းဖက် သမားတွေလို့ ရှုမြင်နေတာဖြစ်ပါတယ်။

တူရကီသမ္မတ အာဒိုဝမ်ကလည်း ကာ့ဒ်တပ်ဖွဲ့တွေအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ဒေါသတကြီး ပြောဆိုထားပြီး ကာ့ဒ်တပ်ဖွဲ့ကိုနှိမ်နင်းမယ်လို့ ပြောဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အက်ဖရင်မြို့ကို တူရကီ ထိန်းချုပ်
ဓာတ်ပုံ မူပိုင် Reuters
Image caption ပိုလန်နိုင်ငံထဲက ဆိပ်ကမ်းမြို့ Gdansk ရဲ့မြို့တော်ဝန် ဓားထိုးခံရ

(၅) ပိုလန်နိုင်ငံ ဂတ်ဒန့်စ်မြို့တော်ဝန် ဓားထိုးခံရ

ပိုလန်နိုင်ငံထဲက ဆိပ်ကမ်းမြို့ Gdansk ရဲ့မြို့တော်ဝန် ဟာ ပိုလန်ရဲ့ အကြီးမားဆုံး အလှူတန်းပွဲတစ်ခု ကျင်းပနေစဉ်ချိန်မှာ စင်မြင့်ထက်မှာ ဓားထိုးခံခဲ့ရပါတယ်။

ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ မြို့တော်ဝန် Pwel Adamowicz ကို ဆေးရုံပို့ ခဲ့ရပြီး ၄ နာရီကြာ ခွဲစိတ်ကုသ ပြီးနောက်မှာ အရေးပေါ်အခြေအနေမှာပဲ ရှိနေပါသေးတယ်။

ဓားနဲ့ထိုးသူလို့ ယူဆရတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းထားလိုက်ပါပြီ။

အဲဒီအမျိုးသားဟာ မြို့တော်ဝန်ပြန်အရွေးခံရအောင် ထောက်ခံခဲ့တဲ့ ယခင်အာဏာရပါတီ အစိုးရလက်ထက်မှာ မှားယွင်းပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့အော်ဟင် ပြောဆိုခဲ့ပါတယ်။

မြို့တော်ဝန်ဟာ ဗိုက်ကို ဓားထိုးခံခဲ့ရတာဖြစ်ပြီး ခွဲစိတ်ခံရချိန် သွေး ၄၁ အိတ်သွင်းခဲ့ရတယ်လို့ Gdanskမြို့ တက္ကသိုလ်ဆေးစင်တာရဲ့ ကျန်းမာရေးဆိုင်ရာညွှန်ကြားရေးမှူးက အတည်ပြုပြောထားပါတယ်။

ဓားနဲ့ထိုးသူဟာ မီဒီယာဝင်ခွင့်ကဒ်ပြားကို သုံးပြီး စင်မြင့်ပေါ် တက်ခဲ့တာလို့ ပိုလန်သတင်းမီဒီယာတွေက သတင်းဖော်ပြပေမဲ့ အာဏာပိုင်တွေဘက်ကတော့ တရားဝင်အတည်မပြုသေးပါဘူး။

ဆက်စပ် အကြောင်းအရာများ