ပုဂံရှေးဟောင်း ဘုရားနံရံဆေးရေး လွှနဲ့ တိုက်ဖျက်ခံရ

ပုဂံဘုရားဖူးများ
Image caption ပုဂံဘုရားဖူးများ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းက မင်းနန်သူ အရပ်မှာရှိတဲ့ ရှေးဟောင်းဘုရားမှာ ၁၃ ရာစု လက်ရာ နံရံဆေးရေးပန်းချီတွေကို လွှနဲ့တိုက်ဖြတ်ခံရပါတယ်။

မလာဖြစ်ဘုရားလို့ အမည်ရှိတဲ့ ဘုရားအမှတ် ၆၆၄ မှာ ဖြစ်ခဲ့တာဖြစ်ပြီး တွေ့မြင်ခဲ့တဲ့ ဘုရားဖူးဧည့်သည်တစ်ဦးက အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့ရာက သိရှိခဲ့တာ ဖြစ်တယ်လို့ ပုဂံရှေးဟောင်းသုတေသန ဌာနခွဲက ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အလားတူ ပုဂံမှာရှိတဲ့ ပင်းယ မြင်စိုင်းခေတ်က စေတီပုထိုးတစ်ဆူက ပန်းချီလက်ရာတွေ ဖျက်ဆီးခံခဲ့ရတာ လည်းရှိနေပါတယ်။

အမှတ်တရ စာတွေ ရေးခြစ်ခဲ့တဲ့အတွက် ပျက်စီးခဲ့ရတဲ့ ပန်းချီလက်ရာတွေကို တွေ့ရှိသူတစ်ဦးက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာတွေရှိပါတယ်။

မြန်မာရှေးဟောင်း အမွေအနှစ်တွေ ဖျက်ဆီးခံနေရတာနဲ့ ပတ်သက်ပြီး ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က လုံခြုံရေးအတွက် ဘုရားပုထိုးများတဲ့နေရာတွေမှာ အပိုင်း ၁၁ပိုင်းခွဲပြီး အဖွဲ့ငယ်တွေကို တာဝန်ခွဲဝေစီမံဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။

ဦးအောင်အောင်ကျော်က "ဒီမှာဘုရားအဆူ ကုန်းပေါင်းကလည်း သုံးထောင်ကျော်ရှိတာဆိုတော့ ဒါကိုအကုန်စောင့်ရှောက်ဖို့ဆိုတာ ကျနော်တို့မှာ ဝန်ထမ်းအင်အားလည်း မမျှဘူး။ CCTV ဖို့ရာ မီးလဲလိုပါတယ်။ အကုန်လုံးတပ်ဖို့ ကုန်ကျစရိတ်လဲလိုပါတယ်။နောက်ကို အလှည့်ကျစနစ်နဲ့ လုံခြုံရေး စီမံကိန်းတွေ ဆောင်ရွက်သွားမှာပါ " ဆိုပါတယ်။

လက်ရှိမှာ ရှေးဟောင်းစေတီပုထိုးတွေရှိရာ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ဖို့ အတွက် ဆောင်ရွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။

အခုလို နံရံဆေးရေးပန်းချီတွေကို ဖျက်ဆီးခိုးယူဖို့လုပ်နေတာတွေရှိနေတယ်ဆိုပေမယ့်လည်း ဒါဟာ ယူနက်စကိုစာရင်းဝင်ဖို့တော့ အနှောင့်အယှက် ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပုဂံဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌဦးခင်မောင်နုက ဦးခင်မောင်နုကသူ့ရဲ့ အမြင် ကိုပြောပါတယ်။

Image caption ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ

ပုဂံဒေသကို ယူနက်စကိုစာရင်းတင်သွင်းနိုင်ဖို့ မြန်မာနိုင်ငံဘက်က အဆိုပြုလွှာ တင်သွင်း ပြီးဖြစ်သလို ယဉ်ကျေးမှုဒေသ အဖြစ် သတ်မှတ်ဖို့ ကိုက်ညီမှုရှိမရှိဆိုတာကိုစစ်ဆေးရတဲ့ အီကိုမော့က်စ် အဖွဲ့ကလည်း လာရောက် ကွင်းဆင်း စစ်ဆေးပြီးသွားပြီဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ယူနက်စကို စာရင်း ဝင်မဝင် ဆိုတာတော့ လာမယ့် ဇူလိုင်လဆန်းမှာ ကျင်းပမယ့် ယူနက်စကိုညီလာခံကနေတဆင့် သိရှိရမှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ