ထရမ့်-ကင် နျူကလီယား ထိပ်သီးဆွေးနွေးပွဲ ဟနွိုင်းမှာ ကျင်းပမယ်

ထရမ့်-ကင်
Image caption ဟနွိုင်းမြို့လယ် နာမည်ကျော် ဟွမ်ကင် ရေကန်ကြီးနား နှစ်သစ်ကူး အချိန် ပျော်ရွှင်နေတဲ့ ခေတ်သစ် ဗီယက်နမ် လှပျိုဖြူတွေ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဒုတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲ လုပ်မယ့် ဗီယက်နမ်မြို့ဟာ မြို့တော်ဟနွိုင်း ဖြစ်တယ်လို့ အမေရိကန်သမ္မတ ထရမ့်က ထုတ်ဖော် ပြောဆိုပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို အခုလ ဖေဖေါ်ဝါရီ အကုန် ၂၇နဲ့ ၂၈ ရက်နေ့တွေမှာ ဗီယက်နမ်မှာ ကျင်းပမယ့် အကြောင့် သမ္မတ ထရမ့် ပြောဆိုထားနှင့်ပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ နျူကလီယာ လက်နက်ထုတ်တဲ့ အစီအစဉ်အားလုံးကို စွန့်လွှတ်ကြောင်း လုပ်ငန်းစဉ်နဲ့ တကွ တိတိကျကျ သဘောတူမှု တစ်ရပ် ကင် ဂျုံ-အွန်း ဆီက အခု ထိပ်သီးဆွေးနွေးပွဲမှာ ရလာဖို့ ရည်မှန်း ထားပါတယ်။

မြောက်ကိုရီးယားလိုပဲ ကွန်မြူနစ် တိုင်းပြည် ဖြစ်ပေမယ့်လည်း စီးပွားရေးအရ အမေရိကန်နဲ့ကြား ဆက်ဆံရေး ကောင်းမွန်နေတဲ့ ဗီယက်နမ်မှာ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တချိန်က ခါးသည်းတဲ့ ရန်သူတွေ အဖြစ်ကနေ ဆက်ဆံရေး ပြန်လည် ထူထောင်ထားနိုင်တဲ့ ဗီယက်နမ်နဲ့ အမေရိကန်တို့ရဲ့ ခေတ်သစ် ဆက်ဆံရေးဟာ မြောက်ကိုရီးယားအတွက် အတုယူစဖွယ် ဖြစ်လာပြီး နျူကလီယာ ရည်မှန်းချက် စွန့်လွှတ် သွားလေမလား ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။

Image caption တံခါးဖွင့်ထားတဲ့ ဟနွိုင်းရဲ့ ခေတ်သစ် လှပျိုဖြူ
Image caption တရုတ်လိုပဲ ကွန်မြူနစ် နိုင်ငံရေးကို ထိန်းထားပေမယ့် စီးပွားရေး တံခါး ဖွင့်ထားတဲ့ ဗီယက်နမ်

ထိပ်သီးဆွေးနွေးပွဲ အကြို မြောက်ကိုရီးယား မြို့တော် ပြုံယမ်း အထိ သွားပြီး အဲဒီက ထိပ်သီး အရာရှိတွေနဲ့ ညှိနှိုင်းတာတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန် အထူး သံတမန်ရဲ့ ခရီးစဉ်ဟာ အလွန် အလုပ်ဖြစ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ထရမ့်နဲ့ ကင်တို့ဟာ စင်္ကာပူမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ပထမ အကြိမ် တွေ့ခဲ့ကြပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ လက်ရှိ ခေါင်းဆောင်တွေ သမိုင်းမှာ ပထမဆုံး အကြိမ် တွေ့ဆုံကြတာ ဖြစ်လို့ တကမ္ဘာလုံး အင်မတန် စိတ်ဝင်စားခဲ့ပြီး ကမ္ဘာ့ သတင်း စာမျက်နှာတွေထက် လွှမ်းမိုးခဲ့ပါတယ်။

သမိုင်းဝင် အစည်းအဝေး အဖြစ် သတ်မှတ် နိုင်ပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီယာ ကင်းစင်ရေး အတွက် ဦးတည် သွားကြမယ်လို့ ခေါင်းဆောင် နှစ်ဦး သဘောတူခဲ့ ကြပေမယ့် လုပ်ငန်းစဉ် တိတိကျကျ တစုံတရာ သဘောတူချက်တော့ မထွက်ပေါ် ခဲ့ပါဘူး။

ဘာ့ကြောင့် ဟနွိုင်းလဲ …..

အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ထဲမှာ သမ္မတ ထရမ့် နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောခဲ့စဉ် ဒုတိယ အကြိမ် နျူကလီယာ ထိပ်သီး ဆွေးနွေးပွဲကို ဗီယက်နမ်မှာ လုပ်မယ် ဆိုတဲ့ အကြောင်း နေ့ရက်တွေနဲ့ပါ အတိတကျ ထည့်သွင်း ပြောခဲ့ပေမယ့် ဘယ်မြို့မှာ တွေ့ဆုံမလဲ ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဒီတော့ မစ္စတာထရမ့် အေပက် ထိပ်သီးဆွေးနွေးပွဲ သွားတက်ခဲ့ဖူးတဲ့ ဒါနန်း ဆိုတဲ့ ကမ်းခြေမြို့မှာ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့ ဝါရှင်တန် အချိန် ညနေပိုင်းမှာပဲ ထရမ့်က သူနဲ့ ကင်တို့ တွေ့ကြမှာ ဟနွိုင်းမြို့တော်မှာ ဖြစ်တယ်လို့ တွစ်တာပေါ် ရေးသား လာခဲ့တဲ့ အတွက် ဒါနန်း ဆိုတဲ့ ခန့်မှန်းချက်တွေ လွဲမှား သွားခဲ့ပါတယ်။

ထရမ့် တွစ်တာပေါ် ရေးခဲ့တာက "ငြိမ်းချမ်းရေးအတွက် အခြေခံအကြောင်းတွေ တိုးတက်စေဖို့ ကင်နဲ့သူ ဟနွိုင်းမှာ တွေ့ကြမယ်" ဆိုပြီး ဖြစ်ပါတယ်။

ဗီယက်နမ်လည်း ကိုရီးယားလိုပဲ နှစ်ခြမ်းကွဲပြီး တောင်-မြောက် စစ်ဖြစ်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

Image caption ကွန်မြူနစ် ဗီယက်နမ် ဖခင်ကြီး ဟိုချီမင်း
Image caption သန်းနဲ့ချီ သေခဲ့ရတဲ့ ဗီယက်နမ်စစ်/အမေရိကန်စစ်
Image caption တောင်ဗီယက်နမ် မြို့တော် ဆိုင်းဂုံကို ကွန်မြူနစ်တွေ သိမ်းပိုက်၊ အမေရိကန်တွေ ထွက်သွား၊ ဟိုချီမင်းမြို့တော်ရယ်လို့ ဖြစ်လာခဲ့။

အမေရိကန်တွေက ဗီယက်နမ် စစ်ပွဲ လို့ ခေါ်ပြီးဗီယက်နမ်မှာတော့ အမေရိကန်စစ်ရယ်လို့ ရည်ညွှန်းခေါ်ကြတဲ့ အဲဒီ စစ်ပွဲဟာ ၁၉၆၅ ကနေ ၁၉၇၃ အထိ ကြာညောင်းခဲ့ပြီး အဲဒီ ကာလတွေမှာ ဟနွိုင်းဟာ ကွန်မြူ မြောက် ဗီယက်နမ်ရဲ့ မြို့တော် ဖြစ်ပါတယ်။

တောင် ဗီယက်နမ် အစိုးရဘက်က အမေရိကန် အပြင်းအထန် တိုက်ခိုက် ခဲ့ပေမယ့် အဆုံးမှာတော့ ဗီယက်နမ်ကနေ အမေရိကန် တပ်တွေ ထွက်ခွာ သွားကြပြီး ကွန်မြူနစ်တို့ အောင်နိုင်ခဲ့ပါတယ်။

စစ်ပွဲအတွင်း အရပ်သားတွေရော စစ်သားတွေပါ သန်းနဲ့ချီ သေဆုံးခဲ့ကြရတဲ့ အထိ ပြင်းထန် ရက်စက်ခဲ့ပါတယ်။ ဒီလို သမိုင်းဆိုး၊ အမုန်းနဲ့ အငြိုးအာဃာတ တရားတွေကို ကျော်လွှားပြီး အခုအခါမှာတော့ ဗီယက်နမ်ဟာ စီးပွားရေး အရ တံခါးဖွင့်လာသလို အမေရိကန်နဲ့လည်း စီးပွားဖက်တွေ အဖြစ် ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင် ထားရှိပါတယ်။

ကိုရီးယားကျွန်းဆွယ် စစ်ပွဲကို ကြည့်ရင်တော့ ၁၉၅၃ မှာ တိုက်တာခိုက်တာတွေ ရပ်တန့် ခဲ့ပါတယ်။ ဒါပေမယ့် တရားဝင် စစ်ပြေငြိမ်းတာမျိုး မရှိခဲ့ပါဘူး။ နှစ်ခြမ်းကွဲပြီး ကွန်မြူနစ် နိုင်ငံဖြစ်သွားတဲ့ မြောက်ကိုရီးယားဟာ တံခါးပိတ် ဝါဒကို ဆယ်စုနှစ်ပေါင်း များစွာ ကျင့်သုံး ခဲ့ပါတယ်။

Image caption စင်္ကာပူပွဲထက် ကျော်လွန်ပြီး ဟနွိုင်းမှာ ရလဒ်ကောင်းတွေ ထွက်လာမလား

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ပြန်လည် ထူထောင်ဖို့ အခုနှစ်ပိုင်းတွေ အတွင်းရောက်မှပဲ ကြိုးစား လာခဲ့ပြီး အဲဒီကနေ တဆင့် အမေရိကန် သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ တွေ့ကြတဲ့ အဆင့်ထိ ရောက်လာခဲ့ပါတယ်။

အမေရိကန်နဲ့ ဗီယက်နမ်တို့ တစ်ဘက်နဲ့တစ်ဘက် ဓားတွေ သေနတ်တွေနဲ့ ချိန်ထားရာကနေ ဆက်ဆံရေး ကောင်းလာခဲ့တဲ့ အချက်ဟာ အခုအခါ နျူကလီယာ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပပေးဖို့ အသင့်တော်ဆုံး နေရာအဖြစ် သတ်မှတ်ခံခဲ့ရပြီလို့ တောင်ကိုရီးယား သမ္မတရဲ့ ပြောခွင့်ရတစ်ယောက်က စာနယ်ဇင်းကို ပြောကြားပါတယ်။

ဒီလိုပဲ အိမ်ဖြူတော်က အမည်မဖော်လိုတဲ့ အရာရှိတစ်ယောက်ကလည်း ဗီယက်နမ်ကို အိမ်ရှင် အဖြစ် ရွေးရတဲ့ အကြောင်းဟာ နှစ်ဘက်စလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ နိုင်ငံဖြစ်လို့ ဆိုပြီး အမေရိကန် ပြည်တွင်း မီဒီယာမှာ ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်နဲ့ ထပ်တွေ့မယ်လို့ သမ္မတ ထရမ့် ပြော