မတူပီနဲ့ ဆက်သွယ်တဲ့လမ်းကြောင်းတချို့ ညမထွက်ရအမိန့်ထုတ်

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ပေါ်နဲ့ ရွာတွေချင်းဆက်တဲ့ လမ်းကြောင်းတချို့မှာ ညနေပိုင်း ၅ နာရီကနေ မနက်ပိုင်း ၇ နာရီအထိ သွားလာတာ မလုပ်ဖို့ ဖေဖော်ဝါရီ ၆ ရက်နေ့က အမိန့် ထုတ်ပြန်တာကြောင့် မတူပီ ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က ပြောပါတယ်။
မတူပီမြို့က ချင်းလူ့အခွင့်အရေး အဖွဲ့ရဲ့ သတင်းအချက်အလက် ကောက်ယူရေး တာဝန်ခံ ဆလိုင်း တာရ " အရင်တုန်းက ဒီလို မဖြစ်ဖူးဘူး။ အခုတော့ ဒေသခံတွေက စိုးရိမ်နေကြတာပေါ့။ အဲဒီလမ်းကြောင်းက မတူပီနဲ့ ဟားခါးလမ်းကြောင်းဆိုတော့ ကြားထဲမှာ ရွာတွေက အများကြီးပဲ " လို့ ဆိုပါတယ်။
- ချင်းပြည်နယ် ပလက်ဝက အစိုးရတပ်နဲ့ AA တပ်အကြား တိုက်ပွဲဖြစ်၊ နှစ်ဖက်စလုံး အကျအဆုံးရှိ
- ပလက်ဝဘက် တပ်မတော်နဲ့ AA တကျော့ပြန်တိုက်
- ကြားဖြတ်ရွေးကောက်ပွဲ နီးမှ မဲဆန္ဒနယ် တစ်ခုကို သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ချင်းခေါင်းဆောင် ဝေဖန်
အခုညမထွက်ရ ပိတ်လိုက်တဲ့ လမ်းကြောင်းတွေကတော့ မတူပီကနေ ဖတ်နန် ကျေးရွာ အထိ သွားရောက်တဲ့ လမ်းတွေဖြစ်ပြီး လမ်းတလျှောက်မှာ အစိုးရတပ်စခန်းတွေ ချထားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ နေ့ခင်းပိုင်း ရွာတွေကိုသွားရင်လည်း တပ်ရင်းတွေရှိတဲ့ နေရာတွေမှာ ရပ်တန့်တာ ဓါတ်ပုံရိုက်တာတွေ မလုပ်ရဆိုတဲ့ တားမြစ်ချက်တွေလည်း ရှိနေပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က အဲဒီအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေ Nga Leng ကျေးရွာနဲ့ ဖတ်နန် ကျေးရွာအပါအဝင် မတူပီမြို့ပေါ်မှာရှိတဲ့ ရပ်ကွက် (၄) ခုက အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ် ပြောခဲ့တာဖြစ်တယ်လို့ ဆလိုင်း တာရ က ဘီဘီစီကို ပြောပြပါတယ်။
ညနေ ၅ နာရီကနေ မနက် ၇ နာရီအထိ မသွားလာရ အမိန့်ထုတ်ထားတဲ့ မတူပီနဲ့ Nga Leng ကျေးရွာကြားမှာ စစ်တပ်တွေရှိပြီးတော့ အဲဒီသတင်းမထုတ်ပြန်ခင်မှာ စစ်ကား ငါးဆယ်ကျော်လောက် မတူပီမြို့ကို ရောက်လာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမှာ ရခိုင်လက်နက်ကိုင်တပ် ရက္ခိုင့်တပ်မတော်(AA) နဲ့ အစိုးရတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အခုလို လုံခြုံရေး တင်းကျပ်ရတာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

ဒါပေမယ့် ဒေသခံတွေအနေနဲ့ မတူပီမြို့နဲ့ ဆက်သွယ်ထားတဲ့ ဒီလမ်းတွေကို အဓိကထား အသုံးပြုရတာကြောင့် ဘုရားကျောင်းသွားတာတွေ၊ မြို့ပေါ် ဈေးဝယ်တာတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
မတူပီမြို့ပေါ်မှာတော့ သွားလာခွင့်ရပြီး ရွာတွေဆီသွားတဲ့ လမ်းတွေမှာ အခုလို ဖြစ်နေတာကြောင့် သွားလာရေး ခက်ခဲနေပြီး ဘယ်နေ့အထိ သွားလာခွင့်ပိတ်တယ်ဆိုတာကို ကြေညာထားခြင်းမရှိလို့ သိရပါတယ်။