မြစ်ငယ်မြစ်ပေါ်က ရေအားလျှပ်စစ်ရေကာတာ ရွာသားများ ကန့်ကွက်သတင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Saihsarlu Hsar Lu
Image caption ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ဖို့အတွက် လာရောက်တိုင်းတာနေမှု

(၁) မြစ်ငယ်မြစ်အပေါ် ရေအားလျှပ်စစ်ရေကာတာ တည်ဆောက်ဖို့ ရွာသားများကန့်ကွက်

သီပေါမြို့နယ်တွင်းက ဆိုင်းလင်းကျေးရွာအုပ်စု၊ ဆိုင်းလင်း၊ ပိန်းဆာနဲ့ ဆွတ်တောင်ကျေးရွာတွေအနားက မြစ်ငယ်မြစ်ပေါ်မှာ ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ဖို့အတွက် လာရောက် တိုင်းတာ နေမှုအပေါ် အနီးအနားမှာရှိတဲ့ ရွာသားတွေက ကန့်ကွက်ခဲ့ပါတယ်။

" ၂၀၁၇ တုန်းက သူတို့လာကြည့်တယ် ။ ဘာမှ မပြောဘူး။ ဘာမှ မလုပ်ဖူး။ ၂၀၁၉ ၊ ၁လပိုင်းမှာ လာကြည့် ရေအမြင့်ပေဘယ်လောက်ရှိလဲဆိုတာ အုတ်တိုင်နဲ့ တိုင်းသွားတယ်။ နောက်သူတို့ ထပ်လာတယ်။ ကျေးရွာ ဥက္ကဋ္ဌက ဘာလာလုပ်တာလဲ အကျိုးအကြောင်း သွားမေးတော့မှ ရေကာတာ ဆောက်မယ်လို့ ပြောတယ်" လို့ ဒီရေကာတာနဲ့ ပတ်သက်လို့ ဦးဆောင်ကန့်ကွက်နေတဲ့ ဦးစိုင်းဆာလူ က ဘီဘီစီကို ပြောပါတယ်။

အခုရေကာတာ ဆောက်မယ့် ကုမ္ပဏီက UNIENERGY ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာတော့ စီမံကိန်းရဲ့ အချက်အလက်တွေနဲ့ ဒေသခံပြည်သူတွေ လျှပ်စစ်မီးအပြည့်အ၀ ရရှိရေးကို ရှင်းလင်း တင်ပြဖို့ ကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်ကရွာသူရွာသားတွေကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရွာသူရွာသားတွေဘက်ကတော့ ဒီရေကာတာ ဆောက်မယ့်ကိစ္စအပေါ် သဘောမတူသလို အစည်းအဝေးကို သွားမှာ မဟုတ်ဘူးလို့လဲ တုန့်ပြန်ထားပါတယ်။

ဆိုင်းလင်းကျေးရွာ၊ ပိန်းဆာကျေးရွာနဲ့ ဆွတ်တောင်ကျေးရွာဟာ သုံးရွာပေါင်း အိမ်ထောင်စု တရာကျော်ရှိပြီး လူဦးရေ လေးရာနီးပါးပြီး ခြံလုပ်ငန်းတွေလုပ်ကိုင်တဲ့အတွက် မြစ်ငယ်မြစ်ရေကို အဓိကထား သုံးစွဲရတာဖြစ်ပါတယ်။

ဒီရေကာတာ တည်ဆောက်မယ်ဆိုရင် ရွာသူရွာသား ဒေသခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံတွေရေမြုပ်နိုင်ပြီး ရေကာတာ ဧရိယာနဲ့ မလွတ်ကင်းပါက မိမိတို့နေရာတွေက ဖယ်ရှားပေးရမှာတွေကို စိတ်ပူနေကြတယ်လို့ ဦးစိုင်းဆာလူက ပြောခဲ့ပါတယ်။

Image caption ကျောက်တော်နဲ့မြောက်ဦးမှာ တိုက်ပွဲဖြစ်လို့ဒေသခံများထွက်ပြေး

(၂) ကျောက်တော်နဲ့မြောက်ဦးမှာ တိုက်ပွဲဖြစ်လို့ဒေသခံများထွက်ပြေး

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ် (AA) တို့ကြား တိုက်ပွဲတွေ ဖြစ်တာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ လုံခြုံရာကို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

ကျောက်တော်မြို့နယ် ချောင်းတူရွာအနားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ၆ နာရီအထိ မပြီးသေးပဲ ဆက်ဖြစ်ခဲ့တယ်လို့ ချောင်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ဘီဘီစီကို ပြောပါတယ်။

ချောင်းတူကျေးရွာဟာ အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ရခိုင်ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တွေ- ရန်ကုန် ကားလမ်း အနောက်ဘက်မှာ ကပ်ရပ်တည်ရှိပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက မြောက်ဦးမြို့ကနေ ၁၆ မိုင် အကွာ မကျည်းပင်ကုန်းအနီးမှာ စစ်ကားတန်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့မှု တစ်ခု ဖြစ်ခဲ့ပါတယ်။

ကွန်ကရစ်ခင်းထားတဲ့ လမ်းစနားမှာ မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ၁၅ မိနစ်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိပ်ဝပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း မြန်မာတပ်မတော်ကစစ်တပ် အင်အားတွေကို တိုးချပြီး အေအေကို စစ်ဆင်ရေးတွေ လုပ်နေတဲ့ အတွက် တိုက်ပွဲတွေက နောက်ထပ်လည်း ဆက်လက် ဖြစ်ပွားလာနိုင်သလို ၇၀၀၀ ခန့်ရှိနေတဲ့ စစ်ဘေးရှောင် အရေအတွက်ကလည်း နောင်မှာ ပိုမို များပြားလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေ ပြောဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် အစိုးရ ယန္တယား နောက်ထပ်ယာယီရပ်ဆိုင်းသွားမှုဆန္ဒပြ

(၃) အစိုးရ ယန္တရား ယာယီရပ်ဆိုင်းမှု ညှိနှိုင်းမှု ပျက်ပြား

အမေရိကန် အစိုးရ ယန္တရား နောက်ထပ်ယာယီရပ်ဆိုင်းသွားမှာကို လမ်းလွဲသွားအောင် ဒီမိုကရက်တွေနဲ့ ရီဘတ်ဘလစ်ကန်တွေအကြား ညှိနှိုင်းကြပေမယ့် သဘောတူညီမှု မရပဲ ပျက်ပြားသွားခဲ့ပါတယ်။

မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့ သမ္မတထရမ့်ရဲ့ နယ်စပ်လုံခြုံရေး သဘောတူရန်ပုံငွေအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမယ့် အဖြေမရပဲ ရပ်ဆိုင်းခဲ့ပါသေးတယ်။

အခုဒါမျိုး နောက်တခါ ထပ်ရပ်တာမျိုး မဖြစ်ဖို့ လာမယ့် သောကြာနေ့မှာ သဘောတူညီချက်ရဖို့ အစိုးရခေါင်းဆောင်တွေ ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် CRI
Image caption နာမည်ကြီး ဝီဂါ အနုပညာရှင် အပ်ဒါရင်ဟေး

(၄) တရုတ်နာမည်ကြီးအနုပညာရှင် အသက်ရှင်ရက်ရှိ

နိုင်ငံရေး လှုံ့ဆော်တေးတွေ စပ်ဆိုသီကုံးမှုနဲ့ ထောင်ဒဏ် ၈ နှစ် ချထားခဲ့တဲ့ နာမည်ကြီး ဝီဂါ အနုပညာရှင် အပ်ဒါရင်ဟေး ဟာ ထိန်းသိမ်းရေးစခန်းမှာ အသက်ရှင်လျက် ရှိနေတယ်ဆိုတဲ့ ဓာတ်ပုံ ထွက်ပေါ် လာပါတယ်။

သူ သေသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ တရုတ်အစိုးရသတင်းဌာနက ထုတ်လွှင့်ပြသတဲ့ ဗီဒီယိုမှာ မစ္စတာဟေးဟာ သာမန်အရပ်သားအဝတ်အစားနဲ့ စကားပြောရင်း သူ့ကို စစ်ဆေး နေပေမယ့် မနှိပ်စက်ဘူးလို့တော့ ပြောပါတယ်။