ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းအတွက် မရည်ရွယ်

သွားလေရာ မြန်မာဝတ်စုံကို ပွဲထုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် Reuters
Image caption သွားလေရာ မြန်မာဝတ်စုံကို ပွဲထုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကြိုးစားတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ သမ္မတဖြစ်ရေးကို ရည်ရွယ်တာမဟုတ်ပဲ အရည်အချင်းရှိတဲ့လူတွေကို ကန့်သတ်ထား တာကြောင့် ပြင်ဆင်လိုတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ပြောပါတယ်။

"ကျွန်တော်တို့ ပြင်ဆင်ချင်တာက ဒီမိုကရေစီနည်းမကျလို့ ပြင်ချင်တာပါ။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးဆိုရင် သူ့သားနှစ်ယောက်ကို အမွေရကနေစွန့်လွှတ် လိုက်တာနဲ့ သူဟာ သမ္မတရွေးခံဖို့ အရည်အချင်းပြည့်မီသွားမှာပါ။ သို့သော် ပုဂ္ဂိုလ် ရေးအရလုပ်တာမဟုတ်တဲ့အတွက် တိုင်းပြည်မှာအရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကန့်သတ်ရာရောက်တယ်။ နိုင်ငံသားအချင်းချင်းမှာ ခွဲခြားဆက်ဆံရာရောက်တဲ့ အတွက် ကျွန်တော်တို့ပြင်ဖို့ ကြိုးစားတာဖြစ်ပါတယ် " လို့ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် က ဂျပန်သတင်း ဌာန Asahi Shimbun နဲ့ တွေ့ဆုံမေးမြန်း ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ အချုပ်အခြာ အာဏာကို ထိပါးမယ့် ဥပဒေပြင်ဆင်မှုမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံခြားသားမိသားစုဝင်တွေ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရှိတဲ့အပေါ်မှာ နိုင်ငံတကာက ဒါဟာဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ဝေဖန်ထောက်ပြနေတဲ့ အတွက် အနာဂတ်မှာ ဒီပေါ်လစီကို ပြုပြင်သင့်သလားလို့ Asahi Shimbun သတင်းစာဆရာက မေးလိုက်တဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်နစ်နာအောင် လုပ်မယ့် နိုင်ငံခြားသားတွေကို လုပ်ပိုင်ခွင့်အာဏာကို ပေးလို့မရပါဘူး ဖြေကြားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုယ့်နိုင်ငံအရေး ဘယ်သူကမှ ပိုမသိနိုင် - ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံခြားသားမိသားစုဝင်တွေ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရတဲ့ ကန့်သတ်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ၅၉ စ မှာ ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ၅၉ စ အရ နိုင်ငံတော်သမ္မတလောင်းဟာ မြန်မာနိုင်ငံ သားဖြစ်ရပြီး၊ မြန်မာနိုင်ငံသားမိဘက မွေးဖွားတဲ့သူဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

အဲ့ဒီပုဂ္ဂိုလ်ဟာ နိုင်ငံခြားသားနဲ့လက်ထပ်တာ သို့မဟုတ် နိုင်ငံခြားသား ခံယူထားတဲ့ကလေးမရှိရဘူးလို့ ပြဌာန်းထားပါတယ်။

မြန်မာနိုင်ငံအရေးကို ပြုပြင်ပြောင်းလဲပုံဖေါ်နိုင်တဲ့အာဏာဟာ မြန်မာပြည်သူ တွေရဲ့ လက်ထဲမှာ ဖြစ်ကြောင်းနဲ့ ဒါဟာသမိုင်းဝင်လိုအပ်ချက်အရရွေးချယ်ကျင့်သုံးရ တာဖြစ်ပြီး တဦးအယောက်ကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

ဒီပေါ်လစီဟာ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးနည်းလမ်းဖြစ်ပြီး ကျွန်တော်တို့ စွဲကိုင်ထားတဲ့ ပေါ်လစီပဲလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြေကြား တာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဆွဲသူ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုလိုက်တာဟာ ဥပဒေပြင်ဆင်ရေးအတွက် အဟန့်အတား ဖြစ်စေမလားလို့ မေးကြည့်တဲ့အခါမှာ ဒေါက်တာမျိုးညွှန့်က ဥပဒေ ပြင်ဆင်ရာမှာ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ပြင်ဆင်လိုတာမဟုတ်ပဲ အနာဂတ်မှာ ကောင်းမွန်တဲ့ စနစ်တခုဖြစ်ပေါ် လာဖို့ရည်ရွယ်တာ ဖြစ်တဲ့အတွက် အခက်အခဲရှိရင် လည်း ပါဝင်ပတ်သက်တဲ့လူနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုကို ညှိနှိုင်းပြီးပြင်ဆင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

၅၉ စ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချက် ၁၀၀ ကျော်ပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းနေပါတယ်။