ချင်းဒုလွှတ်တော်ဥက္ကဌ တာဝန်ကရပ်စဲဖို့ကိစ္စ မင်းတပ်လူမှုအရပ်ဖက်အဖွဲ့အစည်းတွေကန့်ကွက် သတင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် SALAI ISAAC KHEN
Image caption NLD အစိုးရ သက်တမ်းအတွင်း ချင်းပြည်နယ်မှာ ပထမဆုံး ရာထူးနေရာ အပြောင်းအလဲ လုပ်ဖို့ စီစဉ်

(၁) ချင်းဒုလွှတ်တော်ဥက္ကဌ တာဝန်ကရပ်စဲဖို့ကိစ္စ အရပ်ဖက်အဖွဲ့အစည်းကန့်ကွက်

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ကိုတာဝန်က ရပ်စဲဖို့ ပါတီဗဟိုရဲ့ ညွန်ကြားချက်ထွက်ပေါ်လာပြီးနောက် အခုလို ညွန်ကြားထားချက်ဟာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မဲန္ဒရှင် ပြည်သူတွေရဲ့ သဘောထားဆန္ဒမပါပဲ ပါတီကနေ ညွှန်ကြားချက်ဖြစ်တာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ချိုး(ချင်း) လူမှုဖွံ့ဖြိုးရေး ဥက္ကဌ ဆလိုင်းရှယ်အောင်က ဘီဘီစီကို ပြောပါတယ်။

ဦးရှယ်အောင်က " ပထမ ကောလာဟလလို ကြားတယ်။ နောက်ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်မှတ်နဲ့ စာထွက်လာတယ်။ အဲဒီစာထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့က ဗဟိုကော်မတီဝင်တွေ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌ ရှေ့မှာ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်မည်ဆိုတာကို ကတိခံဝန်ထားတယ်ပြောတယ်။ တကယ်ဆို မဲပေးလိုက်တဲ့ ကျနော်တို့ရှေ့မှာဆို ကျေးဇူးတင်မှာပါ။ ခုက မဲပေးတဲ့ ပြည်သူတွေလဲ ဘာမှ မသိရဘူးလေ " လို့ ဆိုပါတယ်။

လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပြီး ဖေဖော်ဝါရီလ ၇ ၇က်နေ့မှာ အခုလို ဒုဥက္ကဌ တာဝန်ကနေ နှုတ်ထွက်ဖို့ ညွှန်ကြားစာ ပေးခံရတာဖြစ်တယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှာ နောက်ဆုံးနှုတ်ထွက်စာ တင်ရမယ်လို့ ညွှန်ကြားထားပြီး အခုလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖေဖော်ဝါရီ ၁၇ ရက်စွဲနဲ့ နောက်ဆုံးအကြိမ် သတိပေးစာ လက်မှတ်ရေးထိုးပေးပို့တဲ့စာဟာ လူမှုကွန်ယက်မီဒီယာပေါ် ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

ဦးအောင်သန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မင်းတပ်မဲဆန္ဒနယ်ကနေ NLD ပါတီအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ သူဖြစ်ပြီး အခုလက်ရှိ အခြေအနေမှာ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာလဲ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားရသူဖြစ်ပါတယ်။

Image caption ပုဏ္ဏားကျွန်းထဲ စစ်ဘေးရှောင် ယာယီစခန်းတွေ ဖွင့်ထား

(၂)တိုက်ပွဲကြောင့် မြောက်ဦးမြို့ ဘူးခါးရွာက ရွာသားတွေ ထွက်ပြေးရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာဟာ အခုဆိုရင် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာပါ။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ဘူးခါရွာက ရွာသား ၁၇၀ ကျော်ဟာ တိုက်ပွဲတွေကြောင့် ရွာတွေကို စွန့်ခွာပြီး ထွက်ပြေးလာရပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ တချို့ရွာသားတွေက အိမ်အောက်မှာ အုတ်ခဲတွေကို နံရံလိုကာပြီး လုံခြုံအောင် နေရတယ်လို့ မြောက်ဦးမြို့နယ် ခူလှိုင်ရွာက စစ်ရှောင်ဒုက္ခသည် မနီနီဝင်းက ဆိုပါတယ်။

မနီနီဝင်းကတော့ ရွာနဲ့ နီးတဲ့ကယ်ဆယ်ရေးစခန်းမှာ လူငယ်တွေ ကလေးတွေက နေထိုင်ကြပြီး အသက်ကြီးသူတချို့ကတော့ ရွာထဲမှာ အိမ်တွေကို လုံခြုံအောင်ထားပြီး နေထိုင်စေခဲ့တယ်လို့ ပြောပါတယ်။

ရက္ခိုင့်တပ်မတော်အေအေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ခူလှိုင်ရွာ ဆင်အိုးရွာနဲ့ နေပူခံရွာက ရွာသားတွေဟာ နီးစပ်ရာ ရွာတွေကို ထွက်ပြေးလာခဲ့ကြပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ဒေသခံရွာသူရွာသားတွေရဲ့ စားဝတ်နေရေးဟာ စိတ်ပူပန်နေရပြီး တိုက်ပွဲကြားမှာ ကျည်ဆန်ထိမှန်သေဆုံးတာတွေနဲ့ ပျောက်ဆုံးတာတွေက များပြားလာတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စီးပွားရေးသုံးသပ်ချက် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု

(၃) ရန်ကုန်မှာ ရောင်းဝယ်ပြီးမှ နယ်စပ်ကို ကုန်စည်ပို့မည်

နယ်စပ်ကုန်သွယ်ရေးမှာ အရောင်းအဝယ် လုပ်နေတဲ့ ကုန်စည်တွေကို ရန်ကုန်မှာ အရောင်းအဝယ် လုပ်ပြီးမှ အဲဒီကတဆင့် နယ်စပ်ကို သယ်ဆောင်တဲ့ စနစ်မျိုးကို လုပ်ဖို့ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးကနေ တင်ပို့တဲ့အခါမှာ တဖက်က ဝယ်ယူတာရှိ၊ မရှိ အတိအကျ မသိရပဲ တင်ပို့နေခြင်းနဲ့ ကုန်သိုလှောင်ရုံ အခက်အခဲတွေ ရှိနေတာကြောင့် တောင်သူတွေ နစ်နာဆုံးရှုံးမှု ရှိနေတဲ့အတွက် အခုလို ရန်ကုန်မှာ ဈေးကွက်ထူထောင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ကြောင်း အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အဓိကအားဖြင့် သစ်သီးဝလံတွေကို ရန်ကုန်ဈေးကွက်မှာပဲ အရောင်းအဝယ်လုပ်ပြီး သယ်သွားတဲ့စနစ်ကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး တရုတ်မြန်မာ စီးပွားရေး စြင်္ကန်လမ်းမှာ ထည့်သွင်းဖို့ စဉ်းစားထားကြောင်း ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့ လယ်ယာထွက်ကုန်တွေကို နယ်စပ်ကုန်သွယ်ရေးက တဆင့် တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာဟာ အခုဆိုရင် နှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကုန်သည်တွေအနေနဲ့ မြန်မာနိုင်ငံထဲကို ကုန်ပစ္စည်း လာရောက်ကြည့်ရှုပြီးဝယ်ယူပေမယ့် ရောင်းချသူတွေအနေနဲ့ တရုတ်နိုင်ငံထဲ အရောက်တင်ပို့တဲ့ စနစ်မှာဆိုရင် လောလောဆယ် သယ်ယူပို့ဆောင်ရေးစနစ်တွေ မကောင်းမွန်သေးတာနဲ့ အချိန်ကြန့်ကြာတာတွေ လုပ်ထုံးလုပ်နည်း ကြန့်ကြာနေတာတွေကြောင့် ရန်ကုန်မှာ ဝယ်ယူပြီး နယ်စပ်ကို ပို့ဆောင်ပေးတဲ့ စနစ်နဲ့ ရောင်းဝယ်ရေးဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ လည်းကုန်သည်တွေက ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတထရမ့်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဟာ ဗီယက်နမ်မှာ တွေ့ဆုံမှာဖြစ်

(၄) နျူကလီးယားလက်နက်စွန့်ရင် မြောက်ကိုရီးယားဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးဖြစ်လာနိုင်

မြောက်ကိုးရီးယားဟာ သူ့ရဲ့နျူးကလီးယား လက်နက်ကို စွန့်လိုက်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

တွစ်တာလူမှုကွန်ရက်မှာ ထရမ့်က ပြောလိုက်တာဖြစ်ပြီး မြောက်ကိုးရီးယားကို အရေးယူပိတ်ဆို့မှုတွေ လုပ်ထားတဲ့ ရုရှားနဲ့ တရုတ်ကိုလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်မှာ သမ္မတထရမ့်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဟာ ဗီယက်နမ်မှာ တွေ့ဆုံမှာဖြစ်ပြီး အခုအခါမှာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဗီယက်နမ်ကို ရထားနဲ့သွားနေပြီဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ