ချင်းလွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်ကရပ်စဲဖို့ကိစ္စ ချင်းအရပ်ဖက်အဖွဲ့အစည်းကန့်ကွက်

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်ကနေ ရပ်နားဖို့ညွှန်ကြားခံရတဲ့ ဦးအောင်သန်း

ဓာတ်ပုံ ရင်းမြစ်, KMT

ဓာတ်ပုံ ပုံစာ,

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်ကနေ ရပ်နားဖို့ညွှန်ကြားခံရတဲ့ ဦးအောင်သန်း

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်သန်း ကိုတာဝန်က ရပ်စဲဖို့ ပါတီဗဟိုရဲ့ ညွန်ကြားချက်ထွက်ပေါ်လာပြီးနောက် အခုလို ညွန်ကြားထားချက်ဟာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မဲန္ဒရှင် ပြည်သူတွေရဲ့ သဘောထားဆန္ဒမပါပဲ ပါတီကနေ ညွှန်ကြားတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ချိုး(ချင်း) လူမှုဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ဆလိုင်းရှယ်အောင်က ဘီဘီစီကို ပြောပါတယ်။

ဦးရှယ်အောင်က " ပထမ ကောလာဟလလို ကြားတယ်။ နောက်ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်မှတ်နဲ့ နုတ်ထွက်စာတစောင်ထွက်လာတယ်။ အဲဒီစာထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်မယ်ဆိုတာကို ကတိခံဝန်ထားတယ်ပြောတယ်။ တကယ်ဆို မဲပေးလိုက်တဲ့ ကျနော်တို့ရှေ့မှာဆို ကျေးဇူးတင်မှာပါ။ ခုက မဲပေးတဲ့ ပြည်သူတွေလဲ ဘာမှ မသိရဘူးလေ " လို့ ဆိုပါတယ်။

အခုလို ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကို ဘာကြောင့်တာဝန်ကရပ်စဲရတယ်ဆိုတာ မသိရသလို တိုင်ကြားစာ ရောက်တယ်ဆိုရင်လည်း ပြည်သူကို ချပြသင့်တယ်လို့ ဦးရှယ်အောင်က ဆိုပါတယ်။

လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအောင်သန်းဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အခုလို ဒုဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ဖို့ ညွှန်ကြားစာ ပေးခံရတာ ဖြစ်တယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ဘီဘီစီကို ပြောခဲ့ပါတယ်။

လွှတ်တော် ဒုဥက္ကဋ္ဌ နေရာကနေ ရပ်စဲဖို့ ပါတီကနေ ဦးအောင်သန်းဆီ တိုက်ရိုက် ညွှန်ကြားစာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဦးဇိုဘွဲက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်မှတ်ရေးထိုးပေးပို့တဲ့သတိပေးစာဟာ လူမှုကွန်ရက်မီဒီယာပေါ် ပြန့်နှံ့ခဲ့ပါတယ်။ အဲဒီစာထဲမှာ ဒုဥက္ကဋ္ဌ ဦးအောင်သန်း အနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ နောက်ဆုံးနုတ်ထွက်စာ တင်ရမယ်လို့ ညွှန်ကြားပါတယ်။

အသံဖိုင် ပုံစာ,

အမေ့ခံ ပုံရိပ်များ

လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူး ရပ်စဲဖို့ သတိပေးစာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်ကို မေးကြည့်တော့ အခုကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ လာဘ်ပေး လာဘ်ယူမှုနဲ့ ပတ်သက်တဲ့ တိုင်စာကို သူ့အနေနဲ့ လက်ခံ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဦးအောင်သန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မင်းတပ်မဲဆန္ဒနယ်ကနေ NLD ပါတီအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ သူဖြစ်ပြီး အခုလက်ရှိမှာ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အတွင်းရေးမှူး အဖြစ် တာဝန်ယူထားရသူဖြစ်ပါတယ်။

ချင်းပြည်နယ် အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်အတွင်း စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နှုတ်ထွက်ပြီးတဲ့နောက် လွှတ်တော်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် အခုလို လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်ကနေ ရပ်စဲဖို့ ညွှန်ကြားချက် ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။