ပုဒ်မ ၂၆၁ ကိုပြင်ဖို့ တပ်မတော် ထောက်ခံမယ်ဆိုတာ ဘာကြောင့်လဲ

ဖွဲ့စည်းပုံပြင်ရေး၊ အပစ်ရပ်ရေးတို့နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဖွဲ့စည်းပုံပြင်ရေး၊ အပစ်ရပ်ရေးတို့နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက သူကြိုက်တဲ့လူကို တိုက်ရိုက်ရွေးချယ်ခန့်အပ်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ချင်ရင် တပ်မတော်ဖက်က သဘောတူနိုင်ကြောင်း ပြောပါတယ်။ ဒီပုဒ်မကို ပြင်ဆင်ဖို့ကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ကြမ်း တင်ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ် ခန့်အပ်တာနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော် တွေက ရွေးကောက်နိုင်ရင် ကောင်းတယ်လို့ ပြောထားပါတယ်၊ ဒါကြောင့်မို့လို့ သဘောတူဖို့ ရှိပါတယ် လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့ က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရှိရာကနေ တိုင်း၊ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်၊တိုင်းလွှတ်တော်တွေက ရွေးချယ်ခန့်အပ်မယ်ဆိုပြီး ပြင်လိုက်မယ်ဆိုရင် ပြည်နယ်တိုင်း လွှတ်တော်တွေ မှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းရဲ့ က႑ဏ္ဍဟာ အရေးပါလာမှာဖြစ်တယ်လို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်အများစုကယူဆနေကြ ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိသလို ပြည်နယ်တိုင်း လွှတ်တော်တွေမှာ လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းစီရှိကြပါတယ်။ ပြည်ထောင်စုလွှတ်တော် မှာရှိတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဟာ ဒုသမ္မတ တစ်ဦး တင်မြောက်ခွင့် ရှိသလို သမ္မတ ကိုလည်း မဲပေးရွေးချယ်ခွင့်ရှိပါတယ်။

အလားတူ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ၂၅ ရာခိုင်နှုန်းက မထောက်ခံရင် အရေးကြီးတဲ့ပုဒ်မ တချို့ပြင်လို့မရပါဘူး။ အဲဒီလိုလုပ်ပိုင်ခွင့်တွေရှိတဲ့အတွက်ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက အရေး ပါနေတာ ဖြစ်ပါတယ်။

ဘယ်လိုပြင်ရင် ဘယ်လိုအရေးပါလာမလဲ

ဒါပေမယ့် ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တွေမှာရှိတဲ့ တပ်မတော်သားတွေမှာ လုပ်ပိုင်ခွင့် သိပ်မရှိပါဘူး။ တကယ်လို့ ပြည်နယ်တိုင်းလွှတ်တော်တွေက သက်ဆိုင်ရာတိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရမယ်လို့သာ ပြင်လိုက်ရင် သူတို့တွေဟာလည်း အရေးပါလာတော့မယ့် သဘောရှိနေပါ တယ်။

"ရှမ်းပြည်နယ်လွှတ်တော်မှာ အများဆုံးရှိနေတာက တပ်မတော်သားကိုယ်စားလှယ်၊ ဒုတိယအများဆုံး က ကြံခိုင်ရေး၊ တတိယအများဆုံးက SNLD ဖြစ်ပါတယ်။ စတုတ္တအများဆုံးက NLD ဖြစ်ပါတယ်။ တကယ်လို့ဝန်ကြီး ချုပ်ကို များရာ ဆန္ဒမဲနဲ့ ရွေးကောက်မယ်ဆိုရင် ဘယ်သူရနိုင်မလဲ တွက်ကြည့် လိုက်ပါ။ အားလုံးကို မဲပေးခွင့် ပေးမယ်ဆိုရင် တပ်ကလိုလားတဲ့သူပဲ ဖြစ်မှာ အသေအချာ ပဲ" လို့SNLD ပါတီရဲ့မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရှမ်းပြည်နယ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ က ၃၃ ဦး၊ SNLD (ကျားခေါင်း) ၂၄ ဦး၊ NLD ၂၃ ဦး အနိုင်ရခဲ့ကြ ပါတယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် က ၃၄ ဦး ရှိတဲ့အတွက် မဲစနစ်နဲ့ရွေးချယ်ရတဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကို ရွေးချယ်တဲ့အခါ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်က ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ ကြံ့ခိုင်ရေး ၃၃ ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် ၃၄ ဦးပေါင်းပြီး မဲပေးလိုက်ကြတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေအရ တိုင်းရင်းသားပါတီတွေ အခြေချတဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါ တီတွေအနေနဲ့ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရဖို့ မလွယ်ကူပါဘူး။ တိုင်းရင်းသားပါတီထဲမှာ အားအကောင်းဆုံး လို့ဆိုနိုင်တဲ့ ရခိုင်အမျိုးသားပါတီတောင်မှ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၂ ဦး အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၆.၈၁ ရာခိုင်နှုန်းသာရှိပါတယ်။

အဲဒီလိုအခြေအနေတွေရှိနေတဲ့အတွက် တကယ်လို့ တိုင်းရင်းသားပါတီတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်မှာ ဝန်ကြီးချုပ်ခန့်ချင်ရင် လွှတ်တော်ထဲမှာ ရှိတဲ့တခြားသော အင်အားစုတွေနဲ့ပူးပေါင်း ရမယ့် သဘောရှိပါတယ်။

တကယ်လို့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းလွှတ်တော်တွေက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်ကို ခန့်အပ်ရမယ်ဆိုတဲ့အချက်ကို ပြင်လိုက်မယ်ဆိုရင် နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ပိုမို တွင်ကျယ်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာ သူတွေက သုံးသပ်ကြတာတွေ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဗိုလ်ချုပ်စိုးနိုင်ဦး

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကရွေးချယ်ထားတဲ့ သမ္မတက ပြည်နယ် တိုင်းဝန်ကြီးချုပ်ခန့်အပ်ခွင့်ကို ဆုံးရှုံးသွားနိုင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအရ ရရှိထားတဲ့ ဒုတိယသမ္မတ တစ်ဦး ခန့်အပ်ခွင့်၊ ပြည်ထောင်စုဝန်ကြီး ၃ ဦးခန့်အပ်ခွင့်နဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ခန့်အပ်ရေး မှာလည်း ဝင်ရောက်စွက်ဖက်ခွင့် ရရှိသွားတော့မယ့် သဘောရှိနေပါတယ်။

တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုရင် ပုဒ်မ ၂၆၁ တစ်ခုတည်း ဦးစားပေးပြင်ဆင်လို့မရဘူးလို့ တိုင်းရင်းသားပါတီတွေကလည်း ထောက်ပြကြပါတယ်။ ကိုယ်စားလှယ်အင်အားများတဲ့ သက်ဆိုင်ရာပါတီတွေကသာ အသာစီးရမယ့် ပုဒ်မ၂၆၁ ပြင်ဆင်ရေးဟာ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ တိုင်းရင်းသားပါတီတွေက ဆိုပါတယ်။

ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အခါမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက်ဆိုရင် ဗဟိုချုပ်ကိုင်မှုတွေ လျော့ကျတဲ့ အခြေအနေတွေ ဖန်တီး ပေးဖို့လိုတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်တွေက တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အမှန်တကယ်လွပ်လပ်စွာ ရွေးချယ် နိုင်ဖို့အထိ ပြင်ဆင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်း က ပြောပါတယ်။

ဒါပေမယ့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်ရဲ့ ထောက်ခံမှုလိုနေတာမို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ရင် မပြင်နိုင်တဲ့ အနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မယ်လို့ ဒေါက်တာရန်မျိုးသိန်း က ဆိုပါတယ်။

တကယ်လို့ တိုင်းနဲ့ပြည်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ကနေ တိုင်း၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ရွေးချယ်ခန့်အပ်တယ်ဆိုရင် တိုင်းလွှတ်တော်အသီးသီးမှာ၂၅ ရာခိုင်နှုန်းနေရာရထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တဦးချင်းစီရဲ့ ဆုံးဖြတ်ပိုင်ခွင့်အာဏာဟာ အရေးကြီးလာနိုင်လို့ စိုးရိမ်မှုတွေလည်း ရှိနေကြတာဖြစ်ပါတယ်။