မြောက်ဦးမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ဒေသခံတွေ ထိတ်လန့်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေပါတဲ့ပြဋ္ဌာန်းချက်ကိုပယ်ဖျက်ဖို့ တိုင်းရင်းသားပါတီအချို့တင်ပြလာ စတဲ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် EDUCATION IMAGES
Image caption ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်သတ်မှတ်ထားရာ မြောက်ဦးမြို့မှာပါ တိုက်ပွဲတွေဖြစ်ပွားလာ

မြောက်ဦးမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ဒေသခံတွေ ထိတ်လန့်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့ထဲမှာ မတ်လ ၁၅ရက်နေ့ ည ၁၀ နာရီကျော်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်လာတဲ့ အတွက် မြောက်ဦးမြို့လူထု အကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

' ' မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄၀ ဘက်ကနေ သေနတ်တွေအတွဲလိုက် ပစ်သံကြားရပြီး လက်နက်ကြီးသံတွေကိုလည်း မြို့ပြင်ကနေ ကြားရတယ်'' လို့ မြောက်ဦး ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့မဟိန်ကျီရပ်နေ ဦးဘိုဖြူအောင်၊ ဒေါ်စန်းကြည်တို့ရဲ့ နေအိမ်မှာ အိပ်ခန်းတွေထဲထိ ကျည်ဆန်တွေကျရောက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ လည်းဆို ပါတယ်။

အလားတူ ကျောက်တော်မြို့နယ် ကန်စောက် ၅၃၉ တပ်ရင်းကလည်း အမြောက်တွေကို အဆက်မပြတ် ပစ်ခတ်နေတယ်လို့ အဲဒီ တပ်ရင်းအနီးမှာ ရှိတဲ့ ပန်းဘဲချောင်းရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတဲ့ အတွက် စစ်တွေအပါ အဝင် မြို့အတော်တော်များမှာ လုံခြုံရေးတွေ တင်းကျပ်ထားသလို စစ်ဆေးမှု၊ ဖမ်းဆီးမှုတွေ လည်း မြင့်တက်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေပါတဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ဖို့ တိုင်းရင်းသားပါတီအချို့တင်ပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေပါတဲ့ပြဋ္ဌာန်းချက်ကို ပယ်ဖျက် ဖို့တိုင်းရင်းသားပါတီကိုယ်စားလှယ်အချို့ကအကြံပြုတင်ပြခဲ့ကြပါတယ်။

မကြာသေးခင်ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပါ ပူးပေါင်းကော်မတီ အစည်းအဝေးမှာတင်ပြခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၂ ) ပုဒ်မ ၅၆ မှာရှိတဲ့ ပြဋ္ဌာန်းချက်အားလုံးကို ပယ်ဖျက်ဖို့၄၅ ဦး ကော်မတီမှာပါတဲ့ တိုင်းရင်းသားပါတီအချို့ရဲ့ကိုယ်စားလှယ်တွေက တင်ပြခဲ့တယ်လို့ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ကိုယ်စားလှယ်အချို့ကဘီဘီစီကို ပြောပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုဆိုပြီး ပိုင်းခြားထား တာကို တိုင်းဒေသကြီးနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြဋ္ဌာန်းချက်ကိုပယ်ဖျက်ပြီး ပြည်နယ်ပုံစံ ဖွဲ့စည်းဖို့ တိုင်းရင်းသားပါတီကြီးတချို့ရဲ့ကိုယ်စားလှယ်တွေက အကြုံပြုဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

ဒီဆွေးချက်နဲ့ပတ်သက်လို့ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ရေးဆွဲတဲ့အခါဆွေးနွေးဖို့ထည့်သွင်းမှာဖြစ်တယ်လို့သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုရှိပါတယ်။

ဒီပုဒ်မကိုပြင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လူအများအပြားသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Brenton Tarrant ကို တရားရုံးမှာတွေ့ရစဉ်

နယူးဇီလန်မှာ လူ ၄၉ ယောက်သေဆုံးအောင် တိုက်ခိုက်ခဲ့သူကို တရားရုံးကစွဲချက်တင်

နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ခ်ျ မြို့က ဗလီ ၂ခုမှာ မတ် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူ ၄၉ ဦးသေဆုံးစေမှုအတွက် သေနတ်သမားကို တကိုယ်တော်လူသတ်သမားအဖြစ် တရားရုံးကနေစွဲချက်တင်လိုက်ပါတယ်။

လူအများအပြားသေဆုံးစေခဲ့တဲ့ ဒီသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ သေနတ် ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်မယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ပြောလိုက်ပါတယ်။

ပစ်ခတ်မှုဟာ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး ပစ်ခတ်သူမှာ သေနတ်လိုင်စင်လည်းရှိတယ်လို့ ဝန်ကြီးချုပ်အာဒန်ကထုတ်ဖော်ပြောဆိုပါတယ်။

နောက်ထပ်ဖမ်းဆီးထားသူ ၂ဦးလည်း ရှိပြီး သူတို့ဟာ ဒီပစ်ခတ်မှုမှာ ပတ်သက်ခြင်းရှိမရှိကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်။

ဖမ်းဆီးထားသူအားလုံးဟာ ရာဇဝတ်မှုကျုးလွန်ဖူးတဲ့ မှတ်တမ်းမရှိသူတွေဖြစ်ပါတယ်။

အဓိက ကျူးလွန်သူအဖြစ်အစွပ်စွဲခံထားရသူဟာ အသက် ၂၈ အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။