တိမ်ညိုကျေးရွာ စခန်းမှူး အသတ်ခံရတဲ့ သတင်းအပါအဝင် မတ်လ ၂၄ မနက်ခင်း သိသင့်တဲ့ သတင်းများ

Image caption AA ရက္ခိုင့်တပ်မတော်က တိုက်ခိုက်မှုတွေ ကြောင့် အိုးအိမ်စွန့်ထွက်ပြေးပြီး ဘုရားကျောင်းဝင်းထဲမှာ ခိုလှုံနေတဲ့ မြို တိုင်းရင်းသူနဲ့ ကလေးတွေ

(၁) ရခိုင်ပြည်နယ် တိမ်ညိုကျေးရွာစခန်းမှူး အသတ်ခံရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ညိုကျေးရွာ ရဲစခန်းမှူး ဦးကျော်ကျော်လှဟာ မတ်လ ၂၃ ရပ်နေ့ညက လုပ်ကြံ သတ်ဖြတ်ခံရပါတယ်။

မတ်လ ၂၂ ရက်နေ့ ည ၈နာရီခန့်မှာ တိမ်ညိုရွာက ထမင်းဆိုင်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဦးကျော်ကျော်လှရဲ့ နားထင်နဲ့ ဝမ်းဗိုက်တို့မှာ သေနတ်ဒဏ်ရာ တချက်စီ ရခဲ့ပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ကုသရာမှာ ည ၉နာရီ ၄၅ မိနစ်ခန့်မှာတော့ ရတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ မြောက်ဦးခရိုင် ဆရာဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

တိမ်ညိုရဲစခန်းဟာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ တည်ရှိပါတယ်။ တိန်ညိုရဲစခန်းမှူး ဦးကျော်ကျော်လှဟာ လွန်ခဲ့တဲ့ သုံးလခန့်ကတော့ ရက္ခိုင့်တပ်မတော် အေအေဆီက ရက္ခတိ လမ်းစဉ်ကို အနှောင့်အယှက် မပေးဖို့ သတိပေးတဲ့စာတစ်စောင်နဲ့ ကျည်ဆံ တစ်တောင့်ကို လက်ခံရရှိဖူးပါတယ်။

ဒါပေမယ့် ဒီသတ်ဖြတ်မှုဟာ AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်လား မပတ်သက်ဘူးလား ဆိုတာကတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိတလမ်းစဉ်ဆိုတာ ဘာလဲ - အေအေ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း ၁

(၂) ရုပ်ရှင်ပရိသတ် ထင်ကြေးနဲ့ လွဲခဲ့တဲ့ အကယ်ဒမီ

မတ်လ ၂၃ ရက်နေ့ မနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) ပေးပွဲ The One Entertainment Park မှာ ကျင်းပခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်လောက တိုးတက်ဖို့အတွက် ရုပ်ရှင်စီးပွားရေးနယ်ပယ်မှာ စီးပွားရေး သမားတွေကို ဖိတ်ခေါ်တယ်လို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုတွေကိုတော့ တသက်တာဆုအဖြစ် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က ရခဲ့ပြီး ပထမဦးစွာနိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆုပေးခဲ့ပါတယ်။

Image caption အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအဖြစ် မင်းသမီးအေးမြတ်သူ

အများစိတ်ဝင်စားနေတဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မှော်ဝင်သမန်းကျား ဇာတ်ကားနဲ့ သရုပ်ဆောင်သူထူးစံက ရခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရွှေကြာ ရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင် ဖွေးဖွေးက ရခဲ့ပါတယ်။

တခြားဆုတွေကတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအဖြစ် မုန်းစွဲဇာတ်ကားနဲ့ ကျော်ကျော်ဗို၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအဖြစ် မင်းသမီးအေးမြတ်သူ ၊ ရုပ်ရှင်ဇာတ်ညွန်းဆု အဖြစ် ရွှေကြာဇာတ်ကားနဲ့ ဒါရိုက်တာဝိုင်း၊ မုန်းစွဲဇာတ်ကားနဲ့ ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာသြရသ၊ အသံဆုကို အသံဖမ်းအင်ဂျင်နီယာ ကိုအေး (မုန်းစွဲ)၊ ဓါတ်ပုံဆုကို ကိုဝင်းလွင်ထက်(မုန်းစွဲ) ၊ နဲ့ တည်းဖြတ်ဆု ကျော်ခိုင်စိုး (ရွှေကြာ) တို့က ရရှိသွားပါတယ်။

ဒီရုပ်ရှင်ထူးချွန်ဆုဟာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် တစ်ခုတည်းသော စိတ်ဝင်စားစရာ ပွဲဖြစ်တာကြောင့် သူတို့နှစ်သက်တဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ အကယ်ဒမီကို တစ်ကြို ခန့်မှန်းပြီး အွန်လိုင်းမှာ ရေးသားခဲ့ကြပါတယ်။

ဒါပေမယ့် အများမျှော်လင့်ပြီး ရစေချင်ကြတာတော့ လူငယ်သရုပ်ဆောင်နဲ့ဒါရိုက်တာ စုံတွဲတွေဖြစ်တဲ့ ဇဏ်ခီနဲ့ခရစ်စတီးနားခီ၊ နဲ့ ဒါရိုက်တာဏကြီးနဲ့မီ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ပိုင်ဖြိုးသုတို့ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ သူတို့ရိုက်ခဲ့တဲ့ မုဒြာခေါ်သံ၊ ဥပ္ပါယ်တံမျဉ်နဲ့ မီဇာတ်ကားတို့ဟာ ပရိသတ်ကြားမှာ ရေပန်းစား ကြိုက်နှစ်သက်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေပဲဖြစ်ပါတယ်။

(၃) တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၂ ပါတီတွေ့ဆုံခဲ့

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံရေး ပါတီ ၃၂ ပါတီတို့ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ် သက်တမ်း ၃ နှစ်ကျော် ကာလအတွင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ တွေ့ခဲ့တာဖြစ်ပါတယ်။

တပ်နဲ့ တွေ့ခဲ့တဲ့ နိုင်ငံရေးပါတီ ၃၂ ပါတီထဲမှာ တွေ့ဆုံမှု ဖြစ်မြောက်အောင် ဦးဆောင်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ် ပါတီစတဲ့ တိုင်းရင်းသားပါတီ အများစုလည်း ပါဝင်ခဲ့ပါတယ်။

Image caption တနင်္ဂနွေနေ့ မှာ မဲလာပေးနေတဲ့ ဗိုလ်ချုပ် Prayuth Chan-ocha

(၄) စစ်တပ် အာဏာသိမ်းပြီး ငါးနှစ်ကြာမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပ

ထိုင်းနိုင်ငံမှာ အဓိက ပါတီကြီး နှစ်ခုကို ကိုယ်စားပြုတဲ့ ရှပ်နီနဲ့ ရှပ်ဝါတွေ အချင်းများပြီး တစ်နိုင်ငံလုံးမှာ မငြိမ်မသက်ဖြစ်လို့ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်အကြာ အုပ်ချုပ်ခဲ့ပါတယ်။

ဒီလို ငါးနှစ်တာ အုပ်ချုပ် အပြီးမှာတော့ မတ်လ ၂၄နေ့ ဒီနေ့မှာ ပထမဆုံးပြန်ပြီး ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။

ဒီနေ့လုပ်မယ့် ထိုင်းရွေးကောက်ပွဲမှာ လူငယ်ပိုင်း ၁၇ သန်းလောက်က မဲပေးကြမှာ ဖြစ်ပါတယ်။ လူငယ်တွေဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို အရင်ပုံစံနဲ့ မတူပဲ ပြောင်းလဲစေချင် နေကြပါတယ်။

အဂတိကင်းတဲ့ အစိုးရမျိုး တိုင်းပြည်အတွက် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးတဲ့ အစိုးရနဲ့ လက်ရှိ နိမ့်ကျနေတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်မြင့်တက် ကောင်းမွန်အောင် စွမ်းဆောင်ပေးတဲ့ အစိုးရမျိုးကို လိုချင်တယ်လို့ ထိုင်းလူငယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်တုန်းက ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ကိုယ်တိုင်ကြုံတွေ့ဘူးတဲ့ လူငယ်တစ်ယောက် ကတော့ ထိုင်းနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းလာပြီးတော့ အားလုံး ချစ်ခင်စွာနဲ့ နိုင်ငံတိုးတက်အောင် ဆောင်ရွက်ဖို့ လိုတယ်။ ထိုင်းနိုင်ငံမှာ ဆင်းရဲ ချမ်းသာ ကွာဟမှု နည်းအောင် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

အခုတစ်ကြိမ် ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ ပါတီတွေ အတော်များများ ရွေးကောက်ပွဲ ဝင်ကြတဲ့အထဲမှာ ပါတီဟောင်းနှစ်ခု ဖြစ်တဲ့ ဒီမိုကရက်ပါတီ ၊ ဖေ့ရုဟထိုင်းပါတီတွေ အပြင် လက်ရှိဝန်ကြီးချုပ်ရဲ့ ဖလန်ပရချာရတ်နဲ့ ထိုင်းဘာသာနဲ့ အနာဂါတ်အသစ်လို့ အဓိပ္ပါယ်ရတဲ့ Future Forward ပါတီ နှစ်ခုကတော့ ပါတီအသစ်တွေ ဖြစ်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ