ထိုင်းနိုင်ငံရဲ့ တရားဝင်မဲရလဒ်တွေ ဒီကနေ့ ကြေညာနိုင်ဖွယ်ရှိ သတင်းအပါအဝင် မနက်ခင်း သတင်းများ

Image caption တနင်္ဂနွေနေ့ မှာ မဲလာပေးနေတဲ့ ဗိုလ်ချုပ် Prayuth Chan-ocha

(၁) ထိုင်းနိုင်ငံရဲ့ တရားဝင်မဲရလဒ်တွေကို ဒီနေ့ကြေညာနိုင်ဖွယ်ရှိ

စစ်တပ်က အာဏာသိမ်းပြီး ၅နှစ်ကြာမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းရွေးကောက်ပွဲက မနေ့က တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားပါပြီ။

ပထမဆုံးကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ ထင်ထားတာ ထက် ပိုကောင်းတဲ့ ရလဒ်တွေရှိနေပါတယ်။

တနင်္ဂနွေည သန်းခေါင်ယံ မတိုင်မီ အချိန်အထိ မဲရေတွက်ပြီးသမျှမှာ လက်ရှိ ဝန်ကြီးချုပ်ရဲ့ ပလန်း ပရာချာရတ်ပါတီက မဲအရေအတွက် အများဆုံးနဲ့ ဦးဆောင်နေပါတယ်။ ကနဦးမဲရလဒ်အရ ပလန်း ပရာချာရတ်ပါတီ ဟာ အဓိက အတိုက်အခံပါတီထက် မဲအရေအတွက် ၅ သိန်းနီးပါးလောက် ပိုရရှိထားပါတယ်။

ရေတွက်ပြီး မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော်မှာ ပလန်း ပရာချာရတ်ပါတီက မဲ ၇.၆ သန်းရထားပြီးတော့ ဒါဟာ အတိုက်အခံ ဖူယထိုင်းပါတီထက် မဲ ၅ သိန်းအသာရနေတာပါ။ ထိုင်းနိုင်ငံရဲ့ သမ္ဘာရင့် ပါတီကြီးဖြစ်တဲ့ ဒီမိုကရက်ပါတီကတော့ ၇. ၂သန်းရနေပါတယ်။

ဖူယထိုင်းပါတီဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ဆက်နွယ်နေတဲ့ ပါတီဖြစ်ပြီး သူ့ရဲ့ သစ္စာခံတွေဟာ ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းလိုလို မှာ အနိုင်ရသူတွေ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ နောက်ဆုံး မဲရလဒ်ကိုတော့ ဒီကနေ့မှာ ကြေညာနိုင်ချေရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူငယ်တွေအတွက် အပြိုင်မဲဆွယ်နေကြတဲ့ ထိုင်းရွေးကောက်ပွဲ
ဓာတ်ပုံ မူပိုင် U Nyi Rang FB
Image caption မိုင်းမောပေါက်ကွဲမှု သေဆုံးဒဏ်ရာရသူတိုး

(၂) မိုင်းမောပေါက်ကွဲမှု သေဆုံးဒဏ်ရာရသူတိုး

ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ခြမ်းက ဟိုပန်ခရိုင် ၊ UWSA ဝထိန်းချုပ်ရာနယ်မြေ မိုင်းမောမြို့မှာ မနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူပေါင်း ၁၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၈ ဦး ရှိသွားပါပြီ။

မနေ့ကညနေပိုင်း ငါးနာရီဝန်းကျင်မှာ ပေါက်ကွဲတာဖြစ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဂိုထောင်မှာ သိုလှောင်ထားတဲ့ဂက်စ် အိုးတွေကနေ ပေါက်ကွဲမှုဖြစ်တာ ဖြစ်တယ်လို့ ဝ အထူးဒေသ ၂ (လားရှိုး) ရဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်း က ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေရှိပြီး အဲဒီလူတွေကို အနီးစပ်ဆုံး တရုတ်ပြည်က ဆေးရုံမှာ ပို့ဆောင် ကုသထားရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက အလုပ်ရုံမှာ လုပ်နေတဲ့ အလုပ်သမားတွေဖြစ်ပြီး အခုလို ပေါက်ကွဲမှုအတွက် ဝအထူးဒေသ ရဲ့ တည်ဆဲဥပဒေနဲ့ အရေးယူမှုတွေ လုပ်မယ်လို့ ဦးညီရန်းက ဆိုပါတယ်။

မိုင်းမောမြို့ဟာ ဝ အထူး ဒေသရဲ့ ဒုတိယမြို့တော် အဆင့်လောက်ရှိပြီး မြို့တော် ပန်ဆန်းရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာမှာ တည်ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images/AFP
Image caption AA ရက္ခိုင့်တပ်မတော်က တိုက်ခိုက်မှုတွေ ကြောင့် အိုးအိမ်စွန့်ထွက်ပြေးပြီး ဘုရားကျောင်းဝင်းထဲမှာ ခိုလှုံနေတဲ့ မြို တိုင်းရင်းသူနဲ့ ကလေးတွေ

(၃) ရခိုင်ပြည်နယ်က နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ပြန်ထမ်းဆောင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်ဟာ နုတ်ထွက်ထားရာကနေ အခုအခါ ပြန်လည်တာဝန်ထမ်းဆောင်ကြပြီ ဖြစ်ပါတယ်။

တာဝန်ပြန်မထမ်းဆောင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ကျော်လောက်ပဲ ကျန်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦး ထွေအုပ်ရုံးမှာ အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေး ပြုလုပ်နေစဉ်အတွင်း အုပ်ချုပ်ရေးမှူး ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ အမှုဖွင့်စစ်ဆေး ပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀၀ ဟာ နုတ်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နုတ်ထွက်ရတာဟာ လုံခြုံမှု မရှိခြင်း၊ ကာကွယ်ပေးမယ့် လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း၊ ဌာနများ မရှိခြင်းနဲ့ ပစ်မှတ်ထားခံလာရခြင်း စတဲ့ အကြောင်းတွေကြောင့် ဖြစ်တယ်လို့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

တာဝန်ပြန်ထမ်းဆောင်တဲ့ စင်းဘောကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးစိုင်းကျော်ဝင်းက အရင်က ကျေးရွာအုပ်ချုပ်ရေးမှူး လေးယောက်ကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ယူ တာဝန်ခံဖို့ တောင်းဆိုထားရာမှာ အခုအခါ ဖမ်းထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်ပေးလို့ ခုလို ပြန်တာဝန်ထမ်းဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ ဖမ်းဆီးခံ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးလဲ မတ်လ ၈ ရက်နေ့က လွှတ်ပေးလိုက်ပြီးနောက် မတ်လ ၂၀ ရက်နေ့က စပြီး တာဝန်တွေ ပြန်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုရှားပါဝင်စွက်ဖက်မှုမှာ ဒေါ်နယ်ထရမ့် ပါဝင်ပတ်သက်နေခြင်း မရှိဘူးလို့ အထူးအကြံပေး ရောဘတ်မူလာရဲ့ အစီရင်ခံစာက ဆို

(၄) အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှု မရှိ

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားပါဝင်စွက်ဖက်မှုမှာ ဒေါ်နယ်ထရမ့် ပါဝင်ပတ်သက်နေခြင်း မရှိဘူးလို့ အထူးအကြံပေး ရောဘတ်မူလာရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာအရ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ကို ရုရှားဘက်က ကူညီဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် မဲဆွယ်အဖွဲ့က အဲဒီအကူအညီတွေကို မယူခဲ့ဘူးလို့ ပြောထားလို့ ဒါဟာ သမ္မတ ထရမ့်အတွက် နိုင်ငံရေးအရ သိသာတဲ့ အားသာချက် တစ်ခုပဲလို့ အများက မြင်ခံထားရပါတယ်။

ဒါပေမယ့် သမ္မတ ထရမ့်ဟာ တရားစီရင်ရေးအပိုင်းမှာ တရားမဝင် ဟန့်တားခဲ့မှုရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး အစီရင်ခံစာထဲမှာ ထည့်မပြောထားပါဘူး။

သမ္မတ ထရမ့်ကတော့ ဒီတွေ့ရှိချက်တွေဟာ အပြစ်မရှိကြောင်း လုံး၀ သိသာတယ်လို့ ဆိုပြီး တွေ့ရှိချက်ကို ကြိုဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ဖလော်ရီဒါ