နိုင်ငံတော် ဖွဲ့စည်းပုံ အခြေဥပဒေဆိုင်ရာခုံရုံး အပါအဝင် အစိုးရ ၀က်ဆိုက် ရှစ်ခု ဆိုက်ဘာတိုက်ခိုက်ခံရ စတဲ့ မတ်လ ၂၆ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံတော် ဖွဲ့စည်းပုံ အခြေဥပဒေဆိုင်ရာခုံရုံး အပါအဝင် အစိုးရ ၀က်ဆိုက် ရှစ်ခု ဆိုက်ဘာတိုက်ခိုက်ခံရ

(၁) နိုင်ငံတော် ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာခုံရုံး အပါအဝင် အစိုးရ၀က်ဆိုက် ရှစ်ခု ဆိုက်ဘာတိုက်ခိုက်ခံ

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေဥပဒေဆိုင်ရာ ခုံရုံး အပါအဝင် အစိုးရ ၀က်ဆိုက် ရှစ်ခုအထိ ဘင်္ဂလားဒေ့ရှ် Black Cyber 71 ဆိုက်ဘာအဖွဲ့ရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနဲ့ စက်မှုဝန်ကြီးဌာန၊ စားသုံးသူရေးရာ ကာကွယ်ရေး ဦးစီးဌာန အပါအဝင် အစိုးရ ဌာနဆိုင်ရာ ၀က်ဆိုက် ရှစ်ခုကို အခုအပတ်အတွင်း တိုက်ခိုက် ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့က ပြောပါတယ်။

အစိုးရဌာနတွေရဲ့ ၀က်ဆိုက်စာမျက်နှာတွေကို ဘင်္ဂလားဒေ့ရှ်က Black Cyber 71 အဖွဲ့က မတ်လ ၁၉ ရက်က စတင် တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

Black Cyber 71 က အစိုးရ ၀က်ဆိုက် တချို့ကို ဝင်ကြည့်လို့ မရအောင် တိုက်ခိုက်နိုင်ခဲ့ပေမယ့် အစိုးရဲ့ အခြား ၀က်ဆိုက်တွေကို ထပ်မံတိုက်ခိုက်မှုကနေ ကာကွယ်နိုင်ခဲ့တယ်လို့ အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုရဲ့ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ထံ ပို့လာတဲ့ မက်ဆေ့တွေ၊ အင်တာနက် လင့်ချ်တွေကို မဖွင့်ကြဖို့ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုက နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption AA ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်လို့ တပ်မတော် ပြောဆို

(၂) AA ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်လို့ တပ်မတော် ပြောဆို

နေပြည်တော် စစ်သမိုင်းပြတိုက်မှာ မတ်လ ၂၅ ရက်က ပြုလုပ်ခဲ့တဲ တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ AA ဟာ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တယ်လို့ တပ်မတော်က ပြောဆိုပါတယ်။

အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်ထားရတဲ့ အကြောင်းကို သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက "အကြမ်းဖက်သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းက ရှင်းရှင်းလေးပါပဲ၊ ရဲစခန်းတခု ရဲစခန်းဆိုတာ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်တယ်။ အစိုးရ ယန္တယား အဆင့်ဆင့်မှာ ပါဝင်တဲ့သူတွေကို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ သတ်တာဖြတ်တာ၊ ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ၊ ဆက်ကြေးတောင်းတာ၊ ဒီလို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ စတဲ့ လုပ်ရပ်တွေ ပြီးရင် ဖျက်စီးတယ်၊ မီးရှို့တယ်၊ ဒီလုပ်ရပ်တွေက အကြမ်းဖက်လုပ်ရပ် မဟုတ်လို့ ဘာလုပ်ရပ်လဲ" လို့ ပြောပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ အပစ်ရပ် နှစ်ဖက်သဘောတူညီချက် (Bi-literal agreement) လက်မှတ် ထိုးချင်တယ်ဆိုတဲ့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ သဘောထားအပေါ် တပ်မတော်ရဲ့ တုံ့ပြန်မှုနဲ့ တပ်မတော်ရဲ့ လေးလကြာ တဖက်သတ် အပစ်ရပ်စဲထားတဲ့ ကာလကို ထပ်တိုးဖို့ အစီအစဉ် ရှိ မရှိ စတာတွေကိုလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မတ်လ ၂၁ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ရခိုင်တပ်မတော် AA ဘက် က ဗိုလ်မှူးကြီး ကျော်ဟန်က တပ်မတော်နဲ့ နှစ်ဖက်သဘောတူ အပစ်ရပ် လက်မှတ် ထိုးချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တပ်မတော်က တဖက်သတ် အပစ်ခတ်ရပ်စဲရေး ကြေငြာထားတဲ့ အချိန်ကာလ ၄ လ ဟာ လက်နက်ကိုင် အဖွဲ့တွေ့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားရင် လုပ်ကိုင်ဆောင်ရွက်ဖို့ လုံလောက်တဲ့ အချိန်ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE' NAUNG (7 COLOUR)
Image caption ဒေသခံတွေနဲ့ အငြင်းပွားနေတဲ့ လွိုင်ကော်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်

(၃) ကယားဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်တွေအဖြစ် ကြေညာ

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှို၊ ကယားပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေလို့ သတ်မှတ်ကြောင်း ကရင်နီပြည် လူငယ်အင်အားစုခေါင်းဆောင် ၆ ဦးက မတ်လ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရန် အစပြုခဲ့တဲ့ ၂၀၁၈ ခုနှစ် အတွင်းမှ စတင်ပြီး ဌာနေတိုင်းရင်းသားအချင်းချင်း၊ ဌာနေတိုင်းရင်းသားနဲ့ အခြားသော ညီအစ်ကို တိုင်းရင်းသားများ အကြားနဲ့ ပြည်နယ်အတွင်းရှိ ပြည်သူလူထုအကြား သွေးကွဲနေကြပြီး ပဋိပက္ခအနေအထားမှာ ရှိနေစေလို့ နိုင်ငံရေးအရ အလေးအနက်ထား သတ်မှတ်ကြေညာ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ရာမှာ အစိုးရက ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပေမယ့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ရံပုံငွေ သိန်း တစ်ထောင်ကျော်ကို ကြေးရုပ်အုတ်ခုံအတွက် အသုံးပြုတာ၊ လွှတ်တော်ကို အသိမပေးဘဲ မိမိသဘောနဲ့ ကြေးရုပ်အတွက် သိန်းလေးရာ ပံ့ပိုးတာတွေက အာဏာအလွဲသုံးစား၊ အဂတိလိုက်စားမှု ဖြစ်တယ်လို့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ကရင်နီပြည်လူငယ် အင်အားစု၊ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ပါဝင်တဲ့ ငါးပွင့်ဆိုင် တွေ့ဆုံမှု ပြုလုပ်ခဲ့ပေမယ့် တစ်စုံတရာ သဘောတူညီမှု မရရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ လုပ်ငန်းစဉ် ချုပ်ကိုင်နိုင်ရေး လွှတ်တော်မှာ မဲပေးဆုံးဖြတ်

(၄) အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ လုပ်ငန်းစဉ် ချုပ်ကိုင်နိုင်ရေး လွှတ်တော်မှာ မဲပေးဆုံးဖြတ်

ဗြိတိန်နိုင်ငံမှာ လွှတ်တော်အမတ်တွေဟာ ဥရောပသမဂ္ဂက (အီးယူ) ကနေ ဗြိတိန် နုတ်ထွက်တဲ့ (ဘရက်ဇစ်) လုပ်ငန်းစဉ်ကို ချုပ်ကိုင်နိုင်ဖို့ လွှတ်တော်မှာ မဲပေးဆုံးဖြတ်ခဲ့ရာမှာ မဲအသာနဲ့ အတည်ပြု နိုင်ခဲ့ပါတယ်။

ဒီမဲပေးမှုကြောင့် အမတ်တွေဟာ ဘရက်ဇစ်နဲ့ ပတ်သက်ပြီး ဘယ်လို အစီအစဉ်မျိုးကို ထောက်ခံ နိုင်မလဲ ဆိုတာကို မဲပေးခွင့် ရကြတော့မှာပါ။

ဒါဟာ ဘရက်ဇစ် လုပ်ငန်းစဉ်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဝန်ကြီးချုပ် ထရီဇာမေ အစိုးရအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် ထရီဆာမေကတော့ လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ အာမ မခံ ဘူးလို့ ပြောထားပါတယ်။

ဗြိတိသျှလွှတ်တော်ဟာ ဝန်ကြီးချုပ်မေနဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ ညှိနှိုင်းရရှိထားတဲ့ ဘရက်ဇစ် သဘောတူညီချက်ကို ၂ ကြိမ် တိုင်တိုင် ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။