ရခိုင်ပြည်နယ်စစ်ပွဲမှာ သေပျောက်သူ အရပ်သားစာရင်း ရခိုင်အမျိုးသားပါတီစုဆောင်း

ရခိုင် ကျောက်တော်က စခန်းတစ်ခုကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရတဲ့ မြင်ကွင်း ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ရခိုင် ကျောက်တော်က စခန်းတစ်ခုကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရတဲ့ မြင်ကွင်း

ရခိုင်ပြည်နယ်က စစ်ဘေးဒဏ်ကြောင့် သေဆုံးသူ ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေ စုစုပေါင်း ၅၂ ဦးရှိနေပြီလို့ ရခိုင်အမျိုးသားပါတီ (ANP ) ရဲ့ စုံစမ်းစစ်ဆေးမှုကော်မတီကို ဦးဆောင်သူ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီကော်မတီဟာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှု ၊ ဒဏ်ရာရမှုနဲ့ ပျောက်ဆုံးမှုတွေ အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိခိုက်မှုတွေအတွက် စုံစမ်းဖို့ ရခိုင်အမျိုးသားပါတီ (ANP) က မတ်လ ၂၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီကော်မတီက မြောက်ဦးမြို့ပေါ်က စစ်ပြေးရှောင်စခန်း ၆ ခုကို သွားရောက်ပြီး ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြောက်ဦး ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ညဘက်ဆိုရင် သေနတ်ဖောက်သံတွေ တော်တော်များများ ကြားရပြီးတော့ အနီးအနားက ရွာက ရွာသားတွေက မိမိတို့ရွာမှာ မနေရဲကြတော့တဲ့အတွက် ဝေးရာကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိသလို ရွာသားတွေ ပြောစကားအရဆိုရင် တပ်မတော်ဘက်က ပစ်တာဖြစ်တယ်လို့ ဒီမြောက်ဦးခရီးစဉ်မှာ လိုက်ပါသွားစဉ်က တွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်ခင်စောဝေက ဘီဘီစီကို ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

ANP ရဲ့ စုံစမ်းရေး ကော်မတီဟာ မြောက်ဦးမြို့နယ် ခရီးစဉ် မတ်လ ၂၈ ရက်နေ့က ပြီးဆုံးခဲ့ပြီး ဒီကနေ့က စတင်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေကို သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီစုံစမ်းရေး ကော်မရှင်ကနေ ရလာတဲ့ အချက်အလက်တွေကို ANP ပါတီကို တင်ပြမှာဖြစ်ပြီး ပါတီကနေ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဆီကို တင်ပြသွားမှာ ဖြစ်ပါတယ်။