မြောက်ဦးမြို့နယ်မှာ ပစ်ခတ်မှုကြောင့် ရွာသား လေးဦးဒဏ်ရာရ၊ နှစ်ဦးသေဆုံး

ဓာတ်ပုံ မူပိုင် EDUCATION IMAGES
Image caption မြတန်ဆောင်ဘုရားက ဦးတော်ပြတ်နေတဲ့ ဆင်းတုတော်

ဒီနေ့မနက်မှာ မြောက်ဦးမြို့နယ်က အောက်သားကန်ရွာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဒေသခံရွာသား အနည်းဆုံး လေးဦးဒဏ်ရာရပြီး ဒဏ်ရာရ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနက် ၆ နာရီ ခွဲလောက်မှာ ရန်ကုန်-စစ်တွေကားကမ်းလမ်းပေါ်က အောက်သားကန်ရွာအပါအဝင် အနားကရှိတဲ့ လယ်ကွင်းတွေ၊ ချုံပုတ်တွေကို တပ်မတော်စစ်သားတွေက ပစ်ခတ်ခဲ့လို့ အမျိုးသမီးနှစ်ဦး ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာရရှိသွားတယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ဘီဘီစီကို ပြောပါတယ်။

စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်က တိမ်ညိုတံတားပေါ်ကနေ တပ်မတော်တပ်ဖွဲ့တွေက အောက်သားကန်ရွာကို ဘာတိုက်ပွဲမှလည်း မဖြစ်ဘဲနဲ့ အသားလွတ်လှမ်းပြီးပစ်ခတ်တာ၊ အောက်သားကန်ရွာကိုဆင်းပြီးတော့ ရွာကိုလည်း ဝိုင်းထားခဲ့ပြီး ရွာသားတွေကိုလည်း ဖမ်းဆီးနှိပ်စက်စစ်ဆေးမှုတွေလုပ်တယ်လို့ ခိုင်သုခက ပြောပါတယ်။ အဲဒီအနားမှာလည်း အေအေ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတာမရှိဘူးလို့ သူက ဆိုပါတယ်။

ဒီမနက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာမှန်ကန်ကြောင်းနဲ့ ဒဏ်ရာသူတွေကို တိမ်ညိုတိုက်နယ် ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း လူနာကိုလိုက်ပို့ခဲ့တဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ တပ်မတော် တပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေတာကို အေအေတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး အောက်သားကန်ရွာထဲကို ပြေးဝင်ပြီး မိုင်းဆွဲတိုက်ခိုက်တာ၊ ပစ်ခတ်တာတွေလုပ်ခဲ့လို့ တပ်မတော်ဖက်က ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ အေအေတပ်ဖွဲ့ဝင်တွေ အောက်သားကန်ရွာထဲကို ဝင်ရောက်နေရာယူတာတွေ ပစ်ခတ်တာတွေကို သက်သေအထောက်အထား အခိုင်အမာရှိပြီး ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က ကျီးရာပြင်ရွာနားက တပ်မတော်တပ်ဖွဲ့ရဲ့ ယာယီတပ်စခန်းတစ်ခုကို အေအေ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနှင်းခဲ့တာကို အညွှန်းထားပြီး အောက်သားကန်ရွာကို ပစ်မှတ်ထားပြီး ရွာသားတွေကို နှိပ်စက်စစ်ဆေးတာ ဖြစ်နိုင်တယ်လို့ ခိုင်သုခ က သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

အဲဒီတိုက်ခိုက်မှုမှာ တပ်မတော်တပ်ဖွဲ့ဝင်တွေ ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ အေအေဘက်က ပြောဆိုခဲ့ပေမယ့် တပ်မတော်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ငြင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးဒဏ်ကြောင့် သေဆုံးသူ ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေ စုစုပေါင်း ၅၂ ဦးရှိနေပြီလို့ ရခိုင်အမျိုးသားပါတီရဲ့ စုံစမ်းစစ်ဆေးမှု ကော်မတီကို ဦးဆောင်သူ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီကော်မတီဟာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံးမှု ၊ ဒဏ်ရာရမှုနဲ့ ပျောက်ဆုံးမှုတွေ အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိခိုက်မှုတွေအတွက် စုံစမ်းဖို့ ရခိုင်အမျိုးသားပါတီ (ANP) က မတ်လ ၂၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။