စည်ပင်ရွေးကောက်ပွဲက မဲစာရင်းမပါသူများ မေးခွန်းထုတ်နေ

ဒီကနေ့ မဲပေးသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်းပါဝင် ဓာတ်ပုံ မူပိုင် Vitor Phyo
Image caption ဒီကနေ့ မဲပေးသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်းပါဝင်

၂၀၁၈ ခုနှစ် အသစ်ပြန်လည်ရေးဆွဲထားတဲ့ ရန်ကုန်စည်ပင်သာယာရေး ဥပဒေသစ်နဲ့ ဒီကနေ့ မနက် ၆နာရီက စတင်ပြီးတော့ မဲပေးနေကြပါပြီ။

လတ်တလော နေ့ခင်းပိုင်းအခြေအနေအရ ရွေးကောက်ပွဲမှာ မဲစာရင်းမပါလို့ မဲမပေးနိုင်သူတွေ စမ်းချောင်းမြို့နယ်မှာ ရှိနေတယ်လို့ စမ်းချောင်းမဲဆန္ဒနယ် ဦးဘိုဘိုဦးက ဘီဘီစီကို ပြောပါတယ်။

ဦးဘိုဘိုဦးက " မွေးလာကတည်း ဒီမယ်နေလာတာ နှစ်လေးဆယ်ရှိပြီး အဖေအမေက မဲပေးခွင့်ရပြီး သူတို့ကမဲပေးခွင့်မရှိတဲ့ မောင်နှမလေးယောက်ရှိတယ်။ နောက်အလားတူပဲ လင်းလွန်း (မြောက်) ရပ်ကွက်မှာ လူတစ်ရာကျော်က မဲပေးခွင့်မရှိဘူးဖြစ်နေတယ်။ စည်ပင်ရွေးကောက်ပွဲဥပဒေမှာ နည်းဥပဒေရှိပြီးသား။ ဥပဒေနဲ့ အညီ လုပ်ဆောင်ပေးပါဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်ကို ပြောနေပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

စမ်းချောင်းမြို့နယ် မဲရုံတစ်ချို့မှာလဲ အခုလို မဲပေးခွင့်မရတာကြောင့် လာရောက်ပြောဆိုသူတွေ ရှိနေသလို ကိုယ်တိုင်လဲ မဲရုံစောင့်နေပြီး မဲစာရင်းမပါခဲ့ဘူးလို့ စမ်းချောင်းမြို့နယ်က ဒေါ်သန်းသန်းမြင့်က ဆိုပါတယ်။

ဒေါ်သန်းသန်းမြင့်က " ကျွန်မအိမ်ထောင်ကျပြီး ဒီမှာနေတာ နှစ်ပေါင်း၃၀ လောက်ရှိပါပြီ။ မဲစာရင်းပါမလာဘူး။ စိတ်မကောင်းဖြစ်နေတာ ဦးဘိုဘိုဦးလာမှပဲ ခု ပေးလို့ရပြီပြောတယ်"

မဲစာရင်းက တချို့က အိမ်ရှင်တွေပါပြီး အိမ်ငှားတွေနာမည်မပါတာမျိုး ၊ တစ်ချို့ကတော့ တိုက်တတိုက်လုံးလိုလို ပျောက်နေတာမျိုးတွေ ၊ လုံးချင်းအိမ်တွေမပါတာမျိုး ရှိနေတယ်လို့ ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။

မဲစာရင်းမပါတဲ့အတွက် မဲရုံမှာ လာရောက်ပြောဆိုတာတွေ ရှိနေသလို ၂၀၂၀ ရွေးကောက်ပွဲမှာ အခုလို အဖြစ်အပျက်မျိုးအတွက် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို မေးမြန်းသွားသူတွေလဲ ရှိတယ်လို့ ဒေါ်သန်းသန်းမြင့်က ဘီဘီစီ ကိုပြောပါတယ်။

အခုလက်ရှိအနေအထားအရ လဝက သန်းခေါင်းစာရင်းပုံစံ ၆၆/၆ အရ နေထိုင်တာ တစ်နှစ်မပြည့်သေးသူတွေက မဲစာရင်းမှာ မပါတဲ့အတွက် လာရောက် မေးခွန်းထုတ်နေတာဖြစ်ပြီး တခြားစာရင်းများကတော့ လူဦးရေစာရင်းကောက်စဉ်က အားနည်းချက်ဖြစ်နိုင်တယ်လို့ စမ်းချောင်းမြို့နယ် စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးမြလှိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် kyi lay
Image caption လမ်းမတော်မြို့နယ်တွင် ပြည်သူတစ်ဦး မဲပေးနေစဉ်

ဦးမြလှိုင်က " ကျွန်တော်တို့ကတော့ ၆၆/၆ နဲ့တစ်နှစ်ရှိတဲ့ ပြည်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ မဲပေးဖို့ ဖြေရှင်း ပေးထားပါတယ်" လို့ပြောခဲ့ပါတယ်။

ဒီကနေ့ မဲပေးသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်းပါဝင်ပြီး တာမွေမြို့နယ်ထဲက ရွေးကောက်ပွဲ မဲရုံ အမှတ် ၃ ကို ဒီကနေ့ မနက်ပိုင်းမှာ လာရောက်မဲပေးသွားခဲ့ပါတယ်။

မဲရုံစောင့်ကြည့်လေ့လာနေသူတွေ ပြောချက်အရ တချို့နေရာတွေမှာ လာရောက်မဲပေးသူ နည်းပါးတယ်လို့ ဆိုပါတယ်။

စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က မဲပေးခွင့်ရသည့် မဲဆန္ဒရှင်များစာရင်းကို ရွေးကောက်ပွဲနယ်နိမိတ် ၃၃မြို့နယ်အတွင်းက ရပ်ကျေးကော်မရှင်ရုံးတွေမှာ ကြေညာခဲ့ပါတယ်။

အဲဒီမဲစာရင်းဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကောက်ယူထားတဲ့ လူဦးရေ စာရင်းအပေါ် အခြေခံကာ ပြုစုထားတာ ဖြစ်ပြီး မဲစာရင်းမှာ မပါဝင်ပါကလည်း ပြန်လည်လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။

ဆက်စပ် အကြောင်းအရာများ