ရန်ကုန် စည်ပင် ရွေးကောက်ပွဲက လူငယ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တယ် - မထက်ထက်ထွန်း

လူငယ်တွေဘက်က သူတို့တတ်တဲ့ ပညာနဲ့ အကောင်းဆုံး ပံ့ပိုးဖို့ မျှော်လင့်ပြီး ပြိုင်ကြတာပါ ဓာတ်ပုံ မူပိုင် HTET HTET HTUN FB
Image caption လူငယ်တွေဘက်က သူတို့တတ်တဲ့ ပညာနဲ့ အကောင်းဆုံး ပံ့ပိုးဖို့ မျှော်လင့်ပြီး ပြိုင်ကြတာပါ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲရလဒ်ထုတ်ပြန်တဲ့ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမမှာ ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး မဲဆန္ဒနယ် အမှတ် ၃ မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လူငယ်ကိုယ်စားလှယ် မထက်ထက်ထွန်းနဲ့ ကိုအောင်ခန့်တို့ဟာ ပြိုင်ဘက်ဦးစိုးလွင် ရှုံးနိမ့်သွားခဲ့ပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မဲဆန္ဒနယ် အမှတ် ၃ မှာ NLD ကိုယ်စားလှယ် ဦးစိုးလွင် ခိုင်လုံမဲ ၂ သောင်း ၈ ထောင်ကျော်နဲ့ အနိုင်ရရှိသွားပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ် ကိုအောင်ခန့်က မဲအရေအတွက် ၂ သောင်းကျော်နဲ့ ဒုတိယနေရာ ရခဲ့တာပါ။ မထက်ထက်ထွန်းကတော့ မဲအရေအတွက် ခုနှစ်ထောင်ကျော်ပဲ ရခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် မဲဆန္ဒနယ် ၃ ကနေ ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ မထက်ထက်ထွန်းက"စည်ပင်ရွေးကောက်ပွဲက လူငယ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တယ်" လို့ ပြောပါတယ်။

Image caption မြို့တော်ကော်မတီဝင် ခြောက်ဦးနေရာကိုတော့ NLDပါတီကပဲ အနိုင်ရခဲ့ပြီး မြို့နယ်အဆင့်မှာတော့ NLDက ၈၃ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၆ဦးကအနိုင်ရရှိခဲ့တာပါ။

ဘယ်သူတွေပြိုင်ကြတာလဲ

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၅၉ ဦး၊ NLD ပါတီက ၉၀ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၈၉ ဦး အနိုင်ရခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦး အနိုင်ရခဲ့ပါတယ်။

မြို့တော်ကော်မတီဝင် ခြောက်ဦးနေရာကိုတော့ NLD ပါတီကပဲ အနိုင်ရခဲ့ပြီး မြို့နယ်အဆင့်မှာတော့ NLD က ၈၃ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၆ ဦးက အနိုင်ရရှိခဲ့တာပါ။

အနိုင်ရရှိခဲ့တဲ့ မြို့တော်ကော်မတီဝင်ခြောက်ဦးထဲကနေ တစ်ဦးကို လျှို့ဝှက်ဆန္ဒမဲပေးပြီး ဒုတိယမြို့တော်ဝန်ခန့်အပ်မှာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။ NLD ပါတီက ဆိပ်ကမ်းမြို့နယ်ဥက္ကဌတစ်နေရာမှာသာ ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့နေရာအားလုံးမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ပန်းဘဲတန်း၊ တာမွေ၊ လသာ၊ လမ်းမတော်၊ ကမာရွတ်၊ ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်း၊ ရန်ကင်းမြို့နယ်တွေ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ် အမှတ် ၃ မှာ တော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ကိုအောင်ခန့်နဲ့ မထက်ထက်ထွန်းတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။

ရလဒ်ကိုလက်ခံလား

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်သူ လူငယ် ကိုယ်စားလှယ် ၂ ဦးစလုံးကတော့ ရလဒ်ကို လက်ခံပေမယ့် တခြားကိုယ်စားလှယ်လောင်းတွေက ပါတီကိုယ်စားပြုမဲဆွယ်တာ၊ ယှဉ်ပြိုင်ကြတာကိုတော့ ထောက်ပြ ပြောဆိုကြပါတယ်။

အခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲဟာ လူငယ် ပညာတက်တွေ၊ အမျိုးသမီးတွေ ဝင်ပြိုင်ကြလို့ လူအများက စိတ်ဝင်စားကြပါတယ်။

လူတွေက အားပေးကြတယ်ဆိုပေမဲ့ စိတ်ထဲကပဲအားပေးကြတယ်၊ ဖေ့စ်ဘုတ်ကပဲ အားပေးကြတယ်၊ ဒါပေမယ့် တကယ်မဲထွက်ပေးဖို့ အားနည်းကြတယ်လို့ မထက်ထက်ထွန်းက ပြောပါတယ်။

ဒီလို လူငယ်ကိုယ်စားလှယ်လောင်းတွေ အပေါ် ပြည်သူတွေက လက်မခံကြသေးတာကြောင့် နိုင်ငံရေးအပေါ် လူငယ်တွေရဲ့ စိတ်ဝင်စားမှု လျော့နည်းသွားစေနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒုတိယအကြိမ်ဖြစ် ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီဝင် ရွေးကောက်ပွဲမှာ မဲလာရောက်ပေးသူ အရေအတွက်ဟာ အလွန်နည်းပါးခဲ့ပြီး စောင့်ကြည့် လေ့လာရေးအဖွဲ့တွေရဲ့ ကနဦး ထုတ်ပြန်ချက်အရ မဲလာရောက်ပေးသူ ဦးရေဟာ မဲပေးခွင့်ရှိသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့လည်း သိရပါတယ်။

ရန်ကုန် စည်ပင်သာယာနယ်နိမိတ် ၃၃ မြိုနယ်အတွင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Image caption သမ္မတဦး၀င်းမြင့် တာမွေက နေ မဲလာပေးပါတယ်

မျှတမှုရှိလား

လက်ရှိ အာဏာရ ပါတီ အမှတ်တံဆိပ် သုံးပြီး မဲဆွယ်တာကတော့ ရွေးကောတ်ပွဲ ဥပဒေအတိုင်း ဖြစ်ပေမဲ့ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

ဒါအပြင် တိုင်းဒေသကြီးအစိုးရ ဖေ့စ်ဘုတ် စာမျက်နှာမှာ တရားဝင်တက်လာတဲ့ 'NLD ပါတီ ကိုမဲပေးကြပါ'ဆိုတဲ့ လုပ်ဆောင်ချက်တွေကလည်း ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တစ်ဦးကတော့ နောက်ပိုင်း ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။

ပါတီ အမှတ်တံဆိပ် သုံးပြီး ယှဉ်ပြိုင်တာက တရားမျှတမှုမရှိသလို ဖြစ်သွားတာပေါ့လို့ မထက်ထက်ထွန်းက ပြောပါတယ်။

ဒါ့အပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတချို့ဟာ USDP က ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် အထင်မြင်လွဲမှု ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

"မဲလာပေးကြတဲ့ အများပြည်သူက တာဝန်ကျေချင်တဲ့စိတ်နဲ့ လာပြီး မဲပေးကြတာ များပါတယ်။ ကိုယ်စားလှယ်ရဲ့ အချက်အလက်တွေကို အသေးစိတ် သိတဲ့သူတွေတော့ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို အသေအချာ မသိတဲ့အတွက် သိပြီးသား၊ ယုံပြီးသားကိုပဲ မဲပေးလိုက်လို့ ပါသွားတာလို့ ထင်ပါတယ်" လို့ မဲရလဒ်အပေါ် ကိုအောင်ခန့်က သုံးသပ်ပြောဆိုပါတယ်။

လူငယ်တွေ ဘာလိုအပ်ချက် ရှိခဲ့လည်း

လူငယ်ကိုယ်စားလှယ်လောင်း မထက်ထက်ထွန်းကတော့ အခု ရလဒ်တွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီဝင် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုရင် ပါတီနောက်ခံ လိုအပ်တယ်လို့ ပြောပါတယ်။

ဥပဒေသစ်အရ မဲဆွယ်စည်းရုံးရေး ကာလမှာလည်း ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေး ပါတီတွေရဲ့ အလံနဲ့ ကိုယ်စားပြု အမှတ်တံဆိပ်ကို သုံးစွဲပြီး မဲဆွယ်ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ ဝင်အရွေးခံကြသူတွေကို ကြည့်ရင် ပါတီကိုယ်စားပြု နိုင်ငံရေးသမားတွေသာမက စည်ပင်သာယာရေး လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေပါ ပါဝင်ယှဉ်ပြိုင် ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

"ပါတီကို မဲပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်လို့ ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ရွေးချယ်စရာ ကိုယ်စားလှယ် သိပ်မရှိလို့ လူတွေက မဲပေးဖို့ စိတ်ဝင်စားမှု နည်းလို့ပါ။ လူငယ်တွေ ရှုံးရတာက မဲပေးတဲ့သူတွေက လူကြီးတွေ ဖြစ်လို့ပါ။ အဲ့တော့ သူတို့က လူငယ်တွေအကြောင်း မသိဘူး။ ပါတီကိုပဲ မဲခြစ်သွားတယ်။ နောက်ပြီး လူငယ်တွေက လူတွေကို စည်းရုံးရေးကောင်းကောင်း မဆင်းနိုင်ဘူးလို့ ထင်ပါတယ်။ လူငယ်တွေပညာတတ်ရုံမကပဲ အောက်ခြေလူတွေနဲ့ ထိတွေမှုများရမယ်။ မီဒီယာကနေ ဖြေပြီး ပြောနေရုံနဲ့မ ရပါဘူး" လို့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို စောင်ကြည့်လေ့လာသူ အရပ်ဖက်အဖွဲ့အစည်းက ရွေးကောက်ပွဲလေ့လာသူတစ်ဦးက ပြောပါတယ်။

ဒီလို ထောက်ပြမှုတွေ ရှိပေမယ့် လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အခွင့်အလမ်းပေးဖို့ လိုအပ်တယ်လို့ လူငယ်ကိုယ်စားလှယ်လောင်းတွေက ယူဆကြပါတယ်။

"အကောင်းဆုံးကြိုးစားပြီး လူငယ်တွေဘက်က သူတို့တတ်တဲ့ပညာနဲ့ အကောင်းဆုံး ပံ့ပိုးဖို့ မျှော်လင့်ပြီး ပြိုင်ကြတာပါ။ နောက်ဆုံးထွက်လာတဲ့ ရလဒ်က ထက်တို့ပြိုင်တဲ့ လူငယ် ၂ ယောက်တင် မဟုတ်ပါဘူး။ လူငယ်တွေအားလုံးအတွက်ပါ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသလိုဖြစ်သွားတယ်"လို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မထက်ထက်ထွန်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ