မြန်မာ့အာမခံလောကမှာ နိုင်ငံခြား ကုမ္ပဏီ ၅ ခုကို ရင်းနှီးမြှုပ်နှံခွင့် စပြု

ဓာတ်ပုံ မူပိုင် Myanmar fire Service Department FB
Image caption အသက်အာမခံလုပ်ငန်း အပြင် အထွေထွေအာမခံ လုပ်ငန်းကိုပါ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေနဲ့ပေါင်းပြီး ဖက်စပ်အနေနဲ့ လုပ်ကိုင်ခွင့်ရမှာ ဖြစ်တယ်

မြန်မာနိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းတွေကို ပထမဆုံးအနေနဲ့ နိုင်ငံခြားကုမ္ပဏီ ၅ ခုကို ခွင့်ပြုပေးလိုက်ပြီလို့ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဘီဘီစီကို ပြောပါတယ်။

ကုမ္ပဏီတွေကတော့ အမေရိကန် အခြေစိုက် Chubb အာမခံ ကုမ္ပဏီ အပါအဝင် ကမ္ဘာ့ အာမခံ ဈေးကွက်မှာ ထိပ်တန်းစာရင်းဝင်နေတဲ့ ဂျပန်၊ ကနေဒါ၊ ဟောင်ကောင်၊ အင်္ဂလန်က အခြေစိုက် ကုမ္ပဏီကြီးတွေကို ရွေးချယ်ပြီး ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဦးဇော်နိုင်က ဆိုပါတယ်။

ခွင့်ပြုလိုက်တဲ့ ကုမ္ပဏီတွေကို စင်္ကာပူနိုင်ငံက အကဲဖြတ်အဖွဲ့ကို ငှားရမ်းပြီး လိုင်စင်စီစစ် အကဲဖြတ်တာတွေ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

" နိုင်ငံခြား ကုမ္ပဏီတွေက ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ အတူတူ လုပ်ရမှာ ဖြစ်ပါတယ်။ တန်းတူလုပ်ပိုင်ခွင့် ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ အာမခံကုမ္ပဏီကို ကျပ်သန်းခြောက်ထောင်နဲ့ ခွင့်ပြုခဲ့သလို၊ နိုင်ငံခြားကုမ္ပဏီတွေလည်း ကျပ်သန်းခြောက်ထောင်နဲ့ ညီမျှတဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ ပေးတာ ဖြစ်ပါတယ် " လို့ နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုသွားမယ့် ပုံစံနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ရှင်းပြပါတယ်။

ဒီကုမ္ပဏီ ၅ခုဟာ အသက်အာမခံလုပ်ငန်း အပြင် အထွေထွေအာမခံ လုပ်ငန်းကိုပါ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေနဲ့ပေါင်းပြီး ဖက်စပ်အနေနဲ့ လုပ်ကိုင်ခွင့်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေကို ဝင်ရောက်ခွင့်ပြုလိုက်တဲ့ အတွက် အာမခံဈေးကွက်ဟာ အရင်ကထက် ပိုပြီး တိုးတက်လာမှာ ဖြစ်ပြီး ယှဉ်ပြိုင်မှုကို အခြေခံတဲ့ဈေးကွက် ဖြစ်လာတဲ့ အတွက် ကောင်းမွန်တဲ့ အလားအလာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကို က သုံးသပ်ခဲ့ပါတယ်။

အခု လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် ကုမ္ပဏီမှတ်ပုံတင် ရမယ့် အဆင့် အပါအဝင် ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လိုင်စင် အကြိုလုပ်ငန်းစဉ် တွေကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောခဲ့ပါတယ်။

သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို လုပ်ကိုင်ပြီးရင်တော့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ ၂၀၁၉ စက်တင်ဘာလ ဝန်းကျင်လောက်မှာတော့ ပြည်တွင်း အာမခံဈေးကွက်ကို စတင်ဝင်ရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူသန်း ၅ဝဝ အတွက် အခမဲ့ ကျန်းမာရေး အာမခံ

ဆက်စပ် အကြောင်းအရာများ