မြောက်ဦးမှာ တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းအပါအဝင် ဧပြီ ၁၀ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်မြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ စစ်သည်တချို့

(၁) မြောက်ဦးမှာ တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ် မြောက်ဦးမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ဧပြီလ ၉ ရက်နေ့ ညကတည်းက ၁၀ ရက်နေ့ မနက်အချိန်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်မတော်ဘက်က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ည ၁၂ နာရီ အထိ အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ကြီးသံရော လက်နက်ငယ်သံတွေကို မြောက်ဦးမြို့ အပြင်ဘက် ရဲတပ်ရင်း အမှတ် (၃၈) ဘက်ကနေကြားနေခဲ့ရပြီး မြို့လူထု အများစုဟာ ဗုံးကျင်းထဲမှာ ခိုလှုံနေကြရပါတယ်။

သေနတ်ပစ်ခတ်သံတွေကို ခေါင်းပုံပြင် ရဲတပ်ရင်းနောက်က တောင်တန်းတွေနဲ့ မင်္ဂလာမာန်အောင်၊ နတ်တောင်နဲ့ ပန်းဈီးမြောင်းတို့က ကြားနေရပြီး အဲဒီနေရာတွေဟာ မြို့ထဲနဲ့ နီးနီးလေးမို့လို့ စိုးရိမ်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းအထိလည်း မြို့အနီးတဝိုက်မှာ တပ်မတော်က ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

(၂) အမျိုးသမီး ၁ ဦးကို ကာယိန္ဒြေပျက်အောင် ကျူးလွန်မှုနဲ့ စစ်သည် ၁ ဦးကို စစ်ဆေး

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မြောက်ဦးစစ်ဘေးရှောင်စခန်းက အမျိုးသမီးငယ်လေးများ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မှာ ဧပြီ ၇ ရက်နေ့က တပ်မတော်သား စစ်သည် ၁ ဦးက အမျိုးသမီး ၁ ဦးကို ကာယိန္ဒြေပျက်ပြားအောင် ကျူးလွန်ခဲ့တဲ့အပေါ် စုံစမ်းစစ် ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအနီး ကြက်ဟင်းခါးခြံတစ်ခုမှာ အသက် ၄၀ အရွယ် ဒေါ်ခိုင်စောရီ အလုပ်လုပ်နေစဉ် နယ်မြေခံတပ်က တပ်သားစိုင်းစိုးမြင့် ဆိုသူရောက်ရှိလာပြီး ကာယိန္ဒြေပျက်ပြားအောင် ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့တဲ့အတွက် အခုအခါ အဲဒီ တပ်မတော်သားကို စစ်ဘက်အချုပ်မှာ ထားရှိပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေတာဖြစ်ပါတယ်။

ကျူးလွန်တဲ့စစ်သားကို ရွာခံအမျိုးသမီးတွေက ဝိုင်းရိုက်ပြီး နယ်မြေခံတပ်ရင်းကို ပြန်ပို့တဲ့ ဗီဒီယိုဖိုင်က လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့သွားပြီးတဲ့နောက် တပ်ဘက်က အခုလို ဗီဒီယို ရိုက်တင်တဲ့ရွာသားတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

ဒေသခံကျေးရွာသားတွေကတော့ အမျိုးသမီးကို အတင်းဓမ္မ ပြုကျင့်ဖို့ ကြံရွယ်တယ်လို့ တိုင်းတန်းထားတာဖြစ်ပြီး ဒီအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

လက်ရှိ အချိန်မှာတော့ ဒီပြသနာကြောင့် နစ်နာခဲ့ရတဲ့ အမျိုသမီးရော ရွာသားတွေကိုပါ ခေါ်ယူူစစ်ဆေးမှုတွေရှိနေပြီး တပ်ဘက်ကတော့ စုံစမ်းစစ်ဆေးတွေ့ရှိချက်နဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

(၃) ဘုန်းတော်ကြီး ဒလိုင်းလားမား ဆေးရုံတက်နေရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘုန်းတော်ကြီး ဒလိုင်းလားမား

နိုဘယ်လ်ဆုရှင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းထဲ ပိုးဝင်တဲ့ ရောဂါဝေဒနာကြောင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေရပါတယ်။

အသက် ၈၃ နှစ်အရွယ် ဘုန်းတော်ကြီးဟာ အခုတော့ ရောဂါအခြေအနေက တည်ငြိမ်နေပြီဖြစ်ပြီး စိုးရိမ်စရာမရှိတော့ပါဘူး။

ဒါပေမဲ့ ဆေးရုံမှာတော့ ၂ ရက် ဒါမှမဟုတ် ၃ ရက်လောက် ထပ်နေရဦးမယ်လို့ သူ့ကိုအနီးကပ်ပြုစုစောင့်ရှောက်နေသူ Tenzin Taklha က ပြောပါတယ်။

(၄) အစ္စရေးရွေးကောက်ပွဲ အနိုင်ရသူ မထွက်ပေါ်သေး

ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ရှိဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုနဲ့ ပြိင်ဘက် ဘန်နီဂန့်ဇ်

အစ္စရေးမှာ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး မဲတွေကို ရေတွက်နေချိန်မှာ ကနဦးစစ်တမ်းတွေအရ ဘယ်ပါတီကမှ ပြတ်ပြတ်သားသား အနိုင်မရသေးပါဘူး။

လက်ရှိဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုနဲ့ သူ့ပြိင်ဘက် ဘန်နီဂန့်ဇ်တို့ အသီးသီးအနိုင်ရကြောင်း ကြေညာခဲ့ကြပေမယ့် ပါတီငယ်လေးတွေနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရဖွယ်ရှိပါတယ်။

ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နေတန်ညာဟု Likud ပါတီက အမတ်နေရာ ၃၃ ကနေ ၃၆ နေရာအထိ ရထားတယ်ပြီး သူဟာ အတိုက်အခံပါတီအစား ပါတီငယ်လေးတွေရဲ့ ထောက်ခံမှု ရယူဖွယ် ရှိနေပါတယ်။

မစ္စတာ ဘန်နီဂန့်ဇ် ရဲ့ Blue and White ပါတီကတော့ အစ္စရေးလွှတ်တော်မှာ အမတ်နေရာ ၃၆ ကနေ ၃၇ နေရာအထိ အနိုင်ရပြီး ရှေ့ကဦးဆောင်နေပါတယ်။

မစ္စတာ ဘန်နီဂန့်ဇ် ဟာ စစ်တပ်ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ပေါ် မူတည်လို့ အစ္စရေးနိုင်ငံသားအားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့်မဟာမိတ်တွေဖွဲ့ဖို့ ကြိုးပမ်းသွားမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

ပါတီငယ်လေးတွေကတော့ လွှတ်တော်မှာ အမတ်နေရာ ၄၇ ကနေ ၅၀ အထိ ရထားတယ်လို့ ရွေးကောက်ပွဲရလဒ် ကနဦးထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။