၂၀၁၉ ပူလစ်ဇာသတင်းဆု ကိုဝလုံး၊ ကိုစိုးဦးတို့နဲ့အတူ ရိုက်တာသတင်းထောက်တွေ ရရှိတဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က သူတို့မှာ အပြစ်မရှိဘူးလို့ပြော

(၁) ၂၀၁၉ ပူလစ်ဇာသတင်းဆု ကိုဝလုံး၊ ကိုစိုးဦးတို့နဲ့အတူ ရိုက်တာသတင်းထောက်တွေ ရရှိ

ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုသတင်းကို စုံစမ်းဖော်ထုတ် ရေးသားဖို့ ကြိုးစားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၉ ခုနှစ်ရဲ့ နိုင်ငံတကာသတင်းယူမှု ထူးချွန်မှုအဖြစ် ပူလစ်ဇာသတင်းဆုကို သူတို့ ၂ ဦးနဲ့အတူ ရိုက်တာသတင်းထောက်တွေကို ချီးမြှင့် လိုက်ပါတယ်။

သူတို့ ၂ ဦးဟာ အင်းဒင်ရွာမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုကို ဖော်ထုတ်ဖို့ စုံစမ်းနေတုန်း ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က အဖမ်းခံခဲ့ရပြီး အဲ့ဒီနောက်တော့ ၂ ဦးလုံးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။

၂ ဦးလုံးကတော့ သူတို့မှာအပြစ်မရှိကြောင်း ငြင်းဆိုထားပြီး နိုင်ငံတော်တရားရုံးချုပ်ကလည်း အမှုအတွက် နောက်ဆုံးအဆင့် အယူခံကို ကြားနာဖို့ ပြီးခဲ့တဲ့လကမှ လက်ခံခဲ့တာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့ရဲ့ စုံစမ်းဖော်ထုတ် သတင်းတင်ပြမှုကြောင့် ၂၀၁၈ Aubuchon သတင်းလွတ်လပ်ခွင့်ဆု၊ PEN America ကချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွက် PEN/ Barbey Freedom to Write ဆု၊ UNESCO ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု စတဲ့ နိုင်ငံတကာ သတင်းမီဒီယာဆိုင်ရာ ဆုတွေလည်း ရခဲ့ကြပြီး ဖြစ်ပါတယ်။

(၂) တရုတ်ဇနီးမယားအဖြစ် တောင်းယူမှုတွေ ဧရာဝတီတိုင်းထဲ ဖြစ်ပွားနေ

ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်မှာ အရွယ်ရောက်အမျိုးသားတွေအတွက် ဇနီးသည် ရှာရခက်နေ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တရုတ်ဇနီးမယားဖြစ် ရောင်းစားခံရတာတွေရှိတာ အများသိကြပေမယ့် အခုတော့ နာဂစ်မုန်တိုင်းသင့်ဒေသ ဧရာဝတီတိုင်းဒေသကြီးထဲအထိ ဒီလိုအဖြစ်တွေ ကြုံနေရပါတယ်။

ရန်ကုန်အထည်ချုပ်စက်ရုံ တစ်ခုမှာ အလုပ်လုပ်နေတဲ့မြန်မာ အမျိုးသမီးတစ်ဦးကို မြန်မာစကား မတတ်သူ တရုတ်နိုင်ငံသား တစ်ဦးက စကားပြန်က တဆင့်တင်တောင်းပြီး တရုတ်နိုင်ငံကို ခေါ်သွားဖို့ ပြင်နေတယ်လို့ မြန်မာအမျိုးသမီးနေထိုင်တဲ့ရွာကက ရပ်မိရပ်ဖ တစ်ဦး ကပြောပါတယ်။

ဒါပေမယ့် မင်္ဂလာဆောင် ကို တရားရုံးမှာ လက်မှက်မထိုးဘဲ ရွာမှာနားလည်မှုနဲ့ မင်္ဂလာဆောင်ပြီးခေါ်သွားဖို့ စကားပြန်က ပြောတာကြောင့် ကျေးရွာ ရပ်မိရပ်ဖတွေက စိုးရိမ်နေကြပါတယ်။

ဒီဖြစ်ရပ်ဟာ လူကုန်ကူးမှုလို သံသယဖြစ်စရာတွေရှိပြီး အလားတူအဖြစ်မျိုးတွေကို ၂၀၁၅ တုန်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ တရုတ်နိုင်ငံသားတွေ ကျူးလွန်ခဲ့တာ ရှီတယ်လို့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးအငြိမ်းစားရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

အခုဖြစ်ရပ်မှာတော့ မိဘတွေဘက်က မင်္ဂလာဆောင်ဖို့ စရိတ်စက သိန်း ၃၀ ကို လက်ခံထားပြီး ဖြစ်ပြီး လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာတော့ တရုတ်နိုင်ငံသားက အဲဒီအမျိုးသမီးဇာတိ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် ဝါးကောက်ကျေးရွာအုပ်စု မင်းကန်စုရွာမှာ မင်္ဂလာဆောင်ဖို့လည်း ပြင်ဆင်နေပါတယ်။

(၃) ပြင်သစ် Notre Dame ဘုရားကျောင်းကြီး မီးလောင်မှုအပေါ် နိုင်ငံတကာက ဝမ်းနည်းစကားဆို

ဓာတ်ပုံ မူပိုင် Getty Images
Image caption ညလုံးပေါက် အကြိတ်အနယ် ကြိုးစားငြှိမ်းသတ်ခဲ့ရ

၁၂ ရာစုကတည်းက ရှိခဲ့တဲ့ ကမ္ဘာ့အထင်ကရ စာရင်းဝင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာရှိတဲ့ Notre Dame ဘုရားကျောင်းကြီးမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကြောင့် ဘုရားကျောင်းကြီးရဲ့ ပင်မမျှော်စင်ကြီးဟာ မီးဒဏ်ကြောင့်ပြိုကျသွားခဲ့ပြီး ဘုရားကျောင်းထဲက အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေကို သယ်ထုတ်ထိန်းသိမ်းနိုင်ဖို့ မီးသတ်သမားတွေဟာ ညလုံးပေါက် ကြိုးစား မီးငြိမ်းခဲ့ရပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်းကိုယ်တိုင် မီးလောင်ခဲ့တဲ့ နေရာကို လာရောက်ကြည့်ရှုရင်း 'ပဲရစ်မှာ Notre Dame ဝတ်ကျောင်းတော်ကြီး မီးလောင်ခံရတာဟာ အင်မတန် ကြေကွဲစရာပါ၊ မီးသတ်သမား ၅၀၀ ကျော်ဟာ မီးငြှိမ်းသတ်နိုင်အောင် ကြိုးပမ်းခဲ့ကြတာကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီမီးကို နောက်ထပ် နာရီပေါင်းများစွာ ငြှိမ်းသတ်ရဦးမှာဖြစ်ပေမယ့် အခုတော့ အဆိုးရွားဆုံး အခြေအနေကိုတော့ ကျော်လွှားနိုင်ခဲ့ပါပြီ' ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်နန်းတော်ကလည်း ဝမ်းနည်းကြေကွဲကြောင်း ပြောသလို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကလည်း ပြင်သစ်ပြည်သူတွေလည်း ထပ်တူခံစားရပါတယ် လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကတော့ မီးလောင်နေတဲ့ မြင်ကွင်းဟာ မကြည့်ရက်စရာ လို့ ပြောပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်ကလည်း ပြင်သစ်ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းပြောပြီး Notre Dame ဘုရားကျောင်းကြီးဟာ ပြင်သစ်နဲ့ ဥရောပ ယဉ်ကျေးမှုရဲ့ သင်္ကေတပြယုဂ်ကြီးတစ်ခုပါပဲလို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ယဉ်ကျေးမှုထိန်းသိမ်းရေး UNESCO ကတော့ Notre-Dame ဝတ်ကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ထိန်းသိမ်းပြုပြင်တဲ့အပိုင်းမှာ ပြင်သစ်နိုင်ငံနဲ့ ပူးပေါင်းမယ့် အကြောင်း ပြောပါတယ်။

လောလောဆယ်မှာ မီးလောင်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ဘုရားကျောင်းထဲမှာ ပြုလုပ်နေတဲ့ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေနိုင်လိမ့်မယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။