မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၉ ထောင်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

အင်းစိန်အကျဉ်းထောင်
ဓာတ်ပုံ ပုံစာ,

အင်းစိန်အကျဉ်းထောင်

(၁) မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၉ ထောင်ကျော်ကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတဝန်းအကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသား ၉၅၃၅ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးကို ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ နိုင်ငံသမ္မတရုံးက ထုတ်ပြန်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ထုတ်ပြန်ထာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပြီး နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးကိုတော့ နိုင်ငံအချင်းချင်း မိတ်မပျက်ဆက်ဆံရေးကို ရှေးရှုပြီး လူသားချင်းစာနာတဲ့ အနေနဲ့ လွှတ်ပေးလိုက်ပြီး ပြည်နယ်ဒဏ်ပေးလိုက်တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြန်လွတ်လာသူတွေဟာ ဘယ်သူဘယ်ဝါတွေလဲ ဆိုတာနဲ့ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးပါတယ်ဆိုတဲ့ အချက်အလက်ကိုတော့ မထုတ်ပြန်ပါဘူး။

ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်းက အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားဖို့ ကြိုးစားခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ထောင် ၇ နှစ် ချခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာလည်း အခုသမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့အထဲ ပါမလားဆိုပြီး မှန်းဆပြောဆိုမှုတွေလည်း ရှိနေပါတယ်။

(၂) ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်

ဓာတ်ပုံ ရင်းမြစ်, ဒေါင်းတို့မျိုးဆက် Facebook

ဓာတ်ပုံ ပုံစာ,

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ဖျော်ဖြေပွဲတစ်ခု

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ လူငယ်တွေ ဦးဆောင်ပါဝင်တဲ့ဒေါင်းတို့မျိုးဆက်သံအချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနဲ့ မဆုရတနာမြင့်တိုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ မရမ်းကုန်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

သင်္ကြန်တွင်းဖျော်ဖြေတဲ့ သံချပ်ပါစာသားတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်ခံရတာဖြစ်တယ်ဆိုပြီးတော့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုပိုင်ရဲသူက ပြောပါတယ်။

သူတို့ကို သင်္ကြန်အကြတ်နေ့က ရန်ကုန်တိုင်းအတွင်း လှည့်လည်ဖျော်ဖြေစဉ် ရဲတပ်ဖွဲ့က လာရောက်အကြောင်းကြားပြီး စစ်ချက်ရယူခဲ့တာလည်း ဖြစ်ပါတယ်။

သင်္ကြန်တွင်း သံချပ်ဖျော်ဖြေသူတွေဟာ သံချပ်စာသားတွေကို အစိုးရရဲ့ စိစစ်ရေးအဖွဲ့ကို တင်ပြပြီး ဆင်ဆာအဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုဖို့ ညွှန်ကြားထားတာပါ။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နဲ့အတူ တခြားသံချပ်အဖွဲ့ ၃ ဖွဲ့လည်း ဆင်ဆာမတင်တဲ့အတွက် ပြိုင်ပွဲဝင်ခွင့်မရသလို မဏ္ဍပ်တချို့မှာ ဖျော်ဖြေခွင့် မရခဲ့ပါဘူး။

ဒါ့အပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ သင်္ကြန်မတိုင်ခင်က ဧရာဝတီတိုင်း၊ ကျောင်းကုန်မြို့ကို ဖျော်ဖြေဖို့ အသွားမှာလည်း လူတချို့က တားမြစ်ခဲ့လို့ ဖျော်ဖြေခွင်မရခဲ့ပါဘူး။

(၃) မီးလောင်ခဲ့တဲ့ နိုထရာဒမ်း ဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း ပြန်ပြင်ဆောင်မယ်လို့ သမ္မတ မက်ခရွန်းပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မီးလောင်ခဲ့တဲ့ နိုထရာဒမ်း ဘုရားကျောင်းကြီး

ပြင်သစ်နိုင်ငံက မီးလောင်သွားတဲ့ နိုထရာဒမ်း ဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း အလှပဆုံး ပြန်ဆောက်သွားမယ်လို့ သမ္မတ အီမန်နျူရယ်မက်ခရွန်းက ကတိပေး ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အထင်ကရ စာရင်းဝင်တဲ့ ဒီဘုရားကျောင်းကြီးဟာ ဧပြီလ ၁၅ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့ပြီး ဘုရားကျောင်းရဲ့ ပင်မမျှော်စင်ကြီးလည်း မီးဒဏ်ကြောင့် ပြိုကျသွားခဲ့ရတာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သမ္မတ မက်ခရွန်းက 'လက်ရှိအခြေအနေထက် ပိုကောင်းဖို့ ဒီဖြစ်ရပ်ဆိုးကို စည်းလုံးညီညွတ်မှုအဖြစ် ကျွန်တော်တို့ ပြောင်းရပါမယ်၊ ပြင်သစ်ကို ချစ်မြတ်နိုးတဲ့သူတွေ အားလုံးရဲ့နာကျင်မှုနဲ့ မျှော်လင့်ချက်ကို အတူမျှဝေခံစားပါတယ် 'လို့ ပြောပါတယ်။

လတ်တလောမှာ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ဘုရားကျောင်းထဲက ပြုပြင်မွမ်းမံမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မီးလောင်စဉ် ဒီဘုရားကျောင်းထဲမှာ ရှိနေတဲ့ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကို အချိန်မှီ အပြင်ကို သယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

(၄) အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲတွေ စပြီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲတွေ စပြီ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲမှာ မဲပေးဖို့ မဲရုံတွေ စဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

လူဦးရေ သန်းပေါင်း ၁၉၀ လောက်က ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာဖြစ်ပြီး မဲပုံးတွေကို လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ တောတောင်ထူထပ်တဲ့ နေရာတွေမှာဆိုရင် ဆင်တွေကို အသုံးပြုပြီး နိုင်ငံအနှံ့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ဘရာဗိုဆူဗီယန်တိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက် ပါပီအာခရိုင်မှာတော့ မဲဆွယ်စည်းရုံးရာမှာ အကြမ်းဖက်မှုတချို့ဖြစ်ပွားခဲ့ပြီး ခွဲထွက်ရေးသမားတွေကို စစ်သား ၂ ဦးကို သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။