မြန်မာ့ဆန်တွေကို အိုင်ဗရီကို့စ် နိုင်ငံက ဖျက်ဆီးခဲ့တဲ့အကြောင်းအပါအဝင် ဧပြီ ၁၈ ရက်နေ့ မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကို ဖျက်ဆီးခဲ့
(၁) မြန်မာ့ဆန်တွေကို အိုင်ဗရီကို့စ် နိုင်ငံက ဖျက်ဆီးခဲ့
မြန်မာနိုင်ငံကနေ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ဟာ လူတွေ စားသုံးဖို့ မသင့်တော်ဘူးဆိုပြီး အိုင်ဗရီကို့စ်နိုင်ငံ တာဝန်ရှိသူတွေက ဧပြီ ၁၇ ရက်နေ့က ဖျက်ဆီးလိုက်ပါတယ်။
ဆန်အိတ်တွေကို ဆိပ်ကမ်းကနေ တင်ဆောင်လာပြီး စွန့်ပစ်ဖျက်ဆီးခဲ့တယ်လို့ အိုင်ဗရီကို့စ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဆန်တွေ တင်ဆောင်လာတဲ့ သင်္ဘောကို အာဖရိက အနောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဂါနာ၊ ဂီနီယာ၊ တိုဂို နိုင်ငံတွေက ဆိပ်ကမ်းတွေကလည်း ပြီးခဲ့တဲ့သီတင်းပတ်တွေက ဆိုက်ကပ်ခွင့် မပြုခဲ့ဘူးလို့ ဘီဘီစီအာဖရိက သတင်းမှာ ဖော်ပြပါတယ်။
နောက်ဆုံးတော့ ဒီသင်္ဘောဟာ အိုင်ဗရီကို့စ်နိုင်ငံ အဘီဂျန်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီးတဲ့နောက် စစ်ဆေးခဲ့ရာမှာ ဆန်တွေက ကျန်းမာရေးနဲ့ မညီလို့ စားသုံးဖို့ မသင့်တော်တဲ့အတွက် ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
(၂) အားပြင်းလက်နက်တမျိုးကို မြောက်ကိုရီးယားစမ်းသပ်နေ
ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဦးဆောင်မှုနဲ့ အားပြင်းတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ လက်နက်တမျိုးကို စမ်းသပ်နေတယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောလိုက်ပါတယ်။
ဒီစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းအားတိုးတက်ဖို့အတွက် အရေးပါတဲ့ စမ်းသပ်မှုတစ်ခု လို့ ခေါင်းဆောင် ကင်ဂျုံအွန်းက ပြောတဲ့အကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းတို့ စင်္ကာပူနိုင်ငံမှာ ဒုတိယအကြိမ် တွေ့ဆုံပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က ပထမဆုံး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်စမ်းသပ်နေတဲ့ အစီစဉ်နဲ့ ပတ်သတ်ပြီး အမေရိကန်နဲ့ သဘောတူညီချက် တစုံတရာ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
(၃) သမ္မတထရမ့်အနိုင်ရခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်မှုတွေအကြောင်းပါမယ့် အစီရင်ခံစာ ဒီကနေ့ ထုတ်ပြန်မယ်
ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့တဲ့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေရှိမရှိ စုံစမ်းခဲ့တဲ့ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာရဲ့ အစီရင်ခံစာကို အမေရိကန်တရားရေးဌာနက ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
စာမျက်နှာ ၄၀၀ လောက်ရှိမယ့် ဒီအစီရင်ခံစာမှာ သမ္မတထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားအကြား ဆက်နွယ်မှု ရှိ-မရှိနဲ့ တရားရေးလုပ်ငန်းတွေမှာ သမ္မတက ကြားဝင်စွက်ဖက်မှု ရှိမရှိ ဆိုတာတွေကိုလည်း ထည့်သွင်းစုံစမ်းထားတာလည်း ဖြစ်ပါတယ်။
သမ္မတထရမ့်ကတော့ သူ့အနေနဲ့ အမှားအယွင်း လုပ်ထားတာ မရှိတဲ့အကြောင်း တုံ့ပြန်ပြောဆိုထားတာပါ။
(၄) မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါတွေကိုကုသနိုင်မယ့် နည်းလမ်း ဆေးပညာရှင်တွေ တွေ့ရှိ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝက်သေရဲ့ ဦးနှောက် အစိတ်အပိုင်းတချို့က သတိပြန်လည်လာပြီး အလုပ်လုပ်လာတာကို စမ်းသပ်တွေ့ရှိခဲ့
အမေရိကန် ဆေးသိပ္ပံပညာရှင်တွေက အသတ်ခံရတာ ၄ နာရီကျော်ကြာနေပြီဖြစ်တဲ့ ဝက်သေရဲ့ ဦးနှောက်မှာ အစိတ်အပိုင်းတချို့က သတိပြန်လည်လာပြီး အလုပ်လုပ်လာတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ဒီစမ်းသပ်မှုဟာ ဦးနှောက်ဆဲလ်တွေ သေသွားပြီလို့ ယူဆရပေမယ့် ဦးနှောက်ထဲက တချို့အစိတ်အပိုင်းတွေက နဂိုအတိုင်းပြန်ဖြစ်လာစေနိုင်တယ်ဆိုတဲ့ ဆေးသိပ္ပံတွေ့ရှိချက်လည်း ဖြစ်ပါတယ်။
ဒါဟာ သွေးလည်ပတ်မှုရပ်ပြီး မိနစ်ပိုင်းအတွင်းမှာ ဦးနှောက်က ပျက်စီးသွားတယ်ဆိုတဲ့ အယူအဆကို စိန်ခေါ်ဖို့လို့လည်း ဆိုပါတယ်။
ဒီစမ်းသပ်စစ်ဆေးမှုကနေ ဦးနှောက် အောက်ဆီဂျင် ပြတ်သွားတဲ့အခြေအနေကို ကုသနိုင်ဖို့နဲ့ အယ်လ်ဇိုင်းမားလို မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါမျိုးတွေ ကုသနိုင်ဖို့ကိုလည်း သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။