မြောက်ဦးမှာ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ထုတ်ပြန်တဲ့အကြောင်း အပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption AA တပ်ဖွဲ့ဝင်တွေ ရွာထဲလာရင် သတင်းပို့ကြဖို့ ရွာခံဘုန်းကြီးကျောင်းတွေကို တပ်မတော်က စည်းရုံးဆွေးနွေးခဲ့

(၁) မြောက်ဦးမှာ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဘောင်းဒုတ်ကျေးရွာအနီးက နယ်မြေခံတပ်ဌာနချုပ်နေရာတွေကို ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေက ဧပြီ ၁၇ ရက်နေ့ ညပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့က နယ်မြေခံတပ်ဌာနချုပ်က ရန်ကုန်-စစ်တွေပြည်ထောင်စုကားလမ်းမကြီးပေါ်ကနေ လာရောက်ပစ်ခတ်ခဲ့လို့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် မြောက်ဦးအုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘောင်းဒုတ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး AA တပ်ဖွဲ့ဝင်တွေကို လက်ခံခြင်းမပြုဖို့၊ အကြမ်းဖက်မှုကို အားပေးခြင်းမပြုဖို့၊ အနီးတဝိုက်ကို AA အဖွဲ့ဝင်တွေရောက်လာမယ်ဆိုရင် သတင်းပို့ကြဖို့ စည်းရုံးဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(၂) သမ္မတလွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသာ ၂ ယောက်ပဲပါ

Image caption အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

လက်ရှိအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပြစ်မှုတွေနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား ၄၄ ဦးရှိပြီး ဧပြီ ၁၇ ရက်နေ့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ အကျဉ်းသား ၂ ယောက်ပဲ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ပေးရေးအဖွဲ့ AAPP က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက နိုင်ငံရေးအကျဉ်းသား ၃၆ ယောက် လွတ်မြောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လွတ်မြောက်သူက နည်းလွန်းတယ်လို့ AAPP ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

အရင် စစ်အစိုးရလက်ထက်တုန်းက နိုင်ငံရေးအကျဉ်းသာ အများအပြားဖမ်းဆီးခဲ့ပြီး နိုင်ငံတကာဖိအားနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ပြီးခဲတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာတော့ ငြိမ်းစုစီ ပုဒ်မအပါအဝင် မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အသရေဖျက်မှု၊ စတဲ့ ပုဒ်မတွေနဲ့ ထောင်ကျနေသူတွေအပြင် အမှုရင်ဆိုင်နေရသူကလည်း ၂၂၈ ဦး ရှိပါတယ်။

AAPP ကတော့ အစိုးရက ဆက်လက်အသုံးပြုနေတဲ့ ဥပဒေတချို့ဟာ ကိုလိုခေတ်က ဖိနှိပ်ရေးဆွဲထားတာတွေဖြစ်ပြီး ဒါတွေကို ပြင်ဆင်ဖို့ လိုတယ်လို့ ပြောပါတယ်။

(၃) ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုရှိမရှိစုံစမ်းထားတဲ့ အစီရင်ခံစာ ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်

၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့စွက်ဖက်မှုကို စုံစမ်းစစ်ဆေးတဲ့ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာရဲ့ စာမျက်နှာ ၄၄၈ မျက်နှာရှိတဲ့ အကျဉ်းချုံးထားတဲ့ အစီရင်ခံစာကို နိုင်ငံတော်ရှေ့နေချုပ်က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီအစီရင်ခံစာထဲမှာ သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေဟာ ရုရှားနဲ့ တစုံတရာပူးပေါင်းလုပ်တာ မတွေ့ခဲ့ရဘူးလို့ ဖော်ပြထားတာပါ။

'သမ္မတထရမ့်က ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားကို အစီရင်ခံစာမှာ မတွေ့ရပေမယ့် မစ္စတာထရမ့်မှာ အပြစ်မရှိဘူးဆိုတာကို အစီရင်ခံစာမှာ ဖော်ပြမထားဘူး' လို့ အစီရင်ခံစာရေးသားခဲ့တဲ့ မစ္စတာ မူလာက ပြောပါတယ်။

ဒီအစီရင်ခံစာထဲက တွေ့ရှိချက်တွေထဲမှာ သမ္မတထရမ့်က မစ္စတာမူလာကို ရာထူးကနေ ထုတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာ ထွက်လာပြီးတဲ့နောက် နိုင်ငံရေးအရ အောင်မြင်မှု တစ်ခုလို့ သမ္မတထရမ့်က လူမှုကွန်ရက်တွစ်တာကနေ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဒီအစီရင်ခံစာမထုတ်ပြန်ခင် သမ္မတထရမ့်က တစုံတရာ အမှားအယွင်းမလုပ်ခဲ့ဘူးဆိုပြီး အမေရိကန်ရဲ့ အထွေထွေရှေ့နေချုပ် ဝီလျံဘားရဲ့ ပြောဆိုချက်ဟာ ဘက်လိုက်တယ်ဆိုပြီး ဒီမိုကရက်တစ်အဆင့်မြင့် လွှတ်တော်အမတ်တွေက အပြင်းအထန်ဝေဖန်ခဲ့တာပါ။

အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Meuller ကတော့ အခုအစီရင်ခံချက်ထဲမှာ သမ္မတထရမ့်က တရားဥပဒေကို နှောက်ယှက်ဟန့်တားတာနဲ့ ချိုးဖောက်ကျူးလွန်တာရှိမရှိဆိုတဲ့ သုံးသပ်ချက်မျိုး ကောက်ချက်ချ ရေးထားတာမျိုး မရှိခဲ့ပါဘူး။

(၄) အာဖဂန်နဲ့ တာလီဘန်တို့အကြား ဆွေးနွေးပွဲ ရွှေ့ဆိုင်း

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အာဖဂန်က တာလီဘန်တပ်ဖွဲ့ဝင်တချို့

ကာတာနိုင်ငံမှာ အာဖဂန်အစိုးရခေါင်းဆောင်တွေနဲ့ တာလီဘန်ခေါင်းဆောင်တို့အကြား တွေ့ဆုံကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ စတင်ဖို့ စတင်ဖို့ စီစဉ်ထားပေမယ့် ဘယ်သူတွေ တက်ရောက်မလဲဆိုတဲ့အပေါ် သဘောထားကွဲလွဲလို့ ခုလို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲ စီစဉ်သူတွေက တက်ရောက်မယ့်သူတွေရဲ့ စာရင်းကို အတည်ပြုစိစစ်ဖို့ အချိန်ယူဖို့ လိုတာကြောင့်ဆိုပြီး ရွှေ့ဆိုင်းရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုထားပါတယ်။

အစည်းအဝေးတက်ဖို့ အာဖဂန်က နိုင်ငံရေးသမားတွေ၊ စစ်ဖက်ဆိုင်ရာအရာရှိတွေ၊ လူမှုရေးအဖွဲ့ကိုယ်စားလှယ်တွေ ပါတဲ့ အဖွဲ့ဝင် ၂၀၀ လောက်ဟာ ကာတာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

တာလီဘန်ဘက်ကတော့ ဒီလောက်လူအများကြီး တက်ရောက်တာက လေးနက်တဲ့ဆွေးနွေးပွဲထက် မင်္ဂလာဆောင် လာတက်တာမျိုး ဖြစ်နေတယ်လို့ လှောင်ပြောင်ပြောဆိုထားပါတယ်။