အမေရိကန် ဆန်ဒီယေးဂိုး ဂျူးဘုရားကျောင်း ပစ်ခတ်မှု တစ်ဦးသေဆုံး

ဘုရားကျောင်းနားမှာ ဆုတောင်းပေးထား ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံး၊ ဒဏ်ရာရသူတွေအတွက် ဘုရားကျောင်းနားမှာ ဆုတောင်းပေးထား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဧပြီလ ၂၇ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားလို့ အမျိုးသမီးတစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။

ဆန်ဒီယေးဂိုးမြို့ မြောက်ပိုင်း ပိုဝေး Poway မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ အသက် ၁၉ နှစ်အရွယ် ဂျွန်အားနက်စ်ဆိုသူကို ဖမ်းဆီးထားပါတယ်။

အဲဒီဘုရားကျောင်းမှာ ဘာသာရေးဆိုင်ရာ အခမ်းအနား ကျင်းပနေတုန်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

ပစ်ခတ်မှု ဖြစ်ရတဲ့ အကြောင်းအရင်းကို ရဲတွေကထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အမုန်းတရားတရားကြောင့် ဖြစ်ရတဲ့ ရာဇဝတ်မှုဖြစ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုက ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလ လတုန်းက လူ ၁၁ ယောက်သေဆုံးခဲ့တဲ့ ပစ်ဘာ့ဂ် Pittsburgh မှာ ဖြစ်ပွားခဲ့တဲ့ ဂျူးလူမျိုးတွေကို ရည်ရွယ်တဲ့ ပစ်ခတ်မှု အပြီး ခြောက်လတိတိ အကြာမှာ ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်လီဖိုးနီးယားပြည်နယ် ပေါက်ဝေးမှာ ပစ်ခတ်မှု ဖြစ်ပွားအပြီး ဖြစ်ပွားတဲ့နေရာကို ရဲတွေ လုံခြုံရေးယူထားလိုက်ပါတယ်

သံသယရှိသူရဲ့ လူမှုကွန်ရက်မီဒီယာပေါ်မှာ လုပ်ဆောင်ထားတာတွေနဲ့ ဂျူးလူမျိုးတွေကို မုန်းတီးမှု အကြောင်း ရေးထားတဲ့စာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲကပြောပါတယ်။

တိုက်ခိုက်မှု မဖြစ်ခင် နာရီပိုင်းအလိုမှာ အွန်လိုင်းဖိုရမ်တစ်ခုမှာ ရေးခဲ့တဲ့ အဲဒီစာထဲမှာ သူ့ကိုယ်သူ ဂျွန်အားနက်စ်လို့ဆိုသူက သူက ပြီးခဲ့တဲ့လက နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်က ဗလီ နှစ်လုံးကို တိုက်ခိုက်မှုနဲ့ ပစ်ဘာ့ဂ် ပစ်ခတ်မှုတွေကို ကြည့်ပြီး စိတ်ကူးရခဲ့တာလို့ ရေးထားပါတယ်။

အားနက်စ်ဟာ ပြီးခဲ့တဲ့လက ဗလီတစ်ခု မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းမေးမြန်း ခံနေရသူဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာသာရေးအခမ်းအနားရဲ့ နောက်ဆုံးနေ့ကျင်းပနေတဲ့ ဂျူးဘုရားကျောင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ

ပစ်ခတ်မှုကို AR-15 ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်အပြီး ကားနဲ့ထွက်ပြေးတာကို တာဝန်ချိန်ပြင်ပ ရဲအရာအရှိတစ်ယောက်က သေနတ်နဲ့ ပစ်ဖမ်းခဲ့ပေမယ့် သူ့ကို မထိခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ သူ့ကို တခြားရဲ တစ်ယောက်က ဖမ်းမိခဲ့ပါတယ်။

အဲဒီရဲအရာရှိက ပစ်ခတ်တယ်လို့ သံသယရှိသူရဲ့ ကားကို သေသေချာချာတွေ့ခဲ့ပါတယ်။ သံသယရှိသူက ကားထဲကနေ လက်မြှောက်ထွက်လာပြီး ချက်ချင်း အထိန်းသိမ်း ခံခဲ့ပါတယ်လို့ ဆန်ဒီယေးဂိုး ရဲချုပ်က ပြောပါတယ်။

သူ့ကို ဖမ်းဆီးနေတုန်းမှာ ရိုင်ဖယ်သေနတ်ကို သူ့ကားရှေ့ခန်းက ယာဉ်မောင်းဘေးက ကားထိုင်ခုံပေါ်မှာ တွေ့ရပါတယ်လို့ ရဲချုပ်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ