မြစ်ဆုံစီမံကိန်း ဘယ်သူ့မှာ တာဝန်ရှိလဲ - ဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြစ်ဆုံအကြောင်း ဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံ စီမံကိန်းကို ဆန္ဒပြကန့်ကွက်မှုတွေ၊ စီမံကိန်း ပယ်ဖျက်ရေး လှုပ်ရှားမှုတွေ ဆက်ရှိနေပေမယ့် မြစ်ဆုံစီမံကိန်း ဆက်ဆောက်မဆောက်ဆိုတာ အန်အယ်လ်ဒီအစိုးရက ယတိပြတ် မပြောသေးပါဘူး။ ဒီစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရကတော့ သူ့လက်ထက်မှာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းကို ပြန်စချင်တယ်လို့ တရုတ်ဘက်က ပြောနေပါတယ်။ ဒီစီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရတွေက ဘယ်လို သဘောတူလက်မှတ်ရေးထိုးခဲ့လဲ၊ လက်ရှိ ဒီစီမံကိန်းကို ဘယ်လို ဆက်လက်လုပ်ဆောင်သင့်လဲဆိုတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ စစ်အစိုးရလက်ထက်မှာ စက်မှုဝန်ကြီး၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးအဖြစ် အဆင့်မြင့်ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသိန်းကို ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက မေးမြန်းထားပါတယ်။

ဘီဘီစီ - ဦးစိုးသိန်းအနေနဲ့ အရင် အစိုးရတွေ လက်ထက်မှာ အဆင့်မြင့် ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ တပ်မတော် အစိုးရလက်ထက်မှာဆို စက်မှုဝန်ကြီး၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း သမ္မတရုံး ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ လက်တလောမှာလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ အမြင်မျိုးစုံပြောနေကြတဲ့အချိန်မှာ ဦးစိုးသိန်းအနေနဲ့ ဝန်ကြီးနေရာကနေ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဒီစီမံကိန်းအကြောင်းသိခဲ့၊ နောက်ကိုယ်တိုင်လည်း ပါခဲ့ဖူးသူဖြစ်တယ်ဆိုတော့ အရင်အစိုးရတွေက လက်မှတ်ထိုးခဲ့တဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်သိထားပါလဲရှင့်။

ဦးစိုးသိန်း - ဒီစာချုပ်ချုပ်တာနဲ့ပတ်သက်လို့ စာချုပ်စာတမ်းတွေကတော့ ဘယ်တော့မှ လျှို့ဝှက်ပြီး လုပ်လို့မရပါဘူး။ စာချုပ်စာတမ်းရဲ့ သဘောသဘာဝကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ နှုတ်အားဖြင့် ပထမ MOU ရော ထိုးပြီးတော့မှ ညှိရတယ်။ အထက်အဆင့်ဆင့်ပေါ့။ အကြီးဆုံးအဆင့်ကနေပြီးတော့ နှုတ်အားဖြင့်အတည်ပြုတော့ ပရိုစီဂျာကို လုပ်ရတယ်။ အဲဒီပရိုစီဂျာက ဘာလဲဆိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဥပမာ ချိုင်းနားပါဝါပေါ့၊ သူတို့ စာချုပ်အကြမ်းလုပ်ရတယ်။ ပြီးတော့မှ ရှေ့နေချုပ်ရုံးကို ပို့ရတယ်။ အလားတူပဲ FERD ကိုပို့ရတယ်။ အလားတူပဲ နိုင်ငံခြားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနတစ်ခုရှိတယ်၊ ဒီလိုတွေ ပို့ရတယ် သက်ဆိုင်ရာတွေ၊ ပို့ပြီးတော့မှ သူတို့တွေရဲ့ သဘောထားအမြင်တွေ ညှိပြီးတော့မှ Attorney General ရုံးက ပြန်ပြင်ကြရတယ်။ ပြန်ပြင်ပြီးမှ ဒီစာချုပ်ရတယ်။ အဲဒီစာချုပ်ကို ကက်ဘိနက်တင်ရတယ်။ ဒီတိုင်း လက်တန်းလုပ်လို့ မရဘူး။ အဲလိုထိုးရတဲ့ အတွက်ကြောင့် စာချုပ်တိုင်းကတော့ လက်တန်းလုပ်လို့ မရဘူး။ နောက်တစ်ခုက ကက်ဘိနက်ဆိုတဲ့ အတွက်ကြောင့် အစိုးရအဖွဲ့ အစည်းအဝေးခေါ်တာပေါ့၊ ဒါတွေအားလုံးက ဟိုး ဦးနုလက်ထက်ကတည်းက Cabinet paper တွေက ယနေ့တိုင် သိမ်းထားတယ်။ ဒါကြောင့်မို့ Cabinet paperက အချိန်မရွေးသွားကြည့်လို့ရတယ်။ နောက်တစ်ခုက စာချုပ်စာတမ်းတွေအားလုံးက ဒီမြစ်ဆုံနဲ့ ပတ်သက်လို့ပေါ့နော် လျှပ်စစ်ဝန်ကြီးဌာနမှာလည်းရှိတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာလည်းရှိတယ်။ အစိုးရအဖွဲ့ရုံးမှာလည်း ရှိတယ်။ ရှေ့နေချုပ်ရုံးမှာလည်းရှိတယ် စသဖြင့် ကျန်တဲ့နေရာလည်း ရှိဦးမှာပေါ့လေ ကျန်တာတွေ၊ ဒါအချိန်မရွေး ပွင့်လင်းမြင်သာစွာ သွားကြည့်လို့ရတယ်။ သို့သော်လည်းပဲ ၅၄ သန်းလုံးကိုတော့ တစ်ရွက်ချင်းတော့ ဘယ်လှန်ပြနိုင်မလဲ သက်ဆိုင်ရာ တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းက ယုံကြည်ရတဲ့ အဖွဲ့အစည်းကို သွားတောင်းရင် လေ့လာကြည့်ရှုလို့ရတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ဓာတ်ပုံ မူပိုင် STR / AFP / Getty Images
Image caption မြစ်ဆုံစီမံကိန်းဟာ စတင်ကတည်းက ကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ရ

ဘီဘီစီ - ဆိုတော့ စီမံကိန်းစာချုပ်နဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားတာ မဟုတ်ဘူး။ တောင်းကြည့်လို့ရမယ်ဆို ပြလို့ရတယ် ဆိုတော့ ဒါပေမဲ့ စီမံကိန်းစာချုပ်ပါ အချက်တွေနဲ့ ပတ်သက်လို့ လောလောဆယ်ထိတော့ တိတိပပရယ်လို့ ထွက်လာတာမျိုးမရှိတော့ ဒီစီမံကိန်းစာချုပ်မှာ အဓိက ဘာတွေ သဘောတူထားကြလဲ။

ဦးစိုးသိန်း- အဲဒါတွေကတော့ ကျွန်တော်က ကျွန်တော့်ဝန်ကြီးဌာန မဟုတ်တော့လေ နှစ်လည်း အသင့်အတင့် ကြာသွားပြီးဆိုတော့ ကျွန်တော မမှတ်မိနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာကတော့ အဲဒီစီမံကိန်း မြစ်ဆုံနဲ့ ဆက်စပ်ပြီးတော့ စီမံကိန်းတွေ တချို့ပါလိမ့်မယ်။ ကျွန်တော်သိသလောက်တော့ မေခ၊ မေလိခ မြစ်ပေါ်မှာ Dam တွေ ခြောက်ခု၊ ရေအားလျှပ်စစ်တွေ ခြောက်ခုလောက် ထုတ်ဖို့ရှိတယ်၊ အလားတူပဲ မေလိခမြစ်ပေါ်မှာလည်း နည်းနည်းရှိတယ်၊ ဒီဟာကို ပြန်ကြည့်မယ်ဆိုရင် မြစ်ဆုံကနေ မြစ်ကြီးနားကို 43 ကီလိုမီတာဝေးတယ်။ သို့သော်လည်းပဲ အဲဒီ့မြစ်ဆုံရဲ့အထက် အထူးသဖြင့် မေခမြစ်က ရေစီးလည်းကောင်းတယ်၊ ကျောက်တောင်တွေကြားက စီးနေတော့၊ မိုင်လည်း ၁၅၀ လောက်ရှိတယ်၊ အဲဒီမှာ အဆင့်ဆင့်လုပ်ဖို့အတွက် အဲဒီနဲ့ ဆက်စပ်တဲ့ စာချုပ်တွေရှိတယ်။ လျှပ်စစ်ဝန်ကြီးဌာန plus (အပြင်) ဒီမှာ ဘာရှိလာသလဲဆိုတော့ ချီဖွေငယ်ဆိုတာ ပြီးထားပြီ၊ ၉၉ မဂ္ဂါဝပ်ထွက်တယ်၊ အဲဒီချီဗွေငယ်နားမှာ ချီဖွေကြီး Dam ကြီးတစ်ခု လုပ်ဖို့ ရှိတယ်။ အဲဒါနဲ့ဆက်စပ်ပြီး လုပ်စရာတွေလည်း ရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ၊ ဒါမလုပ်ဘဲနဲ့ ဟိုခြောက်ခုကို အရင်လုပ်ကြည့်ပါလား၊ လူထုလည်း မထိခိုက်ဘူး။ ဧရာဝတီလည်း မထိခိုက်ဘူး။

ဘီဘီစီ - ဒီလောက်ထိခိုက်မှုတွေ ရှိမယ်။ ဒီစီမံကိန်းက၊ တပ်မတော် စစ်အစိုးရက ဒါတွေကို ထည့်မစဉ်းစားခဲ့ဖူးလား။

ဦးစိုးသိန်း - တပ်မတော် အစိုးရ လက်ထက်မှာတော့ လျှပ်စစ်မီးရမှ တိုင်းပြည်တိုးတက်မယ်လို့ တွေးတဲ့အတွက်ကြောင့် လျှပ်စစ်မီးရအောင် သူက စဉ်းစားတယ်။ သူစဉ်းစားတဲ့ priority က လျှပ်စစ်မီးရအောင်လုပ်မယ်ဆိုတဲ့ priority။ ဒီဘက် ဦးသိန်းစိန် အစိုးရလက်ထက်ကျတော့ ဒီမိုကရေစီ အစိုးရ ဖြစ်သွားတယ်။ Not military government။ ဆိုတော့ သူက By the people, for the people ဆိုတဲ့ သီအိုရီကို အခြေခံထားတယ်။ အဲတော့ ကျွန်တော်တို့ ဆက်လုပ်မယ်ဆိုတဲ့အခါမှာ ပြည်သူလူထုလှုပ်ရှားမှုက သိပ်ပြင်းပြလာတယ်။ ဧရာဝတီမြစ်ကို ကာကွယ်ကြစို့ ဘာညာ၊ ဒေါ်အောင်ဆန်းစုကြည်ပါ ပါတယ် အဲဒီတုန်းက။ အဲဒီလို အနေအထားဖြစ်တဲ့အတွက်ကြောင့် ဦးသိန်းစိန်က ခုန Decisionကို ဒီမိုကရက်တစ်အစိုးရရဲ့ Decision ကိုပေးတာ။ တပ်မတော် အစိုးရလက်ထက်တုန်းကတော့ သူက လျှပ်စစ်မီးရ ပြီးရော။ သဘာဝပတ်ဝန်းကျင်လည်း priority လည်းမပေးဘူး။ သူက လျှပ်စစ်မီးရဖို့ Priority 1 ဖြစ်တဲ့အတွက်ကြောင့် အဲလိုလုပ်တယ်လို့ ကျွန်တော်က ပြောချင်တယ်။

ဘီဘီစီ - ဒီစီမံကိန်းကိုခေါ်တဲ့အခါမှာ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းဒေသ ဆည်စီမံကိန်းလို့ သူက ပြောပါတယ်။ ဒီစီမံကိန်းထဲမှာ ဆည်တွေ ဘယ်လောက်ဆောက်မှာလဲ၊ နောက်ဘယ်နေရာတွေ ပါပါလဲရှင့်။

ဦးစိုးသိန်း - အဲဒါတော့ ကျွန်တော်က အတိအကျမသိဘူး။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက မြစ်ဆုံရဲ့ အထက်ဘက် မေခပေါ့၊ မေခမြစ်ပေါ်မှာ ခြောက်ခုလောက်ရှိတယ်။ One of them က ဒီချီဖွေကြီး။ ချီဖွေငယ်တောင်မှ ၉၉ (မီဂါဝပ်)ရတာ၊ ချီဖွေကြီးက ထောင်ဂဏန်းပဲ။ အဲလိုပဲ မေလိခမြစ်ပေါ်မှာ နှစ်ခုရှိတယ်။ နောက်တစ်ခါ နော်မိုင်းခလားမသိ အဲဒီ့မြစ်တစ်ခု ရှိတယ်။ မြစ်လက်တက်တွေပေါ့။ နောက်တစ်ခါ ပူတာအိုနဲ့ မြစ်ကြီးနား အထိ၊ မေခမြစ်က မြစ်ဖျားခံတာ အတော်ဝေးတယ်ဗျ။ မိုင် တစ်ရာ့လေးငါးဆယ်ရှိတယ်။ မိုင် တစ်ရာ့လေးငါးဆယ်ပေါ်မှာ ဘယ်သူမှ မထိခိုက်ဘဲနဲ့ Dam တွေ လုပ်လို့ရပါတယ် တရုတ်နဲ့ ညှိနှိုင်းပြီးတော့။

ဓာတ်ပုံ မူပိုင် SOE THAN WIN / AFP / Getty Images
Image caption ၂၀၁၁ ခုနှစ်တုန်းက မြစ်ဆုံ ဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခုမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဘီဘီစီ - ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ သိထားသလောက်က ၂၀၀၆ ခုနှစ်လောက်ကတည်းက စပြီးတော့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တရုတ်ခေါင်းဆောင်တွေကြားတွေ့ခဲ့တယ်။ နောက် ၂၀၀၉ ဝန်းကျင်လောက်မှာ လက်မှတ်ထိုးခဲ့တယ်ဆိုပြီးတော့ သိထားတော့။ ဒါကိုဘယ်သူတွေက လက်မှတ်ထိုးခဲ့တာလဲ။ ဘယ်လို အကောင်အထည် ဖော်ခဲ့ကြလဲ။

ဦးစိုးသိန်း - ကျွန်တော်ခုပြောတဲ့ စာချုပ်ချုပ်တဲ့ ပရိုစီဂျာတွေ ပြောခဲ့ပြီးပြီလေ။ အဲဒီပရိုစီဂျာအရ ကက်ဘိနက်က approve ဖြစ်ရင် သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ချိုင်းနားလျှပ်စစ်ဝန်ကြီးဌာန သို့မဟုတ် ချိုင်းနားပါဝါကုမ္ပဏီကြီးနဲ့ လူကြီးချစ်ကြည်ရေးတွေရှေ့မှာ ထိုးကြပါတယ်။ လူကြီးကိုယ်တိုင်တော့ ဘယ်ထိုးမလဲ။ ထိုးတာက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်က အဖွဲ့အစည်းနဲ့ လက်မှတ်ထိုးခြင်းဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒါတောင်မှ ကျွန်တော်ထင်တယ်၊ ရေအားလျှပ်စစ်ညွှန်ချုပ်နဲ့ ချိုင်းနားပါဝါတို့ ဘာတို့ ထိုးမှာဖြစ်တယ်။

ဘီဘီစီ - ကျွန်မတို့ သိထားသလောက် ဒီစီမံကိန်းက ကနဦး ကုန်ကျမယ့် စရိတ်က ၃.၇ ဘီလျံ အမေရိကန် ဒေါ်လာလို့ ပြောတယ်။ ဒီစီမံကိန်းကြီး တစ်ခုလုံးမှာ ကုန်ကျစရိတ် အပြီးအထိဆို ဘယ်လောက်ရှိပါသလဲ။ ဒီစာချုပ်မှာ ဘယ်လောက်ပါပါသလဲ။

ဦးစိုးသိန်း - ဒါတော့ ကျွန်တော်မမှတ်မိနိုင်ဘူးဗျ၊ ချက်ချင်း။ ဒါပေမဲ့ လတ်တတော့ သူတို့ ကုန်ထားတာကတော့ feasible study ရယ်၊ ကျေးရွာတွေပြောင်းတယ်ဗျာ၊ ကျောင်းတွေဆောက်ပေးတယ်၊ နေအိမ်တွေဆောက်ပေးတယ်၊ လိုအပ်တာတွေ ထောက်ပံ့တယ်၊ ဒါလေးတွေကတော့ ကျေးရွာရွှေ့ပြောင်းတာတွေ ဘာတွေပေါ့၊ ဒါလေးတွေကတော့ အတော်အတန် တစ်ခုတော့ ရှိမှာပေါ့။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ တရုတ်သံအမတ်ကြီးက လာပြောတယ်။ ကျွန်တော်တို့ကို သတ်မှတ်ပေးပါတဲ့။ သူတို့ကုန်ကျထားတာကို။ အဲဒီတုန်းက ကျွန်တော်သိတယ်။ Around 4 billion (၄ ဘီလျံ) လောက်ရှိတယ်။ သူတို့ ထည့်ဝင်ထားတာပေါ့ဗျာ၊ ကုန်ကျထားတာ။ 4 billion လောက်ရှိလို့ cost ကို။ Investment က အတည်ပြုထားပေးရတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြစ်ဆုံစီကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာသာမက ရေကြီးရေလျှံမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ကြ

ဘီဘီစီ - ဒီစာချုပ်ပါ အချက်မှာ အကျိုးအမြတ်က မြန်မာနိုင်ငံအတွက် ဘယ်လို ရမလဲ၊ တရုတ်ဘက်ကို ဘယ်လို ပေးရမလဲ၊ ဒါတွေရော သိပါသလား။

ဦးစိုးသိန်း - မမှတ်မိတော့ဘူးဗျာ၊ ကျွန်တော် ပြောလို့ မှားသွားရင် မကောင်းဘူး။ ကောင်းတာကတော့လေ ခင်ဗျားတို့လို အဖွဲ့အစည်း၊ တောင့်တင်းတဲ့ အဖွဲ့အစည်းတွေက သက်ဆိုင်ရာ Focal Ministry ပေါ့နော်။ အခု လျှပ်စစ်ပေါ့။ အဲဒီမှာ သွားတောင်းဆိုပြီး ကြည့်မယ်ဆိုရင်၊ ဒါ ဒီမိုကရေစီ ခေတ်မှာ မပေးစရာ မရှိဘူး။ ဒါက ထိပ်တန်း လျှို့ဝှက်လည်း မဟုတ်ဘူး။ စစ်နဲ့ ဆက်စပ်တာလည်း မဟုတ်ဘူးလေ။ ဒါတောင်းယူပြီး ဖတ်ကြည့်လို့ ရပါတယ်။ တချို့ကတော့ ဆွေးနွေးနေတယ်ဗျာ၊ တစ်စချင်းပေါ့၊ ကိုယ်သန်ရာ သန်ရာ ဆွေးနွေးကြတာပေါ့၊ စာချုပ်ကို သေချာဖတ်ပြီး၊ Study လုပ်ပြီး ကျွမ်းကျင်တဲ့ လူတွေနဲ့ ကြည့်ပြီး ထောက်ပြပြီးတော့ ပြောရင်လည်း ရပါတယ်။ အခုတော့ စာချုပ်အဆင့်နဲ့ လွန်သွားပါပြီ၊ အခုတော့ ဆွေးနွေးနေကြတာပေါ့နော်။

ဘီဘီစီ - ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ ရပ်နားထားဖို့ သူဆုံးဖြတ်ခဲ့တယ်။ အဲ့တုန်းက သူ ဘယ်လို အချက်တွေကို မူတည်ပြီးတော့ လုပ်ခဲ့တာလဲ၊ တရုတ်ဘက်နဲ့ ဘယ်လို အပေး၊ အယူမျိုးတွေ လုပ်ခဲ့ရပါလဲ။

ဦးစိုးသိန်း - သူက တရုတ်ဘက်နဲ့တော့ အပေး၊ အယူ လုပ်တာ မဟုတ်ဘူး။ ဒါပေမယ့် သူကလည်း အရင်တုန်းက ဝန်ကြီးချုပ် လုပ်ခဲ့တော့၊ ဒီ အကြောင်းကို သူ သိနေတယ်။ ဒီ့အတွက်ကြောင့် သူ ကျွန်တော့်ကို ပြောဖူးတယ်။ ဒီ ပြဿနာ ဖြစ်တဲ့ အခါကျတော့။ ဝန်ကြီး ဦးဇော်မင်းလည်း ခေါ်ပြီးတော့ ဆွေးနွေးတယ်။ ကျွန်တော့် ရှေ့မှာပဲ။ ကျွန်တော့်ကိုလည်း သူ ပြောဖူးတယ်။ Dam height (ရေကာတာ အမြင့်) ကို လျှော့တာလည်း တစ်နည်းပေါ့၊ Dam height က မြင့်တာကို။ မြင့်တာကို လျှော့လိုက်ရင်တော့ မီဂါဝပ် အကြမ်းအားဖြင့်နော်၊ အတိအကျတော့ မဟုတ်ဘူး၊ ၆,၀၀၀ လောက် ရမယ့် အစား၊ ၄,၀၀၀ လောက် ဖြစ်မလား။ ဒါပေမယ့်လို့ မြစ်ဆုံ မလုပ်ဘဲနဲ့၊ အထက် မလိခ၊ မေခ မြစ်ပေါ်မှာ Dam တွေ အရင် လုပ်ကြည့်ပါ့လား၊ ၆ ခု လောက် ရှိတာပဲ။ အဲ့ဒါတွေ စုပေါင်းရင်လည်း မဂ္ဂါဝပ် ၆,၀၀၀၊ ၇,၀၀၀ ထွက်တယ်လို့ သူက ကျွန်တော့်ကို ပြောပြတယ်။ ပြောပြတော့ အပေါ်က Dam တွေကို လုပ်ကြည့်ရင်လည်း The same megawatt ထွက်မှာပဲ။ လျှပ်စစ်လိုချင်တာကိုး။ ဘယ်နေရာလုပ်ရမယ် ဆိုတာ Fix မှ မဟုတ်တာ၊ မြစ်ဆုံမှ လုပ်ရမယ်မှ မဟုတ်တာ၊ ခင်ဗျား လိုချင်တာ၊ ရည်ရွယ်ချက်က လျှပ်စစ်ကိုး။ အဲ့တော့ လျှပ်စစ်ကိုပဲ ရအောင်လုပ်မယ် ဆိုရင် အပေါ် မြစ်ညာ မှာ ရှိတဲ့ မေခ၊ မလိခ ပေါ်က ဟာတွေကို လုပ်ကြည့်ပါလား။ လုပ်ရင်လည်း ဒီလောက် မဂ္ဂါဝပ် ထွက်မယ်ဆိုရင် ဘာလို့ မြစ်ဆုံ လုပ်မှာလဲလို့ သူက အကြမ်းတော့ ပြောဖူးတယ်။ သို့သော်လည်းပဲ ဒီလို ပြောပြီး နောက်တစ်ရက် ကျတော့ သူ့ဟာသူ စဉ်းစား ဆုံးဖြတ်ပြီးတော့ သူက လွှတ်တော်ကို စာပို့လိုက်တာဗျာ။

ဘီဘီစီ - သိထားသလောက် ဒီလိုမျိုး ရပ်ဖို့ ဆုံးဖြတ်လိုက်တာမှာ တရုတ်ဘက်ကို သူ ကြိုတင် အကြောင်းမကြားလို့ ပြောကြတာတွေ ရှိပါတယ်။

ဦးစိုးသိန်း - ဟုတ်တယ်၊ မှန်တယ်။

ဘီဘီစီ - ဆိုတော့ အခုလိုရပ်ဖို့ ဆုံးဖြတ်လိုက်တာ အပေါ် တရုတ်ဘက်က ဘယ်လို တုံ့ပြန်ပါသလဲ။

ဦးစိုးသိန်း - တရုတ်ဘက်ကတော့ဗျာ၊ သူ့ကို မပြောဘဲနဲ့ ဒီလိုချည်း လုပ်တာ သူနည်းနည်း Unhappy (စိတ်တိုင်းမကျ မပျော်ရွှင်ဘူး) ဖြစ်တာပေါ့။ Not happy ပေါ့။

ဘီဘီစီ - နားလည်သလောက် ဒီလိုမျိုး စီမံကိန်းတွေ ရပ်တယ်ဆိုရင် စီမံကိန်းကို ဘယ်လိုမျိုး ပြန် အကောင်အထည် ဖော်မလဲ ဆိုတဲ့ Clause မျိုးလို ပါတာပေါ့၊ ပြန်ပြီးတော့ ခေါင်းဆောင်ချင်း ပြန်ဆွေးနွေးကြမယ် ဆိုတဲ့ အချက်တွေ ပါတော့ သမ္မတ ဦးသိန်းစိန် ကရော ဒါမျိုးတွေကို စီမံကိန်း ရပ်ပြီးတဲ့နောက်မှာ တရုတ်ဘက်နဲ့ ဆွေးနွေးခဲ့လား။

ဦးစိုးသိန်း - မဆွေးနွေးခဲ့တာက ဒီလိုလေဗျာ၊ စီမံကိန်းကို သူက ရပ်တာမဟုတ်ဘူး၊ သူ့ကာလ လက်ထက်မှာ မလုပ်ဘူးလို့ ပြောခဲ့တာလေ။ ကျန်တာကတော့ သက်ဆိုင်ရာ ဝန်ကြီး ဌာနပေါ့၊ Focal Ministry က လျှပ်စစ်ပေါ့ဗျာ၊ ရေအားလျှပ်စစ်က လူနဲ့ သက်ဆိုင်ရာ တရုတ်က ရေအားလျှပ်စစ်တွေနဲ့ ဆွေးနွေးကြရမှာပေါ့။ နေရာပြောင်းပါဗျာ..၊ ဒီနေရာ.. ဒီလိုမျိုးတွေ လုပ်ရမယ့် အလုပ်တွေ အများကြီး ကျန်တယ်၊ အဲ့ဒါ မလုပ်ဘဲ ရပ်ထားတာဗျာ။ တကယ်တော့ ဒီအစိုးရလက်ထက်မှာ လုပ်ဖို့ကောင်းတာပေါ့။ သူတို့က လုပ်တော့ လုပ်လိုက်တယ်၊ ဦးတီခွန်မြတ် ဦးဆောင်တဲ့ အဖွဲ့ ကော်မရှင် တစ်ခုတော့ ဖွဲ့ပြီး လုပ်တယ်။ ဒါတွေကလည်း မြန်မာပြည်ရဲ့ ဟို Culutre (ဓလေ့) လေး တစ်ခု ဖြစ်နေတာကတော့ အထက်လူကြီး ကြိုက်အောင် Report (အစီရင်ခံစာ) တက်တာက များများရယ်ဗျာ။ ကျွန်တော် ဒီလို ပြောရင်တော့ စိတ်မဆိုးနဲ့ ပေါ့။

ဘီဘီစီ - သမ္မတဦးသိန်းစိန် က ဒီစီမံကိန်းက အများပြည်သူအတွက် ကောင်းကျိုးမရှိဘူး၊ ကောင်းကျိုးနည်းလို့ သူ ဒီလို ဆုံးဖြတ်ခဲ့ တယ်ဆိုတော့ ဘာဖြစ်လို့ သူ့လက်ထက်မှာ ဒီစီမံကိန်းကို သူ အပြီးသတ် ဆုံးဖြတ်တဲ့ အထိ မလုပ်နိုင်ခဲ့ရတာလဲ။

ဦးစိုးသိန်း - ဆိုတဲ့သဘောက ဒီကောင်က Very complicated (အလွန်ရှုပ်ထွေးတယ်) ဗျာ။ ဒါပေမယ့် သူပြောတဲ့ အဆိုအရ အပေါ်က မလိခ၊ အင်မိုင်ခ (မေခ) ပေါ့နော်၊ အထူးသဖြင့် မေခ မြစ်ပေါ်မှာ လုပ်တဲ့ ချီဖွေငယ်တောင်မှ မဂ္ဂါဝပ် ၉၉ ထွက် ပြီး၊ အခု မိုးကောင်းတို့၊ မြစ်ကြီးနားတို့ အခု လျှပ်စစ်မီး ရနေတယ်လေ။ အဲဒီမှာ ဆက်လုပ်တာတော့၊ ဆက်ပြီးသွားဖို့ ကောင်းတာပေါ့။ ဒီ မြစ်ဆုံပဲ လုပ်မယ်၊ မြစ်ဆုံပဲ လုပ်မယ် ဆိုတဲ့ ဟာ အပေါ် တရားသေ နင်းထားရင်တော့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ ရည်ရွယ်ချက်ကဘာလဲ။ မြန်မာနိုင်ငံ လျှပ်စစ်ရဖို့။ မဟုတ်ဘူးလား။ လျှပ်စစ်ရှိရင်လည်း တချို့လည်း ရင်းနှီးထားသူကို ပြန် မျှဝေ ရောင်းမယ်ပေါ့။ သို့သော်လည်းပဲ အခု တရုတ်ကလည်း ပြည့်စုံနေပါပြီ။ အဲ့ဒါပဲ လုပ်ဖို့ကောင်းတယ်။ လျှပ်စစ်လိုချင်တာလား။ မြစ်ဆုံ မှာ ဆည်လုပ်ရမှလား ဆိုတဲ့ မေးခွန်း ခင်ဗျား ကြည့်။ ကျွန်တော်တော့ လျှပ်စစ်လိုချင်တာပဲ စဉ်းစားမယ်၊ မြစ်ဆုံမှာ ဆည်လုပ်ရမယ်လို့ မစဉ်းစားတဲ့ အတွက် ကြောင့် မြစ်ဆုံ Issue (ကိစ္စ) ကို ပြည်သူကို အနိုင်ပေးလိုက်ပါ။

ဓာတ်ပုံ မူပိုင် ZAU RING HPRA
Image caption အစိုးရသစ်က မြစ်ဆုံကို ဆက်လုပ်မှာကို စိုးရိမ်နေကြ

ဘီဘီစီ - ဆိုလိုတာကလေ၊ အခု ဦးစိုးသိန်းလည်း ပြောတဲ့ အခါမှာ၊ မြစ်ဆုံ နေရာမှာ မလုပ်နဲ့ ချီဖွေ တို့ ဘာတို့ အပေါ်မှာ လုပ်ဖို့ အကြံပြုခဲ့တယ်။ ဒီလို အတွေးမျိုးလည်း ရှိခဲ့တယ်။ သမ္မတ ဦးသိန်းစိန်က သူ့လက်ထက်မှာ ဆိုင်းငံ့ခဲ့တယ်၊ ဆိုတော့ ဒီလို အတွေးတွေ ဦးစိုးသိန်း ရှိခဲ့တယ်။ အဲ့တုန်းက ဒါတွေကို ဘာဖြစ်လို့ သမ္မတ ဦးသိန်းစိန်က မတင်ပြခဲ့တာလဲ။ သမ္မတဦးသိန်းစိန်က တရုတ်ဘက်ကို မပြောနိုင်ခဲ့ဘူးလား။

ဦးစိုးသိန်း - တရုတ်ဘက်ကိုက ဒီလိုဗျာ။ ကျွန်တော်တို့လည်း ခရီးစဉ်တွေ သွားတယ်။ မြစ်ဆုံ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က သမ္မတ ဦးသိန်းစိန်က သူ့ကာလ တစ်ခုတည်းမှာ ရပ်ဆိုင်း ထား၊ ဆိုင်းငံ့ထားခဲ့တယ် ဆိုတော့ သူတို့က နောက်ကာလ မှာ လုပ်မလားလို့ တရုတ်ကလည်း မျှော်လင့်ချက် ရှိရင် ရှိမှာ ပေါ့ဗျာနော်။ ဒါကြောင့်မလို့လည်း ဆက်မလုပ်တာလား။ နောက်တစ်ခုက ဆက်လုပ်လို့ ရတဲ့ အလုပ်ကိုရော ဘာလို့ မလုပ်သလဲ။ ကျွန်တော် မြင်တာက ဗျာ၊ ကျွန်တော့်ကို တစ်ယောက်က ပြောပါတယ်။ ချီဖွေကြီး ဆိုတဲ့ နေရာ ရွေးချယ်ပြီးသား။ သူတို့ ကိုယ်တိုင် ပန္နက်ရိုက်ထားပြီးသား။ ချီဖွေငယ်နားမှာ ချီဖွေကြီး။ အဲ့ဒါ မေခမြစ်ပေါ်မှာ။ ဒါလည်း ဆက်မလုပ်ဘူးလေ။ ဆက်လုပ်လို့ ရတာလည်း မလုပ်ဘူး လို့ ပြောတာ။ ဒီနေရာလေးကိုပဲ လုပ်ကို လုပ်ရမယ် ဆိုတဲ့ဟာကျတော့ Political Agenda များ ပါလားလို့ ကျွန်တော်က စဉ်းစားမိတယ်။

ဘီဘီစီ - ဘယ်လို အကြောင်းရင်းမျိုးပါလဲ။

ဦးစိုးသိန်း - သဘောကဗျာ၊ လုပ်မယ်လို့ ပြောထားပြီးတော့ နိုင်ငံငယ်နဲ့ နိုင်ငံကြီး စကားပြောတဲ့ အခါမှာ မလုပ်ဘူးလို့ ပြောတဲ့ အတွက်ကြောင့် ကျွန်တော် ခုန ပြောတဲ့ ဆူးခလုတ်လေး တစ်ခုများ ဖြစ်နေလို့လား။ သို့မဟုတ် အခြား ၂၀၁၀-၁၁ ကနေ ၂၀၁၆ အစိုးရ လက်ထက်က အတိုက်အခံ သို့မဟုတ် အခြား ခေါင်းဆောင် အချို့က ကျွန်တော်တို့ လက်ထက်ကျ စဉ်းစားပေးမယ်လို့များ သွားပြီး သူ့ကို Hope ပေါ့နော်၊ Wishful thinking များ ပေးခဲ့လား။ ဒါလည်း ရှိလို့ မြစ်ညာမှာ လုပ်ရမယ့် ဟာတွေ မလုပ်ဘဲ ရပ်ထားလား။ ဒါလည်း ကျွန်တော် မသိဘူး။ တကယ်တော့ ဆွေးနွေးဖို့ ကောင်းတယ်။ တရုတ်နိုင်ငံနဲ့ သက်ဆိုင်ရာ China Power နဲ့ Focal ဝန်ကြီးဌာနနဲ့ ဒီကိစ္စတွေ ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်ဖို့ ကောင်းတယ်။

ဘီဘီစီ - သူတို့လည်း ဒီလိုနည်းလမ်းမျိုးဆွေးနွေးကောင်း ဆွေးနွေးမှာပေါ့လေ၊ ဒါပေမယ့် ခုထက်ထိ သေချာတဲ့ဟာမျိုးမပြောလာတော့ ဒီဘက် NLD အစိုးရဘက်မှာရော ဒီစီမံကိန်းနဲ့ ပတ်သတ်လို့ ကတိလိုမျိုး ဒါမှမဟုတ်ရင် အခက်အခဲတစ်ခုလိုမျိုး ရှိနေနိုင်လား။

ဦးစိုးသိန်း - ဒါတော့ ကျွန်တော်လည်း နောက်ပိုင်း ဒီအစိုးရလက်ထက်ဟာတော့ သိပ်မသိဘူး။ အရင်အစိုးရဟာတော့ သိတာပေါ့၊ ဒီတော့ ပေးချင်လည်း ပေးခဲ့မယ်လို့ ကျွန်တော်မပြောနိုင်ဘူးလေ၊ ဒီကိစ္စ အလွန် Sensitive ဖြစ်တယ်၊ လူတစ်ယောက်ကို ထိခိုက်နိုင်တယ်၊ လူတစ်ဦး တစ်ဖွဲ့ကို၊ ဒါ့ကြောင့် ကျွန်တော်မဖြေဘူး။ ဒါတော့ နားလည်ပေးဖို့ လိုတာပေါ့။

ဘီဘီစီ - မြစ်ဆုံစီမံကိန်းနဲ့ ပတ်သတ်လို့ တရုတ် CPI ဘက်က အရာရှိကြီးတွေ၊ ထိပ်ပိုင်းအရာရှိကြီးတွေကို လာဘ်ငွေလိုမျိုး ပေးခဲ့တာမျိုးလို ရှိတယ်ဆိုပြီး ပြောနေကြတယ်။ နောက်ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူကိုယ်တိုင် ထွက်လာပြီးတော့ ကျွန်တော့်ကိုလည်း ဒီ CPI က လာဘ်ထိုးခဲ့ပါတယ် ဆိုပြီးတော့ သူပြောခဲ့တော့ တကယ်ပဲ အဲ့လိုအဖြစ်မျိုးတွေ ရှိခဲ့လား။

ဦးစိုးသိန်း - ဒါက အပြောကတော့ ရှိနိုင်တာပဲဗျ၊ ဒါပေမဲ့ လက်တွေ့သေချာရင် စုံစမ်းပြီး သေချာရင်တော့ အရေးယူလိုက်ပေါ့၊ တရားစွဲလိုက်ပေါ့။ ကျွန်တော်ပြောနေကျ စကားပါပဲ၊ ဒီ Corruption လုပ်တာကို လက်မခံပါဘူးလို့ ကျွန်တော်တို့ ပြောထားပြီးသားပါ ဟုတ်လား။ ကိုဂျေယောဝူလည်း ကျွန်တော့် မိတ်ဆွေပါပဲ၊ သူ့ကို စကားအဖြစ်ပြောတာလည်း ဖြစ်ချင်ဖြစ်မယ် သို့မဟုတ် သူ့ကို လာစမ်းကြည့်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်၊ တကယ်လက်တွေ့သူက ပိုက်ဆံယူပြီး တိုင်ပြလိုက်ရင်တော့ ဖြစ်မှာပေါ့၊ စကားအဖြစ်ပြောတာလည်း ဖြစ်နိုင်တာပေါ့၊ ဒါက ၅၀- ၅၀ ပဲလေ။

ဘီဘီစီ -ဒီစီမံကိန်းစဖို့အတွက် ထဲထဲဝင်ဝင် ပါခဲ့တဲ့သူတွေပေါ့လေ၊ အရင်အစိုးရတွေ လက်ထက်က တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့၊ ပြောခဲ့ ဒါတွေက ဘယ်လောက်လောက်အထိ ပါခဲ့ကြလဲ။

ဦးစိုးသိန်း - ဆိုလိုတဲ့သဘောကတော့ တကယ်လက်တွေ့ဆွေးနွေးနေတာကတော့ အရင်တုန်းက ရေအားလျှပ်စစ်ညွှန်ချုပ်တွေ ရှိမှာပေါ့နော်၊ Retire သွားလား၊ ရှိလား ကျွန်တော်လည်း မမှတ်မိဘူး၊ အရင်က ရေအားလျှပ်စစ်ညွှန်ချုပ်ဆို ဦးမော်သာထွေး ကျွန်တော်မှတ်မိတယ်၊ ထို့အတူပဲ ဦးဇော်မင်း ဝန်ကြီးလုပ်တာ မှတ်မိတယ်၊ သူတို့ကတော့ အသေးစိတ် ဆွေးနွေးတဲ့သူတွေပေါ့၊ လူကြီးတွေကတော့ အေးကောင်းတယ်ကွာ လုပ်ဆိုတဲ့ YES/NO ပေးတဲ့ Decision Making ပါပဲ။ Involve ဖြစ်စရာ မရှိသလောက်ပါဘဲလို့ ကျွန်တော် ပြောချင်တယ်။

ဘီဘီစီ - အခုမြစ်ဆုံစီမံကိန်း ပြည်တွင်းမှာလည်း ကန့်ကွက်နေကြတယ်၊ အခုဆိုရင် မြစ်ဆုံကို ပြန်ရွေးဖို့အထိတောင် ပြောနေကြတယ်ပေါ့၊ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ဒီစီမံကိန်းနဲ့ ပတ်သတ်လို့ ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းရင် အကောင်းဆုံးဖြစ်မလဲ။

ဦးစိုးသိန်း - ပြန်ရွေးတာက တကယ်အဖြေမှ မဟုတ်တာ၊ ကမ္ဘာ့နံပါတ် ၁ ထိပ်တန်းနိုင်ငံကြီးကို ရော့ လျော်ကြေးဆိုရင် သူရယ်မှာပေါ့ ခင်ဗျားကို။ သူပြောတာက Political Agenda နဲ့ ဆက်စပ်လို့ ပြောတာ၊ အဲ့တော့ Political Agenda နဲ့ ငါတို့နဲ့ လုပ်ထားတာကို မင်းက မလုပ်တာဖြစ်တဲ့အတွက်ကြောင့် ခုနလို ဒါတော့ မလုပ်ပါနဲ့ဗျာ ရည်ရွယ်ချက်ချင်းတူရင် လျှပ်စစ်ထုတ်တာချင်းတူတူ ဟို မေခမြစ်ပေါ်မှာပဲ ဒါတွေ လုပ်ပါ့လား။ လုပ်တာအခါမှာ အဲ့ဒီမှာ စာချုပ်အသစ်တွေ ပေါ်လာမှာပေါ့ အဲ့ဒီမှာ ဒါတွေကို Deduct လုပ်ပြီးတော့ လုပ်သွားရင် ရတာပဲ၊ ဘာမှ လျော်ကြေးပေးဖို့ မလိုဘူး။ ဆိုကြပါစို့ဗျာ ချီဖွေကြီးကို လုပ်မယ်။ ဒါဆိုကြပါစို့နော် ဥပမာပြောတာ ၂ ဘီလီယံ ကျမယ်။ သူတို့ဘက်က ဝင်ရတာ၊ ကျွန်တော်တို့ဘက်က တချို့ဟာတွေ ပါပေးလိုက်လေ၊ တချို့မြေငှားခတွေ၊ လျှပ်စစ်ထုတ်တဲ့ သက်တမ်းခတွေ လျှော့ပေးလိုက်ရင် ပြီးတာလေ၊ ဘယ်လိုလုပ် ခင်ဗျားက သွားပြီးတော့ ပြန်ဝယ်ဖို့မှ မလိုတာကြီးကို။