ကချင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအတွက် ဒေါ်လာသန်း ၄၀ ကူဖို့ ကုလ ပန်ကြားထား

ကချင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ဒေါ်လာ သန်း ၄၀ ပန်ကြားထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဓာတ်ပုံ မူပိုင် AFP
Image caption ကချင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ဒေါ်လာ သန်း ၄၀ ပန်ကြားထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး အာရ်ဆူလာ မူလာဟာ သူ့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေကြောင်း ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် ဒေါ်လာ သန်း ၄၀ ရရှိဖို့ ပန်ကြားထားတယ်လို့ မစ္စမူလာက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း အကူအညီပေးနိုင်ဖို့ ကုလသမဂ္ဂဘက်က အလှူရှင်တွေကို ပန်ကြားထားတဲ့အကြောင်းကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းကလည်း ဘီဘီစီကို ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေထဲမှာ စစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ IDP တွေအတွက် ရေရှည်တည်တံ့နိုင်မယ့် ဖြေရှင်းမှုတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ အစိုးရ တပ်မတော်နဲ့ KIO/KIA အကြား တိုက်ပွဲတွေကြောင့် တကြော့ပြန် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ရှောင် ဒုက္ခသည် IDP ၁ သိန်း နီးပါးဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း က စစ်ရှောင်စခန်း IDP တွေမှာ နေထိုင် နေရပါတယ်။

IDP စခန်းမှာ ၈ နှစ်ကြာ နီးပါး နေထိုင်ရလို့ လူမှုစီးပွား အခက်ကြုံရပြီး မူလနေရပ်ကို ဘေးကင်လုံခြုံမှုရှိရှိ ပြန်ချင်တယ်လို့ ဝိုင်းမော်မြို့က IDP စခန်းမှာ နေထိုင်ရတဲ့ ဒေါ်ရွယ်စွန့်က အခုလို ပြောပါတယ်။

စစ်ဘေးရှောင် IDP တွေ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ဖို့နဲ့ သူတို့တွေကို ပြန်လည် နေရာချထားရေးမှာ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု မူဝါဒနဲ့ စံချိန်စံညွှန်းတွေကို အခြေခံ လုပ်ဆောင်ဖို့ ကချင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) ကလည်း အစိုးရဦးဆောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့နဲ့ တွေ့ဆုံညိနှိုင်းမှု တွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် SENG MAI
Image caption နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ရှောင် ဒုက္ခသည် IDP ၁ သိန်း နီးပါးဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း က စစ်ရှောင်စခန်း IDP တွေမှာ နေထိုင် နေရပါတယ်။

အစိုးရကနေ စီမံကိန်းချ နေရာပေးတဲ့ နေရာထက် သူတို့တွေ မူလနေရပ်မှာပဲ ပြန်နေရာ ချထားပေးဖို့၊ မိုင်းရှင်းလင်းရေးစတဲ့ လုံခြုံမှုရှိရေးအပြင်၊ မူလနေရာတွေမှာ အဆင်ပြေနေထိုင်ဖို့ အဆောက်အအုံပိုင်း ဆိုင်ရာတွေကိုပါ အကူညီပေးဖို့ အရေးကြီးတယ်လို့ IDP တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

စစ်ရှောင် ဒုက္ခသည်တွေက IDP စခန်းမှာ နေရတာ နှစ်ချီကြာလာလို့ လူမှုရေး၊ စီပွားရေး အခက်အခဲ ပြသနာတွေကြောင့် သားသမီးတွေရဲ့ ပညာရေးမှာလည်း ထိခိုက်မှုတွေ ရှိလာလို့ လုံခြုံမှုရှိရှိသူတို့နေရပ်ကို ပြန်ပြီး မူလ အသက်မွေးဝမ်းကျောင်း ပြန်လုပ်ကိုင်ချင်ပြီလို့ ပြောဆိုကြပါတယ်။

မြန်မာ တပ်မတော်နဲ့ ကေအိုင် အေတို့ ကြား ငြိမ်းချမ်းရေး ပြသနာတွေကလည်း မတည် မငြိမ် ဖြစ်နေသေးတော့ ဒုက္ခသည်တွေနေ ရပ်ပြန်ရေး မှာလုံခြုံရေး က နံပါတ် တစ်ပါလို့ လည်းသူကပြောပါတယ်။

(ခု သတင်းကို ကုလသမဂ္ဂဘက်မှ ပေးပို့သည့် အချက်အလက်များဖြင့် ပြန်လည်ပြင်ဆင် ရေးသားထားပါသည်။)