ရန်ကုန်မှာ ကျူးကျော်တွေကို မြေကွက်ပေး နေရာချပေးတော့မယ့် အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption လှိုင်သာယာက ကျူးကျော်တဲတစ်ခု

(၁) ရန်ကုန်မှာ ကျူးကျော်တွေကို မြေကွက်ပေး နေရာချပေးတော့မယ်

ရန်ကုန်တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ကျူးကျော်တွေကို မြေကွက်တွေ ချပေးဖို့ကို လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေကနေ စတင်မယ်လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ရန်ကုန်အစိုးရရဲ့ ကျူးကျော်တွေနေရာချထားရေး လုပ်ငန်းဖော်ဆောင်တဲ့ ကော်မတီဝင် ဒေါ်မီမီတင်က ဘီဘီစီကို ပြောပါတယ်။

ကျူးကျော်တွေကို ရွှေပေါက္ကံ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့၊ ဒဂုံတောင် စတဲ့မြို့နယ်တွေ အတွင်းမှာ မြေနေရာတွေ ချထားပေးဖို့ တိုင်းအစိုးရကစီစဉ်နေတာဖြစ်ပြီး အကျယ်အဝန်းနဲ့ တည်နေရာကိုတော့ တိတိပပ ထုတ်ပြောတာ မရှိသေးပါဘူး။

ရန်ကုန်တိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ကျူးကျော်အိမ်ထောင်စု ၁သိန်းခွဲလောက်ကို ကျူးကျော်သက်သေခံ စမတ်ကဒ်ထုတ်ပေးထားပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ကျူးကျော်အရေအတွက်က ၄ သိန်းခွဲလောက် ရှိတယ်လို့ တိုင်းအစိုးရ ပြောထားပါတယ်။

ဦးဖြိုးမင်းသိန်းက သူဝန်ကြီးချုပ်ဖြစ်လာတဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကျူးကျော်ကိစ္စကို ဖြေရှင်းမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အခုချိန်ထိတော့ အကောင်ထည် ဖော်ဖြေရှင်းတာမရှိသေးပါဘူး။

အခုတော့ ဒီကိစ္စကို ပြန်ကိုင်တွယ်တော့မယ့်သဘော ပထမဆုံးထုတ်ဖော်ပြောတာပါ။

အိုးအိမ်ဌာနရဲ့ ဒုညွှန်ချုပ် ဒေါ်မီမီတင်ကတော့ အခုအစီအစဉ်အရ မြေကွက်ရရှိတဲ့ ကျူးကျော်တွေဟာ အဆောက် အဦးဆောက်ကို ကိုယ်ပိုင်ငွေနဲ့ ဆောက်ကြရမှာဖြစ်ပြီး လိုအပ်တဲ့ချေးငွေအတွက်ကိုလည်း တိုင်းအစိုးရက အသေးစားငွေချေး လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း နေစရာမရှိလို့ကျူးကျော်နေသူတွေကို လက်ခံနားလည်ပြီး အစိုးရအနေနဲ့ဖြေရှင်းပေးဖို့တာဝန်ရှိပေမယ့် ကျူးကျော်တာကလည်း တရားဥပဒေ ကိုချိုးဖောက်ရာရောက်တာပဲလို့ မကွေး ခရီးစဉ်အတွင်း ကျူးကျော်တွေနဲ့ ပက်သက်ပြီး မေးမြန်းလာတဲ့ အပေါ်ဖြေကြားခဲ့ပါတယ်။

(၂) ရခိုင်တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို အများအပြား ထွက်ပြေးတိမ်းရှောင်လာကြ

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ရသေ့တောင်မြို့ပေါ်ရောက်လာတဲ့ စစ်ဘေးရှောင်များ

ရခိုင်ပြည်နယ်မှာ လနဲ့ချီကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ စစ်တွေမြို့ပေါ်အထိတောင် ထွက်ပြေးခိုလှုံနေကြရတာ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာ အနီးအနားရွာတွေက ဒေသခံတွေဟာ ထွက်ပြေးနေကြရပြီး စစ်တွေမြို့ပေါ်ကို လူ ၁၀၀ ကျော်၊ ရသေ့တောင်မြို့ပေါ်ကို လူ ၁ ထောင်နီးပါးလောက် ခိုလှုံရောက်ရှိနေကြတယ်လို့ ရသေ့တောင်မြို့မှာ စစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သာခင်က ပြောပါတယ်။

စစ်တွေမြို့ပေါ်ကို ရောက်လာသူတွေကိုတော့ ကိုယ့်ဒေသကို ပြန်ဖို့နဲ့ ဘုန်းကြီးကျောင်းတွေမှာ လက်ခံမထားဖို့ စစ်တွေခရိုင်ဒုဦးစီးမှူး လာရောက်လျှောက်ထားတယ်လို့ မြို့မကျောင်းဆရာတော်က ပြောပါတယ်။

ဘူးသီးတောင်နဲ့ ရသေ့တောင်မှာ ကယ်ဆယ်ရေးစခန်းရှိနေတာကြောင့် အဲ့ဒီမှာ ပြန်နေကြဖို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

စစ်တွေမြို့မကျောင်းမှာ ခိုလှုံရောက်ရှိနေတဲ့ စည်တောင်ရွာက အမျိုးသမီးတစ်ဦးကတော့ သူတို့အနေနဲ့ လတ်တလောမှာ ရွာကိုပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

အခုလို ကျေးရွာသားတွေ ထွက်ပြေးခိုလှုံနေကြတာဟာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ၂ ခုတည်းက မဟုတ်ဘဲ ကျောက်တော်၊ ပုဏ္ဍကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာဖြစ်နေပြီး လယ်ယာအလုပ်လုပ်မယ့်သူတွေမရှိလို့ အခုနှစ် ရခိုင်ပြည်နယ်ရဲ့ လယ်ယာစိုက်ပျိုးရေးဟာ အကြီးအကျယ် ထိခိုက်မယ့် အနေအထားမှာ ရှိနေပါတယ်။

(၃) ရခိုင်တိုက်ပွဲတွေကြောင့် ပလက်ဝမှာ ဆန်ပြတ်လပ်မှုနဲ့ကြုံ

ဓာတ်ပုံ မူပိုင် Hkawn San
Image caption ပလက်ဝက စစ်ရှောင်စခန်းတစ်ခု

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမှာ ဆန်တွေတင်သွင်းဝယ်ယူရာမှာ အာဏာပိုင်တွေက ကန့်သတ်တားမြစ်တာတွေ ရှိနေလို့ ဆန်ဈေး ၂ ဆနီးပါး ဈေးတက်လာပြီး၊ ဝယ်လို့ မရတဲ့အထိ ဆန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ဆီကို ဆန်ရိက္ခာမရောက်စေဖို့ တပ်မတော်နဲ့ ပြည်နယ်အာဏာပိုင်တွေက တားမြစ်လို့ ဆန်တွေ ပြတ်လတ်လာရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီလိုတားမြစ်မှုတွေကြောင့် ပလက်ဝမြို့မှာ ဧပြီလကုန်ပိုင်းကစပြီး ဆန်ဝယ်ရာမှာ ဈေးကြီးပြီး ဝယ်လို့တောင် မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပလက်ဝမြို့ခံ ကျောင်းဆရာမ ဒေါ်ကိုးဆက်က ပြောပါတယ်။

ရခိုင်တိုက်ပွဲတွေက ပလက်ဝက ကျေးရွာတချို့မှာပါ ဖြစ်ပွားနေတာပါ။ လက်ရှိမှာ ကျေးရွာတွေက စစ်ဘေးရှောင်တွေကို ပလက်ဝမြို့မှာ စခန်းဖွင့် ကူညီစောင်ရှောက်ရနေရပြီး လက်ရှိအခြေအနေအရ စစ်ရှောင်ဒုက္ခသည်တွေအတွက်ပါ ဆန်ရိက္ခာ ပြတ်လပ်မှာ ပူပန်နေရတာ်လို့ ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဟိုတယ်

(၄)ပါကစ္စတန်နိုင်ငံ၊ ဘာလူချီစတန်ခရိုင်မှာရှိတဲ့ ဂွာရာဆိပ်ကမ်းမြို့က ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Pearl-Continental ဟိုတယ်ကို စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်က အဆုံးသတ်သွားပြီလို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

တိုက်ခိုက်တဲ့ စစ်သွေးကြွ ၃ ဦးစလုံး သေဆုံးသွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုဖြစ်တဲ့အချိန် ဟိုတယ်ထဲမှာ လူအနည်းငယ်သာ ရှိတယ်လို့ ဟိုတယ်ပြောခွင့်ရက ပြောပါတယ်။

ခွဲထွက်ရေးစစ်သွေးကြွအဖွဲ့ ဘာလူချီစတန်လွတ်မြောက်ရေးတပ်က တရုတ်နဲ့ နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူတွေကို ပစ်မှတ်ထားပြီး သူတို့တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ပိုးလမ်းမစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တစိတ်တပိုင်းအနေနဲ့ တရုတ်က ဆိပ်ကမ်းမြို့ကို ဖွံဖြိုးတိုးတက်အောင် ဒေါ်လာဘီလီယံနဲ့ချီ အသုံးပြုဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီအစီစဉ်က ဒေသခံတွေအတွက် အကျိုးအမြတ်နည်းတယ်ဆိုပြီး ပါကစ္စတန်မှာရှိတဲ့ တချို့အဖွဲ့တွေက ကန့်ကွက်နေပါတယ်။