သစ်လိုအပ်ချက်အရ ပြည်ပကနေ သစ်အလုံးလိုက် တင်သွင်း

သစ်တောဦးစီးဌာနဟာ ဒီနှစ်အတွက် သစ်ထုတ်လုပ်ခွင့်ကို ရာခိုင်နှုန်း အကန့်အသတ်နဲ့ လျှော့ချ ဓာတ်ပုံ မူပိုင် Forest Department
Image caption သစ်တောဦးစီးဌာနဟာ ဒီနှစ်အတွက် သစ်ထုတ်လုပ်ခွင့်ကို ရာခိုင်နှုန်း အကန့်အသတ်နဲ့ လျှော့ချ

မြန်မာနိုင်ငံဟာ သစ်တောတွေ ပြုန်းတီးလာပြီးတဲ့နောက် သစ်ထုတ်လုပ်ခွင့်ကို ရာခိုင်နှုန်း အကန့်အသတ်နဲ့ လျှော့ချလိုက်တဲ့အတွက် သစ်လိုအပ်ချက်အရ ပြည်ပကနေ စတင် တင်သွင်းခဲ့ပါတယ်။

သစ်တောဦးစီးဌာနဟာ ဒီနှစ်အတွက် သစ်ထုတ်လုပ်ခွင့် အနေနဲ့ ကျွန်းသစ်ကို တန် တစ်သောင်းခွဲ နဲ့ သစ်မာကို တန် တစ်သိန်းခွဲသာ ထုတ်ယူခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပကနေ သစ်အလုံးလိုက် တင်သွင်းတာကို ပထမဆုံး အနေနဲ့ အာဖရိကတိုက် ကွန်ဂိုနိုင်ငံကနေ တန်ချိန် ၆၀ နီးပါးခန့်ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jewellery Teak Timber JTT ကုမ္ပဏီကနေ တင်သွင်းခဲ့ပါတယ်။

ပြည်တွင်း သစ်သုံးစွဲမှုကို လျှော့ချနိုင်ဖို့ အတွက် ပြည်ပကနေ သစ်တင်သွင်းတာကို ၂၀၁၄ - ၂၀၁၅ ခုနှစ် ကတည်းက ခွင့်ပြုပေးထားခဲ့တာ ဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင်နဲ့ သစ်တောကဏ္ဍ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

မူဝါဒနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံက တင်သွင်းတဲ့ သစ်တွေဟာ မြန်မာနိုင်ငံက မျိုးရင်းနဲ့ မတူရင် ခွင့်ပြုမှာ ဖြစ်ပြီး ဒါမှသာ ပြည်ပကို ပြန်တင်ပို့ရင် မူရင်းသယံဇာတတွေ အပြင်မထွက်မှာ ဖြစ်တယ်လို့ ဦးကျော်ဇောက ဆိုပါတယ်။

ပြည်ပကနေ သစ်တင်သွင်းတာကို ခွင့်ပြုထားခဲ့ပေမယ့်လည်း သစ်ခွဲသား အနည်းငယ် တင်သွင်းတာမျိုးသာ ရှိခဲ့ပြီး သစ်အလုံးလိုက် တင်သွင်းတာကတော့ ဒါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သစ်လုံးတွေကို ပြည်ပကနေ ပြန်လည်တင်သွင်းပြီး သုံးစွဲတဲ့အတွက် ပြည်တွင်းက သဘာဝသစ်တော အသုံးချမှုတွေကို လျှော့ချနိုင်တဲ့ ကောင်းကျိုးရလာနိုင်ပေမယ့်လည်း အခုလိုတင်သွင်းရာမှာ ပေးဆောင်ရတဲ့ အခွန်အခဟာ ၂၇ ရာခိုင်နှုန်း အထိ ရှိနေတာကတော့ အတားအဆီး တစ်ခု ဖြစ်နေတယ်လို့လည်း Jewellery Teak Timber ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းချီက ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ