ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးထားတဲ့ ဆုထူးစံ ဝန်ထမ်း၈ဦး အသက်ရှင်လျက်ရှိနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် WWW.CINCDS.GOV.MM
Image caption တပ်မတော်က ထုတ်ပြန်တဲ့ အခင်းဖြစ်ရာပြ မြေပုံ

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးထားတဲ့ ဆုထူးစံ ဝန်ထမ်း၈ဦး အသက်ရှင်ရက်ရှိနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထဲက တွင်းကင်းအလောင်းရွာမှာ ဆုထူးစံ ကုမ္ပဏီဝန်ထမ်းတွေ လမ်းလုပ်ငန်း ဆောင်ရွက်နေစဉ် မတ်လ ၃၀ ရက်နေ့က အင်အား ၁၇၀နီးပါးရှိတဲ့ ရက္ခိုင့်တပ်(AA) က ဝန်ထမ်း ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဝန်ထမ်း ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ယနေ့အချိန်အထိ ၈ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ဒီလူ ၈ ယောက်ရဲ့ နောက်ဆုံးအခြေအနေကို ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ ရက္ခိုင့်တပ် အေအေရဲ့ ပြောရေးဆိုခွင့်ရသူ ခိုင်သုခက ဒီလူတွေကို ကောင်းမွန်စွာ ထားရှိကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိပေမယ့် လတ်တလော တိုက်ပွဲတွေနဲ့ တခြားအခက်အခဲတွေကြောင့် ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ် အကြားမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့သလို တခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာတွေ ရှိတဲ့အတွက် နယ်စပ်ကနေ တဆင့် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရေးက အန္တရာယ်များတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပူးပေါင်းကော်မတီ ဖွဲ့ဖို့ အရေးကြီးအဆိုကို မတ်တပ် ထရပ်ပြီးကန့်ကွက်ခဲ့ကြ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းကို ထည့်သွင်းဆွေးနွေးဖို့ဆုံးဖြတ်

ကြံခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရဲ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ မေ၁၄ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၈၀ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲ ရရှိပြီး ပူးပေါင်းကော်မတီမှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို သီးခြားဆွေးနွေး ဆုံးဖြတ်ခြင်း မပြုဘဲ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ထည့်သွင်းဖို့အတွက် မဲခွဲဆုံးဖြတ်လိုက်တာပါ။

ကြံ့ခိုင်ရေး ပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ မှာ ပြဋ္ဌာန်း ထားတဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ခန့်အပ်တယ်ဆိုတဲ့ ပြဋ္ဌာန်း ချက်အစား သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်များက ရွေးချယ်ဖို့ ပြင်ဆင်ချက် ဥပဒေကြမ်းကို တင်ခဲ့ပါတယ်။

အခုလို မဲခွဲဆုံးဖြတ်တာနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဗဟို အလုပ်မှုဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က "ဖွဲ့စည်းပုံ အခြေခံဥပဒေကို စင်ပြိုင်တင်လာခဲ့ရင် လွှတ်တော်မှာဘယ်လိုလုပ်မလဲဆိုတဲ့ နည်းဥပဒေက မရှိဘူး၊ ဒါကြောင့် နဂိုကတည်းက ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ အပိုဒ်၈ ရဲ့ ပုဒ်မခွဲ မှာ အခုရှိနေပြီး နည်းဥပဒေအတိုင်းဆောင်ရွက်လို့ မရဘူး ခက်နေတယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး နာယကက လွှတ်တော် အဆုံးအဖြတ်ကို ရယူမယ်လို့ ပါထားပါတယ်" လို့ ဆိုပါတယ်။

မဲခွဲ မဆုံးဖြတ်ခင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးဖို့ စကားပြော အသံချဲ့စက်မိုက် တောင်းခဲ့ပေမယ့် လွှတ်တော် နာယကက ခွင့်မပြုခဲ့ပါဘူး။

အခုလို မဲခွဲဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ တပ်မတော်သား အစုအဖွဲ့က ဗိုလ်မှူးချုပ် မောင်မောင်က ရောပီတင်မယ်ဆိုတာက မတူတဲ့ သဘောသဘာ၀ နှစ်ခုကို တူပါတယ်လို့ အတင်းဆွဲပြီး လုပ်နေတာဖြစ်တဲ့ အပြင် ဒီလွှတ်တော်ဆိုင်ရာ ဥပဒေတွေကို လိုသလိုစွဲယူလုပ်တယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးရေးကို အားနည်းလာပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အနှောက်အယှက်ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီး ဖြစ်တဲ့အတွက် ကြံ့ခိုင်ရေး ပါတီက တင်သွင်းတဲ့ ၂၆၁ ပုဒ်မ ပြင်ဆင်ရေး ဥပဒေကြမ်းဟာ သီးခြားဆွေးနွေးစရာ မလိုအပ်တော့ပါဘူး။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးနဲ့ ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကို ရေးဆွဲဖို့ ဆွေးနွေးမှုတွေ လုပ်နေပြီး အဲဒီကော်မတီက ဥပဒေကြမ်း တင်လာတဲ့အခါမှသာ ပုဒ်မ ၂၆၁ ကိစ္စကို ဆွေးနွေးတော့မှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန်နဲ့ ရုရှားကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစု Kurils Islands

အငြင်းပွားနေတဲ့ ကျွန်းစုကို စစ်တိုက်ပြီး ပြန်သိမ်းဖို့ပြောသူ လွှတ်တော်အမတ် ပါတီက ထုတ်ခံရ

ဂျပန်နဲ့ ရုရှားကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေကို ပြန်ရဖို့ဆိုရင် ရုရှားကို စစ်တိုက်ပြီး ပြန်သိမ်းရမယ့် တစ်နည်းပဲ ရှိတယ်လို့ ပြောလိုက်တဲ့ ဂျပန်လွှတ်တော် အမတ်တစ်ယောက်ကို ပါတီကနေ အထုတ်ခံလိုက်ရပါတယ်။

လွှတ်တော်အမတ် ဟိုဒါခါ မာရုယာမဟာ အဲဒီအငြင်းပွားကျွန်းတွေကို သွားရောက်လည်ပတ်ချိန် အရက်မူးပြီး အခုလို ပြောခဲ့တယ်လို့ ယူဆရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
japan flood

ဂျပန်လက်ယာဝါဒီ ဆန်းသစ်မှု ပါတီအမတ်က သူဟာ မြောက်ပိုင်းနယ်မြေတွေလို့ ခေါ်ပြီး ခူလီကျွန်းစုတွေလို့ လူသိများတဲ့ ဒီကျွန်းစုတွေကို ရုရှားဆီကနေ အင်အားသုံးယူမယ်ဆိုရင် ထောက်ခံမယ်လို့ ပြောခဲ့တာပါ။ အဲဒီကျွန်းစုတွေကို ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ရုက်ရှားက ထိန်းချုပ်ထားတာပါ။

ဂျပန်နဲ့ ရုရှား တို့ဟာ ဒီကျွန်းစုတွေပိုင်ဆိုင်မှု အငြင်းပွားမှုအဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေကြဆဲဖြစ်ပါတယ်။

ဆူဒန်မှာ စစ်ကောင်စီကနေ အရပ်သားအုပ်ချုပ်ရေးအတွက် အသွင်ကူးပြောင်းကာလ ၃နှစ်ထား

ဆူဒန်နိုင်ငံမှာတော့ လက်ရှိမှာ နိုင်ငံအာဏာကို ရယူထားတဲ့ စစ်ကောင်စီဟာ အရပ်သားအုပ်ချုပ်ရေး လွှဲပြောင်းဖို့ အသွင်ကူးပြောင်းရေးကာလကို သုံးနှစ်ထားဖို့ အတိုက်အခံတွေနဲ့ သဘောတူညီချက် ရရှိပြီလို့ ကြေညာလိုက်ပါတယ်။

အတိုက်အခံညွှန်ပေါင်းအဖွဲ့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ယက်ဆာ အယ်လ်အတ်တာက ဥပဒေပြုကောင်စီမျာ အတိုက်အခံ ညွန့်ပေါင်းဟာ သုံးပုံ။ နှစ်ပုံ နေရာရမယ်လို့ ပြောပါတယ်။

နောက်ဆုံး သဘောတူညီချက်ကိုတော့ ၂၄ နာရီအတွင်း လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဆူဒန်နိုင်ငံမှာ နိုင်ငံကို ကာလရှည် အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ်ဘာရှီယာ ဆင်းပေးရေး လချီ ဆန္ဒပြပွဲပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတကို စစ်တပ်က ပြီးခဲ့တဲ့လတုန်းက ဖြုတ်ချခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆန္ဒပြသူတွေက စစ်ကောင်စီအနေနဲ့ အရပ်သားလက်ထဲ အာဏာပြန်လွှဲပေးဖို့ တောင်းဆိုနေခဲ့ကြတာပါ။

ဆက်စပ် အကြောင်းအရာများ